Monday, October 1, 2012
သတ္တုကြိုးတစ်မျှင်...နူးညံ့ခိုင်မြဲစွာ
မြို့ ကလေးက အရမ်းကို အေးချမ်းတိတ်ဆိတ်နေတယ်။ ကျွန်တော့်ကို မေမေ မွေးခဲ့တုန်းက ဒီလို ဆောင်းနံနက်ခင်း နှင်းဖွဲဖွဲကျနေတဲ့ အချိန် ဒီမြို့ ကလေးရဲ့ တိုက်နယ်ဆေးရုံလေးမှာပေါ့။ မေမေဟာ သူတစ်ယောက်တည်းရဲ့ အားနဲ့ ကျွန်တော့်ကို လူ့ လောကကြီးထဲ ခေါ်ဆောင်လာခဲ့သူပါ။ ကျွန်တော့်ကို ကိုယ်ဝန်ရှိနေပြီဆိုတဲ့ သတင်းကိုတောင် ဖေဖေ့ဆီ မေမေကြေးနန်းနဲ့ လှမ်းပြောခိုင်းခဲ့ရတာ..။ ဒါကို မသိခင် ၁ ပတ်ကလေးကတင် ဖေဖေရှေ့ တန်းစစ်မြေပြင်ကို ထွက်သွားခဲ့ရတာတဲ့လေ။ မေမေက ဒီအကြောင်းတွေကို ကျွန်တော် သိတတ်တဲ့ အရွယ်မှာ ပြန်ပြောပြခဲ့တာပါ။ အဲဒီတုန်းက မေမေ့ ပါးပြင်မှာ မျက်ရည်စတွေ စိုစွတ်နေပေမယ့် မေမေရဲ့ မျက်ဝန်းတွေက အရမ်းကို အရောင်ကင်းမဲ့ စွာ တည်ငြိမ်နေခဲ့တာကို ကျွန်တော် သတိထားမိခဲ့တာပေါ့။ မေမေက အဲဒီကတည်းက စိတ်ဓါတ်သိပ်ခိုင်မာတဲ့ အမျိုးသမီးတစ်ယောက်အဖြစ်၊ ကျွန်တော့်အတွက် စံပြမိခင်တစ်ယောက်အဖြစ်၊ ကျွန်တော်လေးစား အားကိုးရတဲ့ မိခင်တစ်ယောက် အဖြစ် အဲဒီမြို့ ကလေးမှာ ရှင်သန်ရစ်နေခဲ့တယ်။ ခုတော့ မေမေ အငြိမ်းစားယူပြီး နောက် အဲဒီမြို့ ကလေးမှာပဲ ဘော်ဒါဆောင်တစ်ခုကို ကိုယ်တိုင်အုပ်ချုပ်ရင်း သူနှစ်သက်တဲ့ စာသင်ကြားခြင်းအလုပ်ကို လုပ်နေတုန်း။ ကျွန်တော်ကလည်း မေမေ့သွေးတွေနဲ့ လူဖြစ်လာပြီး မေမေလို့ ပဲ ဆရာအလုပ်ကို ရွေးချယ်ခဲ့တယ်။ မေမေကတော့ ကျွန်တော် ၁၀ တန်းအောင်တုန်းက စစ်တက္ကသိုလ် တက်ချင်လား သား လို့ မေးဖူးတာ တစ်ခုလောက်သာ ဖေဖေနဲ့ ပတ်သတ်တဲ့ မေမေရဲ့ မေးခွန်းအဖြစ် ကျွန်တော် မှတ်မိနေသေးတယ်။ ဟင့်အင်းမေမေ ဆိုတာထက်ပိုပြီး ကျွန်တော် ဘာမှပို မပြောဖြစ်ခဲ့ဘူး။ ဘ၀ခရီးမှာ အတိတ်ကို အမြဲတမ်းသယ်ဆောင်မသွားဖို့ မေမေ ကျွန်တော့်ကို ငယ်ငယ်ကတည်းက ဆုံးမခဲ့ဖူးတာပဲ။ ကျွန်တော်ဟာ မေမေလိုပဲ စိတ်ဓါတ်ခိုင်မာတဲ့ သားတစ်ယောက်ဖြစ်စေရမယ်လို့ မေမေ တီးတိုးရေရွတ်ပြီး ကျွန်တော့်ရဲ့ စိတ်ဓါတ်ခွန်အားတွေကိုလည်း မေမေပဲ ဖန်ဆင်းပေးခဲ့တာ မဟုတ်လား။
ကျွန်တော့် အိမ်ကလေးဆီကို လမ်းလျှောက်ပြန်နေတဲ့ အချိန်လေးမှာ အတွေးတွေဝင်နေတာနဲ့ သူ့ ကိုတောင် မေ့သွားခဲ့တယ်။ မနက် ၅ နာရီလောက်ကို မြို့ ကလေးရဲ့ အ၀င် ဘီအိုစီ ဂိတ်ဟောင်းမှာ ကျွန်တော်တို့ ဆင်းပြီး လမ်းလျှောက်လာခဲ့ကြတာ။ အိမ်ကို နည်းနည်းတော့ လှမ်းပေမယ့် မေမေ့ ကို လာမကြိုဖို့ ကျွန်တော်ပြောထားခဲ့တာ။ ကျွန်တော်   မေမေ့ဆီကို   ပြန်လာတိုင်း   မြို့ ကလေးရဲ့   လမ်းမတန်းကို ဖြတ်ပြိးတော့ ကျွန်တော့်အိမ်ကလေးဆီကို လမ်းလျှောက်သွားရတာကို အရမ်းနှစ်သက်ခဲ့တာ။
" ဦးငယ်....မရောက်သေးဘူးလားဗျ။ ကျွန်တော် မောနေပြီ။ ချမ်းလည်း အရမ်းချမ်းနေပြီ။ ဦးငယ် အိတ်ကြီးကလည်း လေးတယ်"
ဟုတ်သားပဲ ကျွန်တော်ကသာ အတွေးတွေနဲ့ ကိုယ့်မြို့ ကလေးကို ပြန်လာရလို့ တက်ကြွပြီး ရှေ့ ကနေ လျှောက်နေလိုက်တာ သူ့ ကို ကြည့်မိတော့ ကျွန်တော့် ခရီးဆောင် အိတ်ကြီးက တစ်ဖက်၊ သူ့ အ၀တ်အစား ကျောပိုးအိတ်ကြီးကိုလည်း လွယ်ပြီး မေမေတို့ အတွက် ၀ယ်လာတဲ့ J Donus မုန့် တွေထည့်ထားတဲ့ လက်ဆွဲအိတ်ကြီးက တစ်ဖက်နဲ့ မျက်နှာက အတော်လေးရှုံ့ တွလို့ နေပါတယ်။ တောင်ပေါ်ဆောင်းရဲ့ အအေးကိုလည်း တခါမှ မထိတွေ့ ဖူးတော့ မေးက တဂတ်ဂတ်ရိုက်နေတယ်။ ကျွန်တော် အတော်လေးရယ်ချင်သွားတယ်။ သူ့ လက်ထဲက အိတ်တွေအကုန်လုံး ယူသယ်ပြီးတာတောင်မှ သူ့ ခြေလှမ်းတွေက တုံ့ နှေးနေတုန်း။
