Sunday, May 26, 2024

ဒေါင်းဝေ (Part II)


ရေးသားသူ - Shine (ရှိုင်း)

..........................................

ဖိုးဇော်က ကျောင်းအထိ ရောက်လာပြီး သူနှင့်အတူ မျှစ်ချိုးလိုက်ခဲ့ရန် ကံကောင်းအားလာခေါ်သည်။

ကံကောင်းနှင့်အတူ ဒေါင်းဝေပါ ဖိုးဇော်အနားသို့ရောက်လာတော့

" ဒေါင်းဝေ မင်းက..."

" ငါပါ လိုက်ခဲ့မှာ မင်းတို့နှစ်ယောက်ကိုစိတ်မချလို့"

" အံမယ်...သူ့ကိုစိတ်မချရင်လဲ စိတ်မချဘူးပေါ့ကွာ ဘာကို မင်းတို့နှစ်ယောက်ကိုလဲ"

ထိုစဥ် မလှမ်းမကမ်းမှာ ရှိနေတဲ့ ကပ္ပိယကြီးက

" ဘယ်သွားကြမလို့ တုန်း"

" တောထဲ မျှစ်သွားချိုးမလို့လေ ကပ္ပိယကြီးရ"

" ဒါဆို ဂရုစိုက်သွားကြဦး ဟိုတစ်နေ့တုန်းက ဝါးသွားခုတ်တဲ့သူတွေပြောတာ တောထဲမှာ ဝောာဝက် တစ်ကောင် တွေ့လို့တဲ့တော်တော်ကြီးတယ်ဆိုပဲ"

" တောဝက်မကလို့ ကျားပဲဖြစ်ဖြစ် ကျွန် တော်က မကြောက်တက်ပါဘူး ကပ္ပိယကြီးရဲ့ စိတ်ချပါ ကျွန်တော်တို့ သတိထားပြီးသွားမှာပါဗျ"

" ဟိတ်ကောင် ဖိုးဇော် မင်းလေလုံးတွေအဲ့လောက်ကြီးမနေနဲ့ ပြီးတော့ ဝါးရုံကတော နက်ထဲမှာရှိတာ အန္တရာယ်ဆိုတာ ကြိုမြင်နိုင်တာ မဟုတ်ဘူးကွ"

"စိတ်ချပါ ဒေါင်းဝေရ မင်းတို့ဘာမှမဖြစ်စေရပါဘူး ငါ့မှာဓားပါ ပါတယ်ကွ ဟောဒီမှာတွေ့လား"

ဖိုးဇော်က ဓားလွယ်ခြင်းထဲမှ ငှက်ကြီး တောင် ဓားအားထုတ်ယူကာ ဓားကိုဝေ့ရမ်းပြနေသည်။

" မင်း အဲ့ဒီဓားနဲ့ မျှစ်ခုတ်မလို့လား"

" ဓားပဲကွာ ဘယ်နေရာပဲဖြစ်ဖြစ် သုံးလို့ရပါတယ်ကွ ခုတ်လို့ ပြတ်ရင်ပြီးရောပေါ့"

" ပြီးရော...လာသွားမယ် "

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ဝါးရုံက တောနက်ထဲမှာပဲ ရှိတာကြောင့်အတန်ကြာ လျှောက်လာကြရသည်။ မိုး ရာသီဖြစ်တာကြောင့် တစ်တောလုံးစိမ်းစိုနေပြီး တစ်ချို့နေရာတွေမှာ တောပန်းတွေရဲ့ရနံ့က နှာခေါင်းထဲ တိုးဝေ့လာတာကို ခံ စားရသည်။ ငှက်သံတွေက တစ်တောလုံးစီစီညံနေ၏။

" ဟာ...လန့်တာကွာ"

ဘေးနားမှ သစ်ပင်ပေါ်သို့ ရှဥ့်တစ်ကောင်ပြေးတက်သွားတာကို ဖိုးဇော်တစ်ယောက် လက်ထဲက ဓားကိုအပေါ်မြှောက်ကာလန့်ဖျက်သွားရသေးသည်။

အခုဆို တောနက်ထဲကို ရောက်လာပြီဖြစ်တာကြောင့် အခြားသစ်ပင်ကြီးများ ပပေါ်တွင် မျောက်ညိုအုပ်တွေကို ဟိုတစဒီတစတွေ့ရသည်။

မျောက်တွေရဲ့အော်သံကဆူညံနေလို့

" အု...အု...အု..."

" ဒေါင်းဝေ ဟိုမှာတွေ့လား မင်းနဲ့တစ်ရုပ်တည်းပဲ"

ဖိုးဇော်က မျောက်တွေ အားလက်ညိုးထိုးပြကာ ရွှတ်နောက်နောက်နှင့် ပြောလိုက်သည်။

" ငါနဲ့ တူတာမဟုတ်ဘူး မင်းနဲ့တူတာ ဟို မှာတွေ့လား ဖင်ပြောင်ပြောင်နဲ့တစ်ကောင်မင်းနဲ့တစ်ပုံစံတည်းပဲ"

" ဟာ...ငါနဲ့မတူပါကွ သေချာကြည့်ပါ..အဲ့ကောင်က သူနဲ့တူတာ"

ဖိုးဇော်က ကံကောင်းအားမေးဆက်ပြကာပြောလိုက်တော့ ကံကောင်းခမျာအနည်း ငယ် ကြောင်သွားရပြီး

" ဗျာ...ကျုပ်...ကျုပ်နဲ့..."