"လာပါကွာ ရောက်တော့မှာပါကွ။ မြေနီလမ်းကလေးကို လှမ်းမြင်နေရပြီ။ လာ.....လေကို တ၀ကြီးရှုကြည့်စမ်းကွာ...ဒီလိုမျိုး မင်းတို့ ရဲ့ မဟာ ရန်ကုန်မြို့ ကြီးမှာ ဘယ်တော့မှ မရနိုင်ဘူးကွ။ ဘယ်လောက် လတ်ဆတ်သန့် ရှင်းလိုက်သလဲလို့ ။ "
ပြောပြော ဆိုဆို မျက်နှာကို မော့ပြီး အေးစိမ့်နေတဲ့ လေတွေကို အဆုတ်ထဲ ရောက်သွားတဲ့ အထိ တ၀ကြီးရှုသွင်းလိုက်တယ်။ သူကလည်း ကျွန်တော်လုပ်သလို လိုက်လုပ်ပါတယ်။ ပြီးတော့ အနည်းငယ် လန်းဆန်းတက်ကြွလာပုံနဲ့ ကျွန်တော့်နောက်ကို အပြေးလိုက်လာခဲ့တယ်။
အိမ်ရောက်တော့ အိမ်ရှေ့ အ၀င်က ခွာညိုပန်းရုံလေး အောက်က ခုံတန်းရှည်လေးမှာ မေမေထိုင်စောင့်နေပါတယ်။ မေမေ က ကျွန်တော့်ကို တွေ့ တော့ လှမ်းပြုံးပြတယ်။ မေမေအပြုံးက အမြဲ အေးချမ်းတယ်။ ဒါပေမယ့် ဘယ်လောက်ပျော်စရာရှိရှိ မေမေ အားရပါးရ ရယ်လိုက်တယ်လို့ မတွေ့ ဖူးဘူး။ မေမေက အရာရာကို ထိန်းထိန်းသိမ်းသိမ်းနဲ့ အိနြေ္ဒကြီးစွာနေတတ်ပေမယ့် ကျွန်တော်မေမေ့ မျက်လုံးတွေကို ဖတ်တတ်ပါတယ်။ မေမေ့ နုတ်ခမ်းက အပြုံးထက် မေမေ့ မျက်ဝန်းက အပြုံးကို သားတစ်ယောက်ဖြစ်တဲ့ ကျွန်တော် သိပ်သိတာပေါ့ ။ ကထိက ရာထူးတက်ပြီးကတည်းက မေမေ့ဆီပြန်မရောက်ဖြစ်တာ မေမေ ကျွန်တော့်ကို ဘယ်လောက်ထိ လွမ်းနေမလဲ ကျွန်တော်သိတာပေါ့လေ။
အိမ်ထဲရောက်တော့ အတော်လေး နွေးထွေးသွားတယ်။ မီးလင်းဖိုလေးက မီးခိုးနံ့ လေးတွေက ကျွန်တော့်ငယ်ဘ၀ကို ပြန်လွမ်းဆွတ်မိအောင်  လာရောက်လှုံ့ ဆော်နေကြတယ်။ မေမေက သူ့ တပည့်မလေး တစ်ယောက်ကို နွားနို့ ယူလာပေးဖို့ ပြောလိုက်တယ်။ ခဏနေတော့ နွားနို့ ပူပူလေး နှစ်ခွက်ယူပြီး အဲဒီမိန်းကလေး ပြန်ထွက်လာတယ်။ ကျွန်တော် သူ့ မျက်နှာကို ခုမှ သတိထားပြီးကြည့်မိတော့တယ်။
" ညို မဟုတ်လား" သူ့ အပြုံးကို မြင်လိုက်တော့ မှ သူ့ ငယ်ရုပ်ကလေးက ပိုပေါ်လာတယ်။ ဟုတ်ပါတယ် ညိုလေးသွယ် ပါလေ။ ဒီမိန်းကလေး ဒီအရွယ်တောင်ရောက်နေပြီပဲ။ ကျွန်တော် သိခဲ့တဲ့ ညိုက ၁၀ တန်းတုန်းက ကျွန်တော်စာသင်ပေးနေတဲ့ ချာတိတ်မလေး။ သနပ်ခါးပါးကွက်ကလေးနဲ့ ဆံပင်တိုကလေးနဲ့ ကလေးမလေးပဲ။ သူ ၁၀တန်းအောင်ပြီး မန္တလေးမှာ ဆေးကျောင်းတက်ဖို့ သွားလိုက်တယ် ဆိုကတည်းက ကျွန်တော်နဲ့ ပြန်မဆုံဖြစ်ကြတာ။
" သား..ညိုက ခု တောင်ကြီး စ၀်စံထွန်းဆေးရုံ မှာ တာဝန်ကျတယ်လေ။ အားလပ်ရပ်ဆို ပြန်လာပြီး မေမေနဲ့ အဖော်လာလုပ်ပေးတယ် သားရဲ့ ...သားညီမလေးက ဆရာဝန်မကြီးဆိုတော့ မေမေ့ ကျန်းမာရေး အတွက် အားကိုးနေရတာပေါ့ "
မေမေက ညို့ ရဲ့ ညိုစိမ့်စိမ့် မျက်နှာကလေးကို မော့ကြည့်ုပြီး ကျွန်တော့်ကို ပြောပြနေတယ်။ အို ဟုတ်သားပဲ ခုမှာ ကျွန်တော်လည်း သူ နဲ့ မေမေတို့ ကို မိတ်ဆက်ပေးဖို့ သတိရတော့တယ်။
"မေမေ...မိတ်ဆက်ပေးရဦးမယ်...ဒါသားရဲ့ တပည့်လေးလို့ ပြောလို့ လည်းရတယ်။ ဒသနိက ဘာသာသင်တဲ့ ကျူတာ တစ်ယောက်ပဲ မေမေ။ သားတို့ အဆောင်မှာ အခန်းဖော်ပေါ့ ။ နောက်တစ်ယောက်ကတော့ သူ့ နယ်ပြန်သွားလို့ မလိုက်လာနိုင်ဘူး။ ခန့် ညီကတော့ မိဘတွေကတော့ အမေရိကားမှာ မေမေရေ။ သူက လိုက်သွားလို့ လဲမရတော့ ဒီမှာ တစ်ယောက်တည်း ကျန်ရစ်နေတာ။ အဆောင်မှာပဲ လာနေတယ်လေ။ ညို သူ့ နာမည်က ခန့် ညီမောင်  တဲ့ "
ညို က သူ့ ကို ကြည့်ပြီး ခေါင်းကလေး ညိတ်လို့ ပြုံးပြလိုယ်တယ်။
" အော် သားမိဘတွေက ပြန်မလာကြဘူးလားကွယ်။ မိဘတွေ သက်ရှိထင်ရှားရှိနေရက်နဲ့ ဘာလို့ တကွဲတပြားဖြစ်နေကြရတာလည်း သားရယ်။ အန်တီ စိတ်မကောင်းပါဘူး " မေမေက တွေးတွေးဆဆပြောတယ်။ အမေတစ်ခု သားတစ်ခု နဲ့ မိသားတစ်စု ဖြစ်နေရတဲ့ ကျွန်တော်တို့ အနေအထားကို မေမေတန်ဖိုးထားသလို မိသားစုဆိုတဲ့ နွေးထွေးမှုကို မေမေက အပြည့်အ၀ ကျွန်တော့်ကို မပေးနိုင်ခဲ့ဘူးလို့ တခါတခါ ပြောတတ်ပြန်တယ်။ ဒါပေမယ့် ဖခင်တစ်ယောက်မရှိပဲ ကျွန်တော့်ကို သားကောင်းတစ်ယောက်ဖြစ်စေဖို့ မေမေကြိုးစားခဲ့တယ် ဆိုတဲ့ စကားကို ကျွန်တော် အသိဆုံးပါမေမေရယ်။ သူကလည်း မေမေ့ အမေးကို ဘာမှပြန်မဖြေပဲ နွားနို့ ခွက်ကိုသာ ငုံ့ ကြည့်နေတဲ့ သူ့ မျက်နှာကို ကျွန်တော်ရော မေမေပါ စိတ်မကောင်းစွာနဲ့ ကြည့်နေမိတယ်။
" ကိုမောင် က ဒသနိက ဘာသာရပ်ကို သင်တာဆိုတော့ ညို့ အတွက်ဝမ်းသာစရာပဲ။ ညိုက စိတ်ပညာကို သိပ်စိတ်ဝင်စားတာ။ ကိုမောင့်ကို ညို မေးခွန်းတွေ အများကြီးမေးမယ်နော် "
ညိုက ကလေးတုန်းက အတိုင်း မပြောင်းလဲပါဘူး။ ရိုးသားပွင့်လင်းတယ်။ သွက်လက်ချက်ချာတယ်။ ပြီးတော့ ညိုဟာ သိပ်မိန်းကလေး မဆန်လှဘူးလို့ ကျွန်တော်ထင်တယ်။ ညို့ စကားကြောင့် ကျွန်တော်တို့ စကားဝိုင်းလေး ပြန်လည် အသက်ဝင်လာတယ်။ မေမေ က ကျွန်တော်ပြန်ရောက်တုန်း ပဉ္စင်းတက်ဖို့ မေမေစီစဉ်ထားတဲ့ အစီအစဉ်တွေကို တစ်ခုပြီးတစ်ခု ပြောပြနေချိန်မှာ ညိုနဲ့ ခန့် ညီတို့ နှစ်ယောက်လည်း စကားတွေဖောင်ဖွဲ့ နေလေရဲ့ ။ ခုလို ကျွန်တော့် မိသားစုလေးနဲ့ သူ ရင်းနှီးကျွမ်းဝင်သွားဖို့ ဆိုတာ အစကတည်းက ကျွန်တော် သံသယ မရှိခဲ့ပါဘူးလေ။ ခန့် ညီမောင်  ဆိုတာ ကျောင်းမှာလည်း Public Relationship Officer တာဝန်ကို အများရဲ့ မဲဆန္ဒနဲ့ နေရာ ရခဲ့တဲ့ သူပဲ။ သူက ဘယ်သူနဲ့ မဆို လိုက်လျော ညီထွေနေတတ်တယ်။ ဖြူဖွေးနေတဲ့ သူ့ အသားအရောင်နဲ့ အနည်းငယ် ရစ်ခွေနေတဲ့ သူ့ ဆံပင်တွေ၊ နောက် သူ့ ရဲ့ စူးရှတဲ့ မျက်လုံးတွေက သူ့ ကို ချစ်သူခင်သူပေါများအောင် စွမ်းဆောင်ပေးနေလေရဲ့ ။ ညိုနဲ့ စကားပြောနေရင်း ကျွန်တော့်ကို တစ်ချက်ကြည့်ပြီး လှမ်းပြုံးပြတယ်။ သူလည်း ပျော်နေတဲ့ပုံပဲ။
တစ်ည လုံးကားစီးလာရပေမယ့် ကျွန်တော် ပြန်မအိပ်နေချင်ဘူး။ အချိန်အတော်ကြာမှာ ပြန်ရောက်ရှိလာခဲ့ရတဲ့ ကျွန်တော့်မြို့ ကလေးမှာ ကျွန်တော်နဲ့ အတူ ကြီးပြင်းလာခဲ့ရတဲ့ သက်ရှိသက်မဲ့ အရာတွေ အကုန်လုံးကို ကျွန်တော် သိပ်တွေ့ ချင်နေတယ်။ ငယ်ငယ်ကလေးဘ၀က မေမေ့လက်ကိုဆွဲပြီး သွားခဲ့ရတဲ့ ကုန်းမြင့်ပေါ်က အထက်တန်းကျောင်းလေး ဘာတွေ ပြောင်းလဲ နေလဲ၊ သူငယ်ချင်းတွေ ဘယ်သူတွေ အိမ်ထောင်ကျလို့ ဘယ်သူတွေ ဘာတာဝန်ထမ်းရွက်နေကြပြီလဲ၊ ကျွန်တော်စားနေကျ တို့ ဟူးနွေး ဆိုင်ကလေးရော ဘာတွေ ပြောင်းလဲသွားလည်း အရာရာသိချင်စိတ်တွေနဲ့ မေမေသိမ်းထားပေးတဲ့ စက်ဘီးကလေးကို ယူပြီး ကျွန်တော် မြို့ တစ်ပတ် ပတ်ဖို့ ထွက်လာခဲ့တယ်။ ညီခန့် တစ်ယောက်ကတော့ မေမေပြင်ပေးထားတဲ့ ရေနွေးအိတ် အိပ်ယာထဲ တိုးဝင်ခွေနေပြီမလို့ တစ်ယောက်တည်းပဲ ထွက်လာခဲ့တော့တယ်။