" ကဲ...ကဲ...ရှေ့နားဆို ဝါးတောထဲရောက်တော့မယ် ခပ်မြန်မြန်လေးလျှောက်ကြစို့"

ဒေါင်းဝေရဲ့စကားဆုံးသည်နှင့် သုံးယောက်သားခပ်သုတ်သုတ်လေးလျှောက်လာကြသည်။

အချိန်အနည်းငယ်လျှောက်လာပြီးနောက် ရှေ့ငါးလံလောက်အကွာမှာ စိမ်းညို့ညို့အရောင်ဝါးရုံတောအားတွေ့လိုက်ရသည်။


" ကဲ...ငါတော့မျှစ်ချိုးလိုက်ဦးမယ် မင်းမှာဓားပါလား ဒေါင်းဝေ ပါရင် ငါ့ကို..."

" တော်...ငါတို့ကအဖော်ပဲလိုက်ခဲ့ပေးတာနော် အဲ့ဒါကြောင့်ဘာမှမမျှော်လင့်နဲ့ ပြီးတော့ ဘာဓားမှလဲမပါဘူး"

ဖိုးဇော်တစ်ယောက် မျက်နာကြီး ဆူပုတ်သွားပြီး ဘာမျှမပြောတော့ပဲ မျှစ်ကိုသာအာရုံထားချိုးနေလိုက်သည်။

မျှစ်နုတွေက အများအပြားကို ထွက်နေတာကြောင့် တကူးတကကြီးလိုက်ရှာနေစရာတော့မလိုပါ။

ကံကောင်းက ခါးထောက်ကာ ရပ်ကြည့်နေတဲ့ဒေါင်းဝေအား

" အစ်ကိုတို့ ဒီအတိုင်းပဲ ရပ်ကြည့်နေတော့မှာလား"

" ဒါဆို အစ်ကိုက ဘာလုပ်ချင်လို့လဲ အစ်ကို့မှာ ဓားပါတာလဲ မဟုတ်ပဲနဲ့"

" အစ်ကို့နားထဲမှာ ရေသံကြားနေရသလိုပဲဟို...ဟိုဘက်နားက"

ကံကောင်းက ဝါးရုံတွေရဲ့အနောက်ဘက်ကို လက်ညိုးထိုးပြကာ ဒေါင်းဝေတစ်ယောက်သာ ကြားလောက်ရုံအသံဖြင့်ပြောလာ၏။

" ဟုတ်တယ် အဲ့ဘက်နားမှာ ရေတံခွန်ရှိတယ်လို့ ကြားတယ် တစ်ခါမှတော့ မရောက်ဖူးဘူး"

" ဟုတ်လား... အစ်ကိုတို့...ခဏလောက်သွားကြည့်ကြမလား"

" အင်း လာလေ"

" နေဦး...သူ့ကိုပြော..."

" လာပါ...သူ့ကိုပြောမနေနဲ့ သူကအလုပ်လုပ်နေတာ"

ဒေါင်းဝေတစ်ယောက် ကံကောင်းရဲ့လက်အားအတင်းဆွဲကာ ရေတံခွန်ရှိရာ ဝါးတော အနောက် ခေါ်သွားတော့၏။

သူတို့နှစ်ယောက် ထွက်သွားတာကိုမျှစ်ကိုသာသဲသဲမဲမဲချိုးနေတဲ့ ဖိုးဇော်တစ်ယောက် တော့ မသိလိုက်ပါ။

ရေတွေက တောင်ပေါ်မှ အရှိန်အဟုန်ပြင်းစွာနဲ့တဝေါဝေါစီးကျနေသည်။

စီးကျနေသောနေရာက ချောက်တစ်ခုလို
ဖြစ်နေတော့ အောက်ဘက်ကို ဆင်း၍မရ
ထိုချောက်ကမ်းပါးအစပ်နားတွင်တော့ အ နီရောင် အပြာရောင် ပန်းရောင် ခရမ်း ရောင် တောပန်းတွေ စုံစုံလင်လင်ပေါက် ရောက်နေတာကိုတွေ့ရသည်။

သို့ပေမယ့် ပန်းပင်တွေကချောက်ကမ်းပါးအောက်ခြေဘက်တွင်ရှိနေတာကြောင့် ခူးယူ၍တော့မရ။

ထိုသို့ခူးယူ၍မရခြင်းကပဲ သဘာဝအလှတရားကြီးကို ထိန်းသိမ်းပေးထားသလိုဖြစ်နေပေ၏။

" စိတ်ထဲကို အေးချမ်းသွားတာပဲ"

" ဒေါင်းဝေကိုတော့ ဘယ်မှီပါ့မလဲ"

" ဟင်.."

ဒေါင်းဝေ ကံကောင်းအား ကြည့်လိုက်တော့ပြုံးရုံလေးပြုံးကာ သူ့အားစိုက်ကြည့်နေတဲ့ ကံကောင်းအား တွေ့ရသည်။

ကံကောင်းရဲ့မျက်လုံးတွေက အရောင်တွေတောက်နေပြီး ရွှန်းလဲ့နေသည်။

" ဘယ်အရာတွေ ဘယ်လောက်ပဲလှပနေပါစေ ဒေါင်းဝေရဲ့မျက်နာကိုကြည့်ရတာလောက် ဘယ်အရာမှမမှီဘူး"

ကံကောင်းရဲ့စကားကြောင့် ဒေါင်းဝေမျက်နာမှာ ရှက်ရိပ်သန်းသွားရသည်။

" ဘာတွေ လာပြောနေတာလဲ"