ကျွန်တော့်မှာ မြို့ ကလေးကို ပြောပြဖို့ စကားတွေ အများကြီးရှိနေတယ်လေ။ ကျွန်တော်ငယ်ငယ်လေး ကတည်းက အဲဒီတောင်ကုန်းထိပ်ကလေးပေါ်တက်ပြီး ထင်ရှူးပင်ကြီးတွေ ကြားမှာ ထိုင်လို့ မြို့ ကလေးကို ရင်ဖွင့်ခဲ့ရတာ။ မြို့ ကလေးဟာ ကျွန်တော့်အကြောင်းတွေ ကျွန်တော့်ခံစားချက်တွေကို အလုံးစုံသိတဲ့ ကျွန်တော့်ရဲ့ တစ်ဦးတည်းသော သက်မဲ့ အဖော်ပေါ့။ မြို့ ကလေးဟာ ကျွန်တော့်ကို နားလည်တယ်။ ထင်းရှူးပင်ကြီးတွေဟာ အမြဲတမ်းကျွန်တော့်ကို နှစ်သိမ့်အားပေးခဲ့တယ်။ ကျွန်တော်ဟာ သူတို့ ဆီရောက်သွားခဲ့ရင်တော့ အမြဲတမ်း ခံစားချက်တွေ နဲ့ လူငယ်လေးတစ်ယောက်အဖြစ်ပေါ့။ ခုလည်း ကျွန်တော် အဲဒီတောင်ကုန်းလေးဆီကို ပထမဆုံး ဦးတည်လိုက်တယ်။ မြို့ ကလေးရေ မင်းကို ငါ့ ဘ၀အစိတ်အပိုင်းတွေ အကြောင်း  ရင်ဖွင့်ဖို့ ရှိတယ်ကွာ။
ဒီနေ့ ညစာကို မေမေက ငါးထမင်းနယ် လုပ်ကျွေးပါတယ်။ ရန်ကုန်မြို့ မှာလည်း ရှမ်းရိုးရာ စားသောက်ဆိုင်တွေ အများကြီး၊ ဒါပေမယ့် ကိုယ့်ဒေသက လက်ရာ မေမေ့ လက်ရာကိုတော့ ဘယ်လိုမှ မမှီခဲ့တာပါလေ။ မေမေက ငါးထမင်းကို ငါးဖိမ်းဆိုတဲ့ ငါးနဲ့ ရှမ်းဆန်နဲ့ ရောပြီး ကြေနေအောင်ချေ၊ အလုံးကလေးတွေ လုပ်ပြီး ပန်းကန်ပြားထဲမှာ ငရုတ်သီးကြော်ရဲရဲလေး နှစ်တောင့် ၊ ဂျူးမြစ်ကလေးတွေ ဖြူဖြူဖွေးဖွေးနဲ့ ဆတ်သားခြောက်ဆီဆမ်းလေး ကို သူ့ နေရာနဲ့ သူတင်ထားပေမယ့် သိပ်အနုပညာ ဆန်တယ်လို့ ကျွန်တော်က ပြောဖူးတယ်။ ညိုက မေမေ့ ကို ကူညီပြီး မီးဖိုထဲမှာ လုပ်ကိုင်ပေးနေတယ်ထင်ပါရဲ့ ။ ညို့ အသံ စာစာကလေးကို တစ်ချက်တစ်ချက် လှမ်းကြားနေရတယ်။ ခန့် ညီ တစ်ယောက်ကတော့ ကျွန်တော် အမြဲ ကြွားထားတဲ့ မေမေ့လက်ရာက ကျွန်တော်ကြွားတာထက်ကို ပိုကောင်းကြောင်း ပြောရင်း အားရပါးရစားနေတယ်။ ပဲပုတ်ထောင်း ဆီစမ်းထားတာတွေကို ဇွန်းနဲ့ တစ်ခပ်ကြီး စားလိုက်ပြီး ရှုးရှုးရှားရှားဖြစ်နေတာကို မေမေက ကြည့်ုပြီး သဘောကျနေတယ်။
" သားဆရာ က အစပ်သိပ်ကြိုက်တာ သားရဲ့ ။ ပဲပုတ်ထောင်းဆို သူ့ မှာ ငရုတ်သီးပါပြီးပေမယ့် ထပ်ထည့်ပြီး ထောင်းပေးရတယ် သားရဲ့ "
ညိုက ကော်ဖီမှုန့် ကို ကျနေအောင်နှပ်ပြီး နို့ မလိုင်လေး ခပ်ထားတဲ့ ကော်ဖီပူလေးလာချပေးရင်း ရေတစ်ခွက်ခပ်ပြီး ခန့် ညီမောင်ကို လှမ်းပေးလိုက်တယ်။ ညိုနဲ့ မေမေပါ အတူတူ ညစာဝင်စားကြတယ်။ ညဖက်မှာ ကျွန်တော်က စောစာအိပ်ယာဝင်ဖြစ်ပေမယ့် ညို၊ မေမေ နဲ့  ခန့် ညီ တို့ ကတော့ စကားကောင်း ကျန်ရစ်ပါတယ်။
ကလောမြို့ ဆောင်းညရဲ့ အအေးက ကျွန်တော့်အိပ်မက်တွေထဲထိ စိမ့်ဝင်လာခဲ့တယ်။ ကျွန်တော့် နုတ်ခမ်းမှာ နွေးထွေးတဲ့ အထိအတွေ့ တစ်ခုကို ကျွန်တော် ခံစားလိုက်ရတယ်။ ကျွန်တော် အိပ်မက်မက်နေတာနေမှာပါလေ။ အနွေးဓါတ်ကလေးက နုတ်ခမ်းဝကနေတစ်ဆင့် ရင်ဘတ်ကြီးထဲထိ စီးဝင်သွားသလို....ကျွန်တော့် အိပ်မက်ထဲမှာ ကျွန်တော်ဟာ လိပ်ပြာတစ်ကောင်အဖြစ် အဲဒီပန်းခင်းကြီးထဲမှာ ပျံဝဲလို့ ။ လေတစ်ချက်ဝှေ့ လိုက်တိုင်း ကျွန်တော့် ရင်တွေ မြှောက်မြှောက်တက်သွားတယ်။ ဆောင်းတွင်း အိပ်မက် ဂယောက်ဂယက်တဲ့ ။ ဒါပေမယ့် ကျွန်တော့် ရင်ဘတ်ကြီး နွေးနေတယ်။ အဲဒီ အထိအတွေ့ လေးက နွေးနေတယ်။ အိပ်မက်ကလေးက လည်း နွေးနေတယ်။
ညက အတော်လေး အိပ်မောကျသွားလိုက်တာ မျက်နှာသစ်ဖို့ အိမ်အောက်ကို ဆင်းလာတော့ မေမေက စာသင်ခန်းထဲ ၀င်နေပြီ။ ကျွန်တော် မျက်နှာသစ်ပြီး Breakfast စားဖို့ ထမင်းစားဆောင်ထဲ ၀င်လိုက်တော့ စားပွဲပေါ်မှာ ပေါင်မုန့့်မီးကင် ကြက်ဥချောင်းကြော်နဲ့ နွားနို့ တစ်ခွက်ကို တွေ့ ရတယ်။ ပြင်ထားပေးတာ မကြာသေးလို့ နွေးနေဆဲ ပေါင်မုန့် နဲ့ နွားနို့ ကို ကျွန်တော်စားလိုက်တယ်။ ကျွန်တော့်အတွက် ဘယ်တော့မှ မရိုးနိုင်တဲ့ မနက်စာပေါ့။ ရန်ကုန်မှာတော့ ခန့် ညီ က ကျွန်တော့် စိတ်ကြိုက် ပြင်ဆင်ပေးတတ်တယ်။။ ကျွန်တော်က နွားနို့ အစစ်မဟုတ်ရင် မသောက်ချင်ဘူးလို့ ပြောတော့
" ဦးငယ်....မြို့ ရောက်ရင် မြို့ လိုပဲ ကျင့်ရမှာပေါ့ ။ ကျွန်တော်လည်း နွားနို့ အစစ်လိုက်ရှာရလို့ နို့ ကုလားတွေနဲ့ ရန်ဖြစ်ရပေါင်းများပြီ။ ဒါပဲ သောက်ဗျာ " လို့ ပြန်ပြောတတ်တယ်။ ဒါပေမယ့် သူ နွားနို့ အစစ်ရအောင် လိုက်ရှာထားတယ် ဆိုတာ ကျွန်တော် သိပါတယ်။ တစ်ခါတစ်ခါ သူ့ ကို ကလေးတစ်ယောက်လို စနောက်ရတာကို သဘောကျလို့ ဒီလိုပဲ ကျွန်တော် ပြသနာရှာတိုင်း သူက ကျွန်တော့်ကို ဆရာပြန်ပြန်လုပ်တယ်။ နွားနို့ ခွက်ထဲက နောက်ဆုံးလက်ကျန်ကို မော့ချလိုက်တယ်။ နွားနို့ စစ်ရင် သိပ်မွှေးတာဗျ။
" သား အိပ်ရေးဝရဲ့ လား။ မေမေက သားကို နှိုးဦးမလို့ ပဲ။ ခန့် ညီ တို့ ညိုတို့ က သားအိပ်ရေးဝအောင် အိပ်ပါစေ ဆိုပြီး မနှိုးခိုင်းလို့ ။ "
" သူ တို့ တွေရောမေမေ...သားမတွေ့ ပါလား။ ဈေးသွားလိုက်ကြတာလေး မေမေ"
" ဈေးနေ့ က မနက်ဖြန်မှ သားရဲ့ ။ ညိုက တောင်ပေါ်ကျောင်းသွားမယ်ဆိုပြီး ခန့် ညီကို ခေါ်သွားတယ်။ သားနိုးရင် လိုက်လာခဲ့ပါတဲ့"
" ဟုတ်ကဲ့ မေမေ။ သားလိုက်သွားလိုက်မယ်လေ။ ဆရာတော်ကိုလည်း ၀င်ကန်တော့လိုက်မယ်နော် မေမေ"
" အေးအေး သားသွားရင် သင်္ကန်း ပရိက္ခာတွေ ယူသွားချေလေ။ ဆရာတော်ကို သေချာလျှောက်ခဲ့နော်။ အော်...နောက်ပြီးတော့ သားရေ....ခန့် ညီက သူလည်း သင်္ကန်းစီးမယ်လို့ မေမေ့ကို ပြောလို့ မေမေ မနက်ကပဲ တစ်စုံ ထပ်ပြင်ထားလိုက်တယ်။ အဆင်သင့်လည်း ရှိနေတာနဲ့ ။ သားအဲဒါပါ ယူသွားပြီး ဆရာတော်ကို လျှောက်လိုက်ဦးနော်။ ဒုလ္လဘ တစ်ဦးတိုးမယ်လို့ "
မေမေက တက်တက်ကြွကြွ ပြောလည်းပြော သင်္ကန်းပရိက္ခရာတွေလည်း ဘီရိုထဲကနေ သွားထုတ်ပေးနေပါတယ်။ ကျွန်တော်ကတော့ ခန့် ညီ ဘယ်လို စိတ်ကူးပေါက်ပြီး ဒီအစီအစဉ်ဖြစ်သွားလဲလို့ တွေးနေမိတယ်။
" သားရေ ခန့် ညီမောင် က တစ်ခါမှ ပဉ္စင်း မတက်ရသေးဘူးတဲ့ ကွယ်။ သူ့ ငယ်ငယ် သူ့ မိဘတွေ ရှိစဉ်ကပဲ ကိုရင်တစ်ခါ ၀တ်ဖူးတယ်တဲ့ ..မေမေကလည်း သူ့ ကို သားနဲ့ အတူ တစ်ပါတည်း ရဟန်းပြုပေးချင်တယ် လို့ ညကပြောတော့ သူချက်ချင်းပဲ လက်ခံရှာတယ် "
ကျွန်တော်ထင်ပါတယ်။ မေမေ့ ရဲ့ မေတ္တာတွေ စေတနာတွေ အောက်မှာ ခန့် ညီ ဒီလို ဖြစ်သွားတာလို့ ။
ခန့် ညီဆိုတာ သူ့ ဆံပင်ကို သူ တစ်သသနဲ့ အမြဲ သပ်သပ်ရပ်ရပ်နေတတ်တဲ့သူရယ်။ ကုတုံးတုံးဖို့ များ သူ့ ကို စပြီးပြောလို့ တောင်ရတာ မဟုတ်ဘူး။ ခုတော့ သူက ကျွန်တော်နဲ့ အတူ ရဟန်း လိုက်ဝတ်မယ်ဆိုတော့ ၀မ်းသာစရာပေါ့။
“သား ကို မေမေပြောစရာရှိတယ်..မေမေတို့ ပန်းခြံထဲ ခဏဆင်းရအောင်ကွယ်”
" သား ခု လာမယ့် ဇန်န၀ါရီဆို ၃၇ ပြည့်ပြီနော်။ သားအသက်လည်း ငယ်တော့တာ မဟုတ်ဘူးရယ်။ မေမေ သားကို ညိုနဲ့ နေရာချထားပေးချင်တယ်....သားစဉ်းစားဖို့ မေမေပြောတာပါ။ မေမေကတော့ သားသည် မိခင်တစ်ယောက်အနေနဲ့ ညို့ ကို သဘောကျမိတယ်....မေမေ့စိတ်ကူးကို သားကို ပထမဆုံးပြောပြတာပါ...သားလက်ခံတော့မှ မေမေ ညို့ ကိုပြောမယ်...သားတို့ နှစ်ဦးလုံးက ကိုယ့်စိတ်နဲ့ ကိုယ် လက်ခံတယ်လို့ ဆုံးဖြတ်တာကို မေမေလိုလားပါတယ်...မေမေ့ အနေနဲ့ သားကို မေမေစီစဉ်တဲ့အတိုင်းလက်ခံရမယ်လို့ မဆိုဘူးနော်....