" တကယ်ပြောတာပါ ဒီအတိုင်းပဲ...အစ်ကို့စိတ်ထဲမှာရှိတာကိုအမှန်တိုင်းပြောလိုက်တာ"

ဘာကြောင့်မှန်းမသိ ဒေါင်းဝေ မျက်နာကိုအောက်ငုံ့ပြီးပြုံးနေမိ၏။

ပြီးတော့...ရင်ဘတ်တစ်ခုလုံးဗြောင်းဆန်နေသည်။

အခုလိုသူနဲ့အတူရှိနေရတာ ဒေါင်းဝေတ ကယ်ပျော်ရွှင်ရပါတယ်။ ဒါပေမယ့်...ဒီပျော်ရွှင်မှုတွေက ဘယ်လောက်ကြာကြာခံမှာမို့လို့လဲ။

သူ့အတိတ်ကို ပြန်မှတ်မိလာတဲ့တစ်နေ့ သူဒေါင်းဝေ အနားက ထွက်သွားမှာပဲမဟုတ် လား။

" အစ်ကို သတိပြန်ရလာတဲ့ တစ်နေ့...အစ် ကိုကကျွန်တော်တို့အနားကထွက်သွားမှာပဲလေ အဲ့ဒီအခါကျရင် အစ်ကိုကျွန်တော့်မျက်နာကို မြင်ရတော့မှာမဟုတ်ဘူး"

" ဒေါင်းဝေကို အစ်ကိုတစ်ခါတည်းခေါ်သွားမှာလေ"

" ဟင်..."

ကံကောင်းတစ်ယောက် ဒေါင်းဝေရဲ့ဆံပင်တွေအားသူ့ရဲ့လက်ချောင်းတွေနဲ့ ညင်သာ စွာပွတ်သပ်လျက်

" ဟုတ်တယ် အစ်ကိုဒေါင်းဝေကို တစ်ခါ တည်းပါအောင်ခေါ်သွားမှာစိတ်ချဒါမှ...ဒီမျက်နာလေးကို...အစ်ကိုတစ်သက်လုံးမြင်တွေ့ခွင့်ရနေမှာပေါ့..."

အခုချိန်မှ သူ့မျက်နာက ဘာကြောင့်အရင်နေ့တွေကထက်ကြည့်ကောင်းနေရတာလဲ...

ဒေါင်းဝေစိတ်တွေ အရမ်းလှုပ်ရှားနေ၏။နှလုံးခုန်နှုန်းတွေက ခါတိုင်းထက် ပိုမြန်နေတာကို သူကိုယ်တိုင်ပင် သတိထားမိနေသည်။

ကံကောင်းကတော့ သူ့လက်ချောင်းတွေနဲ့၊ဒေါင်းဝေရဲ့ဆံစလေးတွေအား အသာအ ယာပွတ်သပ်နေမြဲ

" အဲဒီအချိန်ကျရင် ဒေါင်းဝေအစ်ကိုနဲ့လိုက်ခဲ့မယ် မဟုတ်လား...ဟင်"

" မ...မပြောတက်ဘူးလေ"

" ဒေါင်းဝေလဲ ဒီရွာမှာမနေချင်တော့ဘူးမဟုတ်လား...ဘာပဲဖြစ်ဖြစ်...အစ်ကိုက တော့ ဒေါင်းဝေကိုမပါ ပါအောင် ခေါ်သွားရမှာပဲ"

ကံကောင်း ဒေါင်းဝေ ဦးခေါင်းပေါ်မှ သူ့လက်ကို ဖယ်လိုက်ပြီး ဒေါင်းဝေရဲ့လက် မောင်းတစ်ဖက်အားဆုပ်ကိုင်လိုက်သည်။


" အစ်ကို မင်းကိုသံယောဇဥ်ဖြစ်နေမိပြီ သိလား ဒေါင်းဝေ..."

နှစ်ယောက်သား အကြည့်ချင်းဆုံနေကြပြီး နောက်ထပ် ဘာစကားမှ ထပ်မပြောဖြစ်တော့။ ဒေါင်းဝေ ဘာ​ပြန်ပြောရမှန်းမသိဖြစ်နေသည်။

သူလဲ ကံကောင်းနှင့် ထပ်တူ သံယောဇဥ်ဖြစ်မိတာပဲလေ။ဒါပေမယ့်ပါးစပ်ကထုတ်ပြောဖို့မဝံ့မရဲဖြစ်နေတယ်။

နားထဲမှာ ရေစီးသံအား ကျယ်လောင်စွာကြားနေရပေမယ့် ရင်ဘက်ဆီမှ မြည်နေတဲ့ နှလုံးခုန်သံကိုတော့ ဘယ်မှီပါ့မလဲ။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

လေတစ်ချက် တိုက်လိုက်တိုင်းဝါးပင်တွေကတစ်ပင်နဲ့ တစ်ပင်ပွတ်တိုက်မိပြီး တကျွီ ကျွီးမြည်နေ၏။

ဝါးဖက်တွေပေါ်မှ ဖြတ်သန်းသွားသောတောကောင်လေးတွေရဲ့ခြေသံကြောင့် ဖိုးဇော်ခမျာ အနည်းငယ် အထိတ်တလန့်ဖြစ်သွားရသေးသည်။

ဖိုးဇော် သူ့ခန္ဓာကိုယ်မှ သွေးစုတ်ကောင်ခြင်တွေအား တဖျက်ဖျက်ရိုက်ရင်း မျှစ်ကိုလဲ တစ်လှည့်ချိုးရသေးသည်။