သားမှာ ချစ်ခင်နှစ်သက်နေရတဲ့ သူ ရှိနှင့်ပြီးသားဆိုလည်း မေမေ့ကို ပြောနိုင်တယ်...ဟုတ်လား"
ခဏနေက လန်းဆန်းမှုတွေအကုန်လုံးက လေပြင်းနဲ့ အတူပါသွားတဲ့ သစ်ရွက်ငယ်လေးတွေလို ကျွန်တော့်ရင်ထဲ အတော်လေး ရှုတ်ထွေးသွားတယ်။ မေမေရဲ့ ဒီလို စိတ်ကူးကို ကျွန်တော် တစ်ခါမှ ကြိုမတွေးမိခဲ့တာ ကျွန်တော့်ကိုယ် ကျွန်တော် ပြန်မေးနေမိတယ်။ ကျွန်တော် အိမ်ထောင်ပြုဖို့ ဆိုတာကို တွေးမိဖို့ မေ့နေခဲ့တာလေ။ ဘယ်တုန်းကမှ မတွေးမိခဲ့ဖူးတဲ့ အခြေအနေတစ်ခု အတွက် အဖြေ ကျွန်တော့်မှာ အဆင်သင့်မရှိနေခဲ့ဘူး။ တစ်ခါမှ မလေ့လာဘူးတဲ့ ပုစ္တာတစ်ပုဒ်ကို စာမေးပွဲ ခန်းထဲမှာ ရင်ဆိုင်နေရတဲ့ ကျောင်းသားတစ်ယောက်လို  ကျွန်တော် ဇော်ချွေးတွေပါ ပြန်လာခဲ့တယ်။ မေမေ့ အကြောင်းကိုလည်း ကျွန်တော်သိတယ်။ မေမေ့ကို ကျွန်တော့်အနေနဲ့ ဘယ်လို အဖြေပဲ ပေးပေး ခိုင်မာတဲ့ အကြောင်းပြချက် ပါရမယ်လေ။ အကြောင်းတရား တွေ ၊ အကျိုးတရားတွေဆိုတာ မေမေ ကျွန်တော့်ကို သင်ပြခဲ့ဖူးတာပေါ့။ ဒီအတွက် ကျွန်တော် အိမ်ထောင်မပြုချင်သေးဘူးလို့ မေမေ့ကို ဘယ်လိုမှ ပြောလို့ မရဘူးဆိုတာ ကျွန်တော်သိနေတယ်။ မြို့ ကလေးရေ....မေမေက မေးနေပြီကွယ်။ ငါ့မှာ ချစ်ခင်မြတ်နိုးရမယ့်သူ ရှိရင်ပြောပါတဲ့ ။ ငါ့ကိုယ်စား မင်းသာပြောပြပေးနိုင်မယ်ဆို ငါမင်းကို သိပ်အားကိုးမိမှာပဲ မြို့ ကလေးရေ...မေမေ မသိထားတဲ့ ငါ့အကြောင်းတွေကို သိတာဆိုလို့ မြို့ ကလေး မင်းပဲ ရှိတာလေ။
" ဟိုဘက်က အခက်ကလေး ချိုးလိုက် ကိုမောင်...အင်းဟုတ်တယ် ဟုတ်တယ်။ အဲဒီ အခက်ကလေး အရိုးရှည်လေးပါအောင် ချိုးပါ ကိုမောင်ရေ...ဆရာတော်ကျောင်းက ဘုရားပန်းအိုးတွေက အရိုးတို ရင် ထိုးလို့ အဆင်မပြေဘူး ကိုမောင်ရဲ့ "
ညို့ အသံ။ တောင်ပေါ်ကျောင်းကို တက်ရတဲ့ လှေကားထစ် အရှည်ကြီးကို တစ်ထစ်ချင်း တက်နေရင်း ကြားလိုက်ရတဲ့ ညို့ အသံ။ အသံလာရာကို လှမ်းကြည့်လိုက်တော့ ချယ်ရီပင်ကြီးအောက်မှာ ညိုတစ်ယောက် အပေါ်မော့ကြည့်ပြီး အော်ပြောနေတာ။ ကျွန်တော် အပင်ပေါ်ကို ကပြာကယာကြည့်လိုက်မိတယ်။ ခန့် ညီမောင်ပါ။ ရန်ကုန်သား ဘယ်တုန်းက မှ သစ်ပင်ပေါ်တက်ဖို့ စိတ်တောင်မကူးမိတဲ့ သူက ခုတော့ သူဝတ်ထားတဲ့ ဂျင်းဘောင်းဘီကို ဒူးအထိခေါက်တင်လို့ ချယ်ရီပင်ပေါ်မှာ။ သူရော ညိုပါ ပျော်ရွှင်နေပုံရတယ်။ အစကတော့ ကျွန်တော် သူတို့ ကို ဆူလိုက်ဦးမလို့ ပဲ။ ညိုရော ခန့် ညီပါ ကျွန်တော့်ထက် ၈ နှစ်လောက် ငယ်ကြတယ်။ သူတို့ က အခုမှ တကယ့်ကို လူငယ်လေးတွေပါ။ သူ့ တို့ ဆီက အပျော်တွေက ကျွန်တော့် စိတ်ထဲ ချက်ချင်းကူးစက်သွားလိုက်တာ ခနနေက စိတ်ပူမိတာကိုတောင် မေ့သွားမိတယ်။
" ဦးငယ် ဦးငယ် လာလာ......ချယ်ရီပင်ပေါ်လာခဲ့ " ခန့် ညီက ကလေးတစ်ယောက်လို လှမ်းအော်နေတယ်။ ညိုကလည်း ကျွန်တော့်ကို လှမ်းပြုံးပြတယ်။ ညိုက ခန့် ညီနဲ့ ဆို ပွင့်ပွင့်လင်းလင်း လွတ်လပ်ပေါ့ပေါးနေပေမယ့် ကျွန်တော်ကို မြင်တိုင်း အိနြေ္ဒကို ထိန်းပုံရတယ်။ သူ့ အသွင်က ချက်ချင်း တည်ငြိမ်သွားတယ်။ ခုန က ညို့ ရဲ့ ကလေးဆန်တဲ့ အပြုအမူလေးက ခုတော့ ပညာတတ် ဆရာဝန်မကြီး တစ်ယောက် တည်ငြိမ် ရင့်ကျက်နေတဲ့ မိန်းမသား တစ်ယောက်ပုံ ကို ကူးပြောင်းသွားတယ်။ ညို့ အပြုံးက လှပါတယ်။ မေမေ့ အပြုံးလိုပဲ အေးချမ်းတယ်။ နောက် ညိုရဲ့ မျက်ဝန်းညိုညိုလေးတွေကလည်း အရမ်းကို အေးမြပါတယ်။ ကျွန်တော်ဟာ ယောက်ကျားသား တစ်ယောက်အနေနဲ့ ညို့ လို မိန်းမချောလေးကို ဘာမှ ငြင်းစရာ အကြောင်းမရှိပါဘူး။ ဒါပေမယ့် အချစ်...ကျွန်တော် ညို့ ကို ချစ်သလား။ ကျွန်တော့်ကိုယ် ကျွန်တော်ပြန်မေးမိတယ်။ သိပ်တွေးယူစရာကို မလိုလိုက်ပါဘူး။ ကျွန်တော့် အတွက် အဖြေကို ကျွန်တော့်် စိတ်တွေက ချက်ချင်းအဖြေပေးပါတယ်။ ညို့ ကို ငယ်ငယ်ကလေးထဲက ရင်းနှီးကျွမ်းဝင်ခဲ့ရတဲ့ ညီမလေးတစ်ယောက်ဆိုတဲ့ သံယောဇဉ်မျိုးထက် မပိုပဲ ကျွန်တော် ချစ်ပါတယ်။
" အား...............ဦးငယ်ရေ............လုပ်ပါဦး "
ကျွန်တော် သူတို့ နားမရောက်ခင်ပဲ ခန့် ညီ ချယ်ရီပင်ပေါ်ကနေ ပြုတ်ကျတာပါ။ သူ့ ရဲ အသံကြားတာနဲ့ ကျွန်တော် လှေကားထစ်တွေကို နှစ်ထစ် သုံးထစ်ကျော်တက်သွားလိုက်တယ်။ ခန် ညီရဲ့ မျက်နှာတစ်ခုလုံး နာကျင်လို့ ရှုံတွနေတာကို အတိုင်းသားတွေ့ နေရတယ်။ ကျွန်တော့် လက်မောင်းကို အတင်းဖြစ်ညှစ်ထားတယ်။ ကျွန်တော် သူ့ ခြေထောက်ကို အသာမပြီး ကြည့်လိုက်တယ်။ အဆစ်လွဲသွားတယ်ထင်ပါတယ်။ " အဆစ်လွဲသွားတာ မဟုတ်လား ညို " ညို့ ကိုမေးရင်း လှည့်ကြည့်လိုက်တော့ ညို့ မျက်ဝန်းမှာ မျက်ရည်စတွေ။
" ညို့ ကြောင့်ဖြစ်တာ...ညို့ ကြောင့်ဖြစ်တာ "
" ဟဲ့ ကောင်မလေး ကြောင်မနေနဲ့ လူနာကို အရင်ကြည့်ပေးဦး။ ဘာဖြစ်တာလဲလို့ ။ ဒီဆရာဝန်မကို အားကိုးရင်တော့ မင်းခြေထောက် အလားအလာမကောင်းဘူး ခန့် ညီ" ကျွန်တော်စပြောပြောလိုက်ပေမယ့် ညိုကတော့ တကယ်တုန်လှုပ်နေပုံ၇တယ်။ ကျွန်တော့်စကားဆုံးတော့မှ သူ ခန့် ညီဘေးမှာ ထိုင်ချပြီး ခြေထောက်ကို သေချာ စစ်ဆေးကြည့်နေတယ်။
" ကိုမောင် ညို့ ကြောင့်ဖြစ်ရတာ...အဲဒီချယ်ရီပင်ပေါ် ညိုရယ်လေ...အတင်းတက်ခူးခိုင်းတာ..." ပါးစပ်ကလည်းပြောရင်း လက်ကလည်း ခြေထောက်အနေအထားကို ပြုပြင်ယူနေပါတယ်။ ကျွန်တော် ညို့ မျက်နှာလေးကို သေချာကြည့်လိုက်မိတယ်။ ညို့ မျက်နှာလေးပေါ်မှာ စိတ်မကောင်းဖြစ်နေတာထက် ပိုတဲ့ ခံစားချက် တစ်စုံတစ်ရာကို ကျွန်တော် သတိထားမိလိုက်သလို။
ခန့် ညီ ခြေထောက်က ခေါက်ရုံခေါက်သွားတာပါ။ ညိုကတော့ သူ့ ကြောင့်ဖြစ်ပါတယ် ဆိုပြီး အတော်လေး ဂရုစိုက်ရှာတယ်။ ဆေးက အစ အချိန်နဲ့ ကိုယ်တိုင်တိုက်တယ်။ ခန့် ညီကတော့ ခြေထောက်နာပြီးကတည်း က အပြင်မထွက်တော့ပဲ အိမ်ထဲမှာပဲ။ ကျွန်တော်က အပြင်သွားဦးမယ်လို့ ပြောရင် သူ့ ကိုယ်သူ စိတ်ပျက်နေတဲ့ ပုံနဲ့ " ကျွန်တော်လည်း လိုက်ချင်တယ်။ ကျွန်တော့် လည်း လိုက်မယ် " ဆိုပြီး ခပ်တည်တည်နဲ့ ပြောပါတယ်။ ခန့် ညီရဲ့ ကလေးဆန်တဲ့ အပြုအမူတွေကိုကျွန်တော်က ကျင့်သားရနေပေမယ့် မေမေကတော့ နဲနဲ မကြိုက်ချင်တဲ့ ပုံပဲ။ ခန့် ညီက ကျွန်တော့်ကို တွယ်ကပ်နေတာကိုရော ညိုနဲ့ ခန့် ညီ သိပ်ရင်းနှီးနေတာကိုရော မေမေသတိထားမိပုံပဲ။ မေမေက သိပ်အကင်းပါးတယ်။ ကျွန်တော် နဲ့ ညို့ ကိစ္စလည်း ရှိနေတာ့ မေမေ ကျွန်တော်တို့ ကိုလည်း တစေ့တစောင်း အကဲခတ်ပုံရတယ်။ ဒါပေမယ့် မေမေက ဘယ်တော့မှ သူ့ ခံစားချက်နဲ့ ဆုံးဖြတ်တတ်တဲ့သူတစ်ယောက် မဟုတ်ဘူး။ ငယ်ငယ်ကတည်းက ကျွန်တော့် ခံစားချက်ကို မေးပြီးမှ လမ်းကြောင်းကို တည့်ပေးသင့်ရင် တည့်ပေးတတ်တဲ့ သူပါ။ ဒီအတွက် ကျွန်တော့်အနေနဲ့ မေမေ့ ကိုကြောက်ရတယ် ဆိုတာမျိုး မရှိခဲ့ဖူးဘူး။ ကျွန်တော့် ခံစားချက်တွေကို လည်း အမြဲ ပွင့်လင်းစွာ ပြောနိုင်မယ့် မေမေ့ကို ကျွန်တော်က လေးစားချစ်ခင်စိတ်နဲ့ ပဲ ကျွန်တော်တို့ သားအမိကြား အပြန်အလှန် နားလည်မှုတွေ တည်ဆောက်ထားခဲ့တာပါ။ ဒါပေမယ့် ညို့ ကိစ္စအတွက် အဖြေတစ်ခုနဲ့ အတူ ဖြေရှင်းချက် တစ်ခုကို ပြောပြဖို့ တော့ ကျွန်တော် အသေအချာ စဉ်းစားနေရတယ်။ " မေမေ့ ကို ဘယ်လို စကားလုံးတွေနဲ့ ငါ ရင်ဖွင့်ရပါ့မလဲလေ"