အနောက်ဘက်တွင်မှာတော့ တိတ်ဆိတ်နေပြီး ဒေါင်းဝေတို့ရဲ့အသံတစ်စွန်းတစ်စမျှတောင်မကြားရ။

ဖိုးဇော် အနောက်ဘက်သို့ လှည့်ကြည့်လိုက် တော့

" ဟင်! ဘယ်ရောက်သွားကုန်တာလဲ"

ဖိုးဇော်ဘေးဘီပတ်ဝန်းကျင်အနှံ့လိုက်ကြည့်တော့လဲ လူတစ်ယောက်တလေမျှ မတွေ့ရ။

ဖိုးဇော်ရဲ့အကြည့်တွေက ချက်ချင်းပင်ကျီးကန်းတောင်းမှောက် ဖြစ်လာသည်။

" ဒီကောင်တွေ ငါ့ကိုမစောင့်ပဲ ပြန်သွားကြတာလားမသိဘူး"

သူလွယ်ထားတဲ့ ပလိုင်းထဲ ကြည့်လိုက်တော့ မျှစ်က ပလိုင်းတစ်ဝက်လောက်တော့ရနေပြီ။ သူပြန်လိုက်ရင်ပဲ ကောင်းမလား ဒေါင်းဝေတို့ ရွာဘက်ပြန်သွားတာရောသေချာရဲ့လား။

သူတို့ ဟိုဟိုဒီဒီလျှောက်သွားနေတာများလား။

ဖိုးဇော်၊ဘေးပတ်ဝန်းကျင်အနှံ့လိုက်ရှာကြည့်ပေမယ့် ဒေါင်းဝေတို့အားမတွေ့ရ။

" ဝူး...."

ဖိုးဇော်အသံပေးလိုက်ပေမယ့် တစ်ဖက်မှဘာမှမတုန့်ပြန်လာခဲ့။

" ဝူး....ဝူး...ဝူး...."

ထိုနည်းတူပင်

" ဟိတ်ကောင်တွေ...!"

သူပြန်လိုက်ရင်ပဲကောင်းမလား တောထဲအနှံ့လိုက်ရှာဖို့ကလဲ တစ်ယောက်တည်းရယ်။ ပြီးတော့..ဒေါင်းဝေနဲ့ ကံကောင်းကရွာဘက်ကို ပြန်သွားတာဆိုရင် သူဒီတောထဲမှာသက်သက်အချိန်ဖြုန်းသလို ဖြစ်နေမယ်။

" ဂီး...ဂစ်...ဂစ်...ဂစ်..."

ရုတ်တရက်ထပျံသွားတဲ့ လင်းဝက်တစ်ကောင်ကြောင့် ဖိုးဇော်လန့်သွားရသည်။
ထိုစဥ်မှာပဲ ခပ်လှမ်းလှမ်းရှိသစ်ပင်တစ်ပင်၏ကိုင်းတွင်တွယ်တက်ရစ်ပတ်နေတဲ့စပါးကြီးမြွေတစ်ကောင်အား မျက်ဝါး ထင်ထင် တွေ့လိုက်ရ၏။

ဒီတော့...၊သူဆုံးဖြတ်လိုက်ပြီ။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ဒေါင်းဝေတို့နှစ်ယောက် ဝါးရုံဖက်သို့ပြန်လာခဲ့ပေမယ့် ဖိုးဇော်အားအရိပ်အ ယောင်မျှတောင် မတွေ့ရ။

" ဒီကောင် ဘယ်ပျောက်သွားတာလဲ"

" ဖိုးဇော်ရေ..."

ကံကောင်းက အသံကျယ်ကျယ်နဲ့အော်ခေါ်လိုက်စဥ်မှာပဲ ဒေါင်းဝေကကံကောင်းရဲ့ဗိုက်ကိုတံတောင်နဲ့ဆောင့်လိုက်ကာ

" ဟိတ်၊တောထဲမှာနာမည်မခေါ်ရဘူးလေ"

" ဟုတ်လား အစ်ကိုမှမသိတာ"

" ဒီကောင် ဘယ်ကိုများ ထွက်သွားတာပါလိမ့်"

" သူ အကိုတို့ကို မတွေ့လို့ ရွာကိုများပြန် သွားတာလား"

" ဟုတ်မယ်ထင်တယ် ဒီကောင်က အစက တည်းက သတ္တိကခပ်နည်းနည်းရယ် သူရွာပြန်သွားတာပဲ ဖြစ်ရမယ် ကဲ...ဒါဆိုကျွန်တော်တို့လဲ ရွာကိုပဲ ပြန်လိုက်ကြတာပေါ့"

" နေဦးလေ သူ့ကို လိုက်မရှာကြည့်တော့ဘူးလား"

" ဘာလို့လိုက်ရှာမှာလဲ သူရွာကိုပြန်သွားတာပဲဖြစ်မှာပေါ့ မဟုတ်ရင်လဲ သူ့ဖာသာပြန်လာတက်နေတာပဲ သူအရင်ကလဲသူ့အမေနဲ့ မျှစ်ချိုးလိုက်လာနေကြ တကယ် တမ်းခက်တာက ကျွန်တော် ကျွန်တော် ဒီလောက် တောနက်ထဲတစ်ခါမှ လာဖူးတာမဟုတ်ဘူး ရွာပြန်ရောက်ရင်တောင်ကံကောင်း"

" ဒါကြောင့် အစ်ကိုတို့ သူ့ကိုလိုက်ရှာသင့်တာပေါ့"

" ကဲ...လိုက်ရှာပြီပဲထားပါတော့ မတွေ့ရင်ဘယ်လိုလုပ်မလဲ အချိန်ကုန်တာပဲအဖက်မတင်ဘူးလား အစ်ကိုကသူ့ကိုအဲ့လောက်တောင်စိတ်ပူနေတာလား "

" မဟုတ်ပါဘူးသူကဒေါင်းဝေသူငယ်ချင်း လေ အဲဒါကြောင့်"

" လာပါ ရွာပဲပြန်ရအောင်ပါ သူကျွန်တော်တို့ကိုမတွေ့လို့ ရွာပြန်သွားတာ သေချာတယ် "                  
..............................................

" အစကတည်းက အမှတ်အသားလုပ်ခဲ့ရင် အကောင်းသား"

ဟု ဒေါင်းဝေ စိတ်ထဲ တွေးမိလာသည်။အ ခုတော့ ဘယ်လမ်းသွားလို့သွားရမှန်းမသိတော့

" ခဏလေး ဒေါင်းဝေ ဒါအစ်ကိုတို့ အစောကရောက်ခဲ့တဲ့နေရာပဲ ဒီမှာကြည့်"

ကံကောင်း လက်ညိုးထိုးပြရာကိုကြည့်လိုက်တော့ သစ်ငုတ်တိုတစ်ခု ပြီးတော့
ထိုသစ်ငုတ်ရဲ့အောက်ခြေဘက်မှာ အဝါရောင် ပန်းပင်တစ်ခုရှိနေသည်။

" သေချာတယ် ဒီသစ်ငုတ်ကို အစ်ကိုမှတ် မိတယ်"

" ကျွန်တော်တို့ တောမှောက်ပြီ ထင်တယ်"

ကံကောင်းက နားမလည်သည့်ဟန်ဖြင့်

" တောမှောက်တယ် ဆိုတာဘာကိုပြောတာလဲ"

" တောမှောက်တယ်ဆိုတာ တောပိုင်တောင် ပိုင်တွေက ကျွန်တော်တို့ကို ဒီတောထဲက မထွက်နိုင်အောင် ပြုစားထားတာ"

" မဟုတ်လောက်ပါဘူး ဒေါင်းဝေရာ...လာပါ...အစ်ကိုတို့တခြားလမ်းက ဆက်သွားကြည့်ရအောင်နော်"

ကံကောင်း ဒေါင်းဝေရဲ့ လက်တစ်ဖက်အားဆုပ်ကိုင်လိုက်ပြီး

" လာ..."

" အင်း အင်း"

ဒေါင်းဝေ ကံကောင်း ဦးဆောင်ရာနောက် သို့လိုက်လာခဲ့သည်။ လက်ကိုတော့ဆွဲ ထားမြဲ ဖြစ်၏။ သူတို့နှစ်ယောက် အချိန်အတန်ကြာလျှောက်လာကြပေမယ့် အခုထိ တောအစပ်နားကို မရောက်သေးတဲ့အပြင် တောကပို၍ နက်သထက်နက်လာသည်။

စောစောကသစ်ငုတ်နေရာကိုတော့ ပြန်မရောက်လာတော့ပါ။ ဒါပေမယ့်လဲ ဒီအ တိုင်းသာ ဆက်သွားနေရင် မိုးချုပ်သွားဖို့ပဲရှိတယ် အခုတောင် အချိန်က မနည်းတော့ဘူးလေ။

" ကျွန်တော်ခြေထောက်တွေ တော်တော်ညောင်းနေပြီ"

ကံကောင်း ခပ်မြန်မြန်သွားနေတဲ့ခြေလှမ်းတွေကိုရပ်လိုက်ပြီး

" ဒါဆိုခဏနားလိုက်လေ ဒေါင်းဝေအမောပြေမှပဲ အစ်ကိုတို့ ဆက်သွားကြတာပေါ့"

" ဟင်အင်း မနားဘူး သွားမယ် မဟုတ်ရင်မိုးချုပ်သွားမယ်"

ခြေထောက်တွေ အတော်ညောင်းနေပေမယ့် အားခဲကာ ဆက်လျှောက်လာခဲ့ကြသည်။

ခြေလှမ်းတွေကလဲ အရင်လောက်မသွက်တော့။ တဖြေးဖြေးနဲ့ နှေးကွေးလာကြသည်။

" ရရဲ့လား ဒေါင်းဝေ "

" ရတယ် ရတယ် သွားမယ်"

" အင်း"

" ဟင်အင်း ဟင်အင်း မရတော့ဘူး"

ဒေါင်းဝေ တကယ်ပဲ ဆက်မလျှောက်နိုင်တော့ပါ။ ခြေထောက်တွေအတော်ညောင်းနေသလို ရေလဲအတော်ပင် ဆာနေပြီဖြစ် သည်။

ကံကောင်း ဒေါင်းဝေအား နေရာကောင်းတစ်ခုတွင်ထိုင်စေပြီး

" မိုးလဲမကြာခင်ချုပ်တော့မှာ အစ်ကိုတို့ဒီညတော့ ဒီတောထဲမှာပဲ အိပ်ရမယ်ထင်တယ် ဒါအစ်ကို့အပြစ်ပါ အကိုဒေါင်းဝေကို ရေတံခွန်သွားကြည့်ဖို့ခေါ်သွားလို့ အခုလိုဖြစ်ရတာ"

" အစ်ကိုနဲ့မဆိုင်ပါဘူး ကျွန်တော် မသွားခင် ဖိုးဇော်ကို အရင်အသိပေးသွားသင့်တာပေါ့ ဒါကျွန်တော့်အပြစ်ပဲ"

" ဒေါင်းဝေ အပြစ်မဟုတ်ပါဘူး အစ်ကို့အ ပြစ်ပါ"

" ကဲပါ... ဒီအချိန်ကအပြစ်ပြောနေရမယ့်အချိန်မဟုတ်ဘူး ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ အခုချိန်မှလဲ ရွာထဲပြန်ရောက်ဖို့ ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး"

" အစ်ကိုတို့ နေရာကောင်းကောင်းတစ်ခုခုရှာရမယ် အမိုးအကာရတဲ့နေရာ"

" ကျွန်တော်တို့ မီးမွှေးဖို့လဲလုပ်ရမယ်ကျောက်တုံးတွေနဲ့ ဖြစ်ဖြစ်"

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

မျှစ်ထည့်ထားတဲ့ ပလိုင်းအားအိမ်မှာထားကာ ဖိုးဇော်တစ်ယောက် ဒေါသူပုန်ထ၍ ဘုန်းကြီးကျောင်းရှိရာသို့ ခပ်သုတ်သုတ်လျှောက်လာခဲ့လိုက်သည်။

စိတ်ထဲမှာလဲ ဒေါင်းဝေအား ကျိန်ဆဲနေမိ၏။

" ဒီကောင် ငါနဲ့တွေ့ဦးမယ် ငါ့ကိုတောထဲမှာ တစ်ယောက်တည်းထားခဲ့တာ တော် တော် သူငယ်ချင်းကောင်း ပီသတယ်"

ဖိုးဇော် ပုဆိုးစအား ဒူးအပေါ်နားထိ မတင်ကာ ဒေါကြီးမောကြီးနဲ့ လျှောက်လာခဲ့လိုက်သည်။

ဘုန်းကြီးကျောင်းမုဒ်ဝအနားရောက်သည်နှင့် ဖီနှပ်အားချွတ်ကာ ကျောင်းဝန်းထဲဝင်လိုက်၏။ ထိုစဥ်မှာပဲ

" ပြန်လာတာစောလှချည်လားကွ"

ကျောင်းခြံစည်းရိုးနားတွင် တံမြတ်စည်းလှဲနေတဲ့ ကပ္ပိယထံမှ မေးလိုက်ခြင်းပါ။

" ဒေါင်းဝေ ရောကပ္ပိယကြီး အဲ့ကောင်ဘယ်မှာလဲ"

" သူက မင်းနဲ့လိုက်သွားတာမဟုတ်လားသူ ဘယ်မှာလဲ မင်းပဲသိမှာပေါ့"

ကပ္ပိယကြီး ပြောပုံအရဆို ဒီကောင် ကျောင်း ကိုပြန်မရောက်လောက်သေးဘူး
........

မဟုတ်မှလွဲရော ထန်းတောထဲမှာများ ရှိနေမလား....

" ဘာမှမဟုတ်တော့ဘူး ကပ္ပိယကြီး ကျွန် တော် သွားလိုက်ဦးမယ် "

" အေး အေး "

ဖိုးဇော် ထန်းတောဘက်သို့ ဦးတည်ကာခပ်မြန်မြန်လေး လျှောက်လာခဲ့လိုက်သည်။

ဒီကောင်ထန်းတောထဲမှာတော့ ရှိတန် ကောင်းပါရဲ့......

ဖိုးဇော်ထန်းတောထဲရောက်တော ထန်း ရည် သောက်နေတဲ့လူတော်တော်များများကိုတော့တွေ့ရတယ်။

ဒါပေမယ့် ကံကောင်း နဲ့ ဒေါင်းဝေကိုတော့မတွေ့....

" ဟာ...ဒီကောင်တွေ ဘယ်ရောက်သွားတာလဲ ကွာ"

" ဘာတွေ ဒေါပွနေတာလဲ ဖိုးဇော်ရ"

" အောင်စိုး"

" မင်းထန်းတောဘက် သွားတာ တွေ့လိုက်လို့ ငါလိုက်လာခဲ့တာ ဘယ်လိုလဲ မျှစ်ချိုးတာ ပင်ပန်းလာလို့ ထန်းရည်လေး ဘာလေးသောက်မလို့လား အတော်ပဲ ငါလဲသောက်ချင်နေတာနဲ့"

" ဒီမှာစိတ်တိုနေရတဲ့ ကြားထဲကွာ မင်းကတမှောက်"

" ဟင် မင်းက ဘာတွေ စိတ်တိုနေတာလဲကွ"

" ဒေါင်းဝေနဲ့ ဟိုလူပေါ့ကွာ ငါ့ကိုတောင် မစောင့်ပဲရွာကိုပြန်နှင့်သွားတယ်လေ......... တောက်! စိတ်တိုလိုက်တာကွာ...ဒါနဲ့...မင်းသူတို့ နှစ်ယောက်ကို တွေ့မိသေးလား"

အောင်စိုးက ခေါင်းကိုခါရမ်းကာ

" ဟင်အင်း မတွေ့မိဘူး ငါဒီတစ်မနက်လုံးဒေါ်ရီလှအိမ်မှာရှိနေတာ သူတို့တောထဲက ပြန်လာရင် ငါတွေ့မှာပဲ မင်းကိုတောင်ငါ တွေ့သေးတယ် ဒါပေမယ့် သူတို့ကိုတော့မတွေ့ဘူး"

ဒါဆို သူတို့နှစ်ယောက်က ရွာထဲကို ပြန်မလာကြသေးတာလား....

ငါကပဲသူတို့နှစ်ယောက်ကိုပစ်ထားခဲ့မိတာလား....

ဟု ဖိုးဇော်စိတ်ထဲတွေးမိလိုက်သည်။

" ဒါဆိုရင်တော့ ဒုက္ခပဲကွာ"

" ဘာဖြစ်လို့လဲ ကွ"

" သူတို့နှစ်ယောက်ကို ငါချန်ထားခဲ့မိတာပေါ့ ဒေါင်းဝေ ရွာကိုပြန်လာတက်ပါ့မလား ဒီကောင်က တောထဲတောင်ထဲကိုသိပ်သွားဖူးတဲ့ကောင် မဟုတ်ဘူး"

" သူသွားခဲ့တဲ့လမ်းကိုတော့ သူမှတ်မိမှာပါကွာ အဲ့လောက်လဲ စိတ်ပူမနေပါနဲ့ အခု မ ဟုတ် ရင်တောင် ညနေလောက်တော့ ပြန်ရောက်လာမှာပဲ"

ဖိုးဇော် သက်ပြင်းမောကြီးတစ်ချက်ချလိုက်၏။ သူ့အထင်နဲ့ရွာကို တစ်ယောက် တည်းပြန်လာခဲ့မိတာ အခုတော့ သူအမှားတစ်ခုကို လုပ်လိုက်မိပြီထင်တယ်။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အခုဆို ညတောင် အတော်မှောင်နေပြီ။

ကံကောင်းနှင့် ဒေါင်းဝေ သစ်ပင်ကြီးတစ်ပင်အောက်ရဲ့မီးပုံနံဘေးတွင် မလှုပ်မယှက် ထိုင်နေမိသည်။

ကောင်းကင်မှာတော့ ကြယ်တွေ စုံလို့

" အစ်ကိုတို့ ကံကောင်းသွားတယ် နော်ဒေါင်းဝေ ဒီညမိုးမရွာဘူး"

" အခုအခြေအနေကို အစ်ကိုကကံကောင်းတယ်လို့ ပြောနေသေးတာလား ကျွန်တော်တော့ စိတ်ညစ်တာပဲ သိတယ်"

" ဖြစ်သမျှအကြောင်းအကောင်းလို့ပဲတွေးရမှာပေါ့ ဒေါင်းဝေရဲ့ အကောင်းဘက်က တွေးကြည့်ရင် ဒီလောက် တိတ်ဆိတ်အေး ချမ်းတဲ့နေရာလေးမှာ အစ်ကိုတို့ နှစ်ယောက်တည်း ရှိနေတာ ဘယ်လောက်ကြည်နူးဖို့ကောင်းလဲ ဟင်..."

ကံကောင်းက ဒေါင်းဝေရဲ့ပါးနှစ်ဖက်အား လက်တစ်ဖက်နဲ့ အသာအယာ ဖျစ်ညှစ်လိုက်ကာ

" မျက်နာက အဲ့လိုကြီး ဆူပုတ်မနေပါနဲ့ကွာ...ဒေါင်းဝေ အခုလို စိတ်ညစ်ပြနေတော့ရောပြဿနာတွေက ပြေလည်သွားမှာမှ မဟုတ်တာ"

" ...................."

ဒေါင်းဝေထံမှ ဘာအသံမှ ထွက်မလာခဲ့။

ကံကောင်း သူ့ရဲ့လက်တစ်ဖက်နှင့်၊ဒေါင်းဝေအားဖက်ထားလိုက်ပြီး

" ကဲပါကွာ...မနက်ဖြန်ကျရင်အားလုံးအ ဆင်ပြေသွားလိမ့်မယ် ဟုတ်ပြီလား အခုတော့ အိပ်ပျော်အောင်အိပ်လိုက်နော်"

" ကျွန်တော် မအိပ်ချင်ဘူး"

" ဒါဆို ဒီအတိုင်းပဲ ထိုင်နေတော့ မလို့လား"

ကံကောင်း သစ်ပင်ကြီးတွင် ကျောမှီလိုက်ပြီး ဒေါင်းဝေကိုတော့၊ သူ့ရင်ဘက်ပေါ်၌မှီစေသည်။

ဒေါင်းဝေအား သူ့ရင်ခွင်ထဲ၌ထွေးပွေ့ဖက်ထားလိုက်၏။

" ဘာမှ လိုက်မတွေးနဲ့တော့နော် ဘာပဲဖြစ် ဖြစ် အစ်ကိုတစ်ယောက်လုံး ဘေးမှာရှိနေတာပဲ ဘာမှမကြောက်နဲ့သိလား"

ကံကောင်း ဒေါင်းဝေရဲ့လက်တစ်ဖက်ကိုဆုတ်ကိုင်ထားလိုက်သည်။

စိတ်တွေလှုပ်ရှားနေတာကြောင့်လား..ရင်ဘက်တစ်ခုလုံး ပေါက်ထွက်မတက် နှလုံး ခုန်နှုန်းတွေက မြန်ဆန်ပြီး ကျယ်လောင်နေ၏။

သူ့ရင်ခွင်ထဲမှာရှိနေတဲ့ ဒေါင်းဝေတစ်ယောက်လဲ ဒါကို ခံစားမိတယ်။

ပြီးတော့...ဒေါင်းဝေကိုယ်တိုင်ပင် သူ့နှလုံး ခုန်သံတွေက ကံကောင်းနှင့် တစ်ထပ်တည်းကျနေ၏။

နှစ်ယောက်စလုံးရဲ့ ပြင်းရှတဲ့အသက်ရှုသံတွေကလဲ စည်းချက်ညီညီထွက်ပေါ်နေသည်။

ဆုပ်ကိုင်ထားတဲ့လက်တွေက ပိုပြီးတင်းကြပ်လာသည်။

" ဒေါင်းဝေ..."

" ဟင်..."

ဒေါင်းဝေ ထူးလိုက်ပေမယ့် ကံကောင်းထံမှ ဘာအသံမှ ထွက်မလာခဲ့။

ဒီအတိုင်း နာမည်ခေါ်လိုက်ပေမယ့် သူဘာဆက် ပြောရမလဲမသိတော့

ဒေါင်းဝေရဲ့ဆံစတွေအား အသာအယာနမ်းရှိုက်လိုက်သည်။ ဒါကိုဒေါင်းဝေလဲ သိလောက်မယ် ထင်တယ်။ ပြီးနောက် ဒေါင်းဝေရဲ့ပါးတစ်ဖက်အား ငုံ့ကာနမ်းလိုက်၏။

ဒေါင်းဝေရဲ့လက် က လေးတွေ ဆက်ခနဲတုန်သွားတာကို ကံကောင်းခံစားမိလိုက်တယ်။

" အစ်ကို တောင်းပန်ပါတယ် ဒေါင်းဝေ မကြိုက်ဘူး ဆိုတာသိပေမယ့် အစ်ကို တ ကယ် မထိန်းနိုင်တော့လို့ပါ"

" ကျွန်တော် မကြိုက်ဘူးလို့ ပြောမိလို့လား "

" ဟင်..."

ဒေါင်းဝေလဲ သူ့ကိုယ်သူ နားမလည်နိုင်ပါ။
ဘာကြောင့်များ ယောင်္ကျား တစ်ယောက်ရဲ့အနမ်းမှာသာယာမိနေတာလဲ။

မဖြစ်သင့်ဘူးဆိုတဲ့ အသိတွေရှိနေပေမယ့် ဆန္ဒတွေကိုတော့ သူမလွန်ဆန်နိုင်ဘူး။

" အစ်ကို ဆန္ဒရှိတဲ့အတိုင်း လုပ်လို့ရပါတယ်...ကျွန်တော် စိတ်မဆိုးပါဘူး"

ဒေါင်းဝေရဲ့တိုးဖျော့နေတဲ့ အသံက ကံ ကောင်း တစ်ယောက်အဖို့တော့ လုံလုံ လောက်လောက် ကြားရသည်။

ဒီတော့ ဒေါင်းဝေရဲ့မျက်နာအားသူ့ဘက်သို့အသာအယာလှည့်စေကာ ပါးပြင်အားခပ်ပြင်းပြင်းလေး နမ်းလိုက်သည်။

ပြီးတော့ နှဖူးပြင်အား သုံး လေးချက်ဆင့်နမ်းလိုက်၏။

မျက်နာတစ်ခုလုံးကို နေရာလွတ်မကျန်အောင်အနမ်းမိုးရွာချလိုက်သည်။

ရင်ဘက် တစ်ခုလုံးလဲ ဗလောင်ဆူနေပြီ။
ဒီမျက်နာလေးကိုနမ်းလိုက်ရပေမယ့် စိတ်ထဲမှာတော့ အခုထိ အာသာမပြေသေးပါ။

သူ ဒေါင်းဝေရဲ့မျက်နာလေးအား ကြည့်နေစဥ်မှာပဲ ထိုမျက်နာလေးဆီမှ နှုတ်ခမ်းတစ်စုံက သူ့နှုတ်ခမ်းအားလာ၍ထိကပ်ကာ နမ်းလိုက်တာကို ခံစားလိုက်ရသည်။

နှုတ်ခမ်းတွေအား ဖယ်ခွာသွားပြီး ရှက်ရိပ်သန်းနေတဲ့ သူ့မျက်နာလေးကို မီးဖိုကအလင်းရောင်ကြောင့် မြင်လိုက်ရ၏။

ယောင်္ကျားတစ်ယောက်က ဘာကြောင့်များ ဒီလောက်တောင် ချစ်ဖို့ကောင်းနေရတာလဲကွာ...

ထိုနှုတ်ခမ်းတစ်စုံအား ကံကောင်းထံမှပြန်၍နမ်းလိုက်တော့၏။ ဒေါင်းဝေကလဲအလိုက်သင့်ပင် အချိန်တွေဘယ်လောက်ကြာသွားသည်မသိ နှစ်ယောက်စလုံး အနမ်းတွေ ကြားထဲမှာ စီးမျောနေမိ၏။

တစ်လောကလုံးကိုတောင်မေ့စပြုလာသည်။

ကံကောင်းတစ်ယောက် ဒေါင်းဝေရဲ့ပုဆိုးခါးပုံစအား ဖြေလျော့လိုက်ပြီး လက်တစ် ဖက်လျှိုသွင်းလိုက်သည်။

အနမ်းတွေကတော့ အဆက်မပျက်နမ်းနေဆဲပင်............
..........

..............................................

ခန္ဓာကိုယ်အား လှုပ်ခပ်နှိုးမှုကြောင့်ဒေါင်းဝေတစ်ယောက်နိုးသွားရသည်။ မျက်လုံးတစ်စုံက သူ့အား အူကြောင်ကြောင် နှင့်စိုက်ကြည့်နေ၏