ည ၁၁ နာရီလောက်ကြီး  မေမေ ခြေသံကို ရုတ်တရက် ကြားလိုက်ရတယ်။ ကျွန်တော် လန့် ဖြတ်ပြီး သူ့ ကို ကျွန်တော့် ရင်ခွင်ထဲကနေ ဆွဲထုတ်ပလိုက်တယ်။ ကျွန်တော် အတော်လေး တုန်လှုပ်နေပါတယ်။ မေမေများ အခန်းထဲ ၀င်လာခဲ့ရင် ဟိုဘက်အခြမ်းက လွတ်နေတဲ့ ကုတင်တစ်လုံးအတွက် မေးခွန်းတွေ ရှိလာတော့မှာလေ။ ရုတ်တရက် ရင်ဆိုင်လိုက်ရတဲ့ အခြေအနေတစ်ခုမှာ ကျွန်တော် မေမေ့ ကို ဘယ်လိုရှင်းပြရမလဲ။ အိုး.............ကျွန်တော့်ရင်ခုန်သံကို ကျွန်တော် ပြန်ကြားနေရတယ်။ တကယ်တော့ မေမေ အခန်းထဲ ၀င်မလာခဲ့ပါဘူး။ သက်ပြင်းရှည်ကြီး တစ်ခုကို မှုတ်ထုတ်လိုက်ပြီး အိပ်ပျော်နေတဲ့ ခန့် ညီရဲ့ မျက်နှာလေးကို ကြည့်မိလိုက်တယ်။ နံဖူးပေါ်ခွေကျနေတဲ့ ဆံနွယ်လေးတွေကို အသာအယာ ပင့်တင်ပြီး သူ့ နဖူးကို ဖွဖွလေး နမ်းလိုက်တယ်။ ဘယ်လို ဘ၀ တွေများလည်း ကောင်ကလေးရယ်။ ငါက ဘာလို့ များ မင်းကိုမှ တွယ်တာ မြတ်နိုးမိရတာလဲ။ မင်းကရော ဘာလို့ ငါ့ကိုမှ သံယောဇဉ်ကြိုးတွေ လာချည်နှောင်ရတာလည်းကွာ။ ချစ်ခြင်းမေတ္တာက ဘာလို့ ငါတို့ နှစ်ဦးကိုမှာ လာရောက်ဖွဲ့ နှေုာင်ရတာလဲလေ။ ကောင်ကလေးရေ လောကကြီးကိုသာ ညာလို့ ရမယ်။ ကိုယ့်ကိုယ်ကိုယ်တော့ ငါတို့ တွေ ညာလို့ မရဘူးလေ။ နောက်ပြီးတော့ ငါမေမေ့ကိုလည်း မညာချင်ဘူးကွာ။
အာရုဏ်မလင်းခင်ကတည်းက ကျွန်တော် စက်ဘီးကလေးကို ထုတ်ပြီး တောင်ကုန်းလေးပေါ်ကို ထွက်လာခဲ့လိုက်တယ်။ မြို့ ကလေးကို ကျွန်တော် နောက်ဆုံးအနေနဲ့ ရင်ဖွင့်ရဦးမယ်။ ထင်းရှူးပင်ကြီးတွေဆီက ခွန်အားသတ္တိတွေကို ယူပြီး မြို့ ကလေးကို လူ့ အသိုင်းအ၀ိုင်းကြီးက လက်မခံနိုင်တဲ့ ၊ ပုံမှန်မဟုတ်ဖြစ်တည်လာတဲ့ ကျွန်တော့်ရဲ့ ချစ်ခြင်းမေတ္တာ အနှောင်အဖွဲ့ လေးအကြောင်း ကို မေမေ့ကို မပြောပြခင် မြို့ ကလေးနဲ့ ပြောပြီး အင်အားတွေ မွေးယူရဦးမယ်။ မြို့ ကလေးရေ....အဲဒီ သတ္တုကြိုးမျှင်လေး ဘယ်လောက်ခိုင်မြဲနေပြီလဲ ဆိုတာ မင်းတစ်ယောက်တည်းပဲ သိတာပါကွာ။ မေမေ့ကို ဖွင့်ပြောပြဖို့ ငါ့ကို ခွန်အားတွေ ပေးလှည့်ပါ။ ငါ ညို့ ကို လည်း မနာကျင်စေချင်ဘူး။ ခန့် ညီကိုလည်း မစွန့် လွှတ်နိုင်ဘူး။ မေမေ့ ကိုလည်း မညာချင်ဘူးကွာ။ မြို့ ကလေးရေ ဒီစကားတွေဟာ မင်းဆီမှာ နောက်ဆုံးအနေနဲ့ ငါရင်ဖွင့်ခဲ့တာလည်း ဖြစ်ချင်ဖြစ်မှာပါ။ ငါ့အတွက် ခွန်အားတွေ.....မေမေ ပြုစုပျိုးထောင်ပေးခဲ့တဲ့ စိတ်ဓါတ်ခိုင်မာမှုတွေ နဲ့ ......................။
နှင်းစက်တွေက ကျွန်တော့မျက်နှာကို လာရောက်ထိခတ်တယ်။ ထင်းရှူးနံသင်းနေတဲ့ လေနုအေးကို တ၀ကြီးရှိုက်သွင်းလိုက်တယ်။ သဘာဝတရားကြီးက နားလည်မှုတွေ ၊အးချမ်းမှုတွေ  နဲ့ အတူ ကျွန်တော့်ရင်ထဲထိ  စီးဝင်သွားပါတယ်................။
အမွန်
၎ ၇ ၂၀၁၂
၅ နာရီ ၈ မိနစ်
Note: အင်တာနက်စာမျက်နှာမှကူးယူဖော်ပြသည်။
2 comments:
YYP Alex said...
စာမေးပွဲတွေနဲ့ခုမှပဲပြန်ရောက်တော့တယ်။အမွန်ရဲ့blogလိပ်စာလေးတင်ပေးပါဦး။ရှိရင်ဖတ်ချင်လို့။
amway said...
အရမ်းကောင်းပါတယ်။ နောက်လည်းထပ်ရေးပါဦး ။ အမွန် ရေးတဲ့  စာလေးတွေက အရမ်း ကို ကျိုးကြောင်းဆီလျော်ပါတယ်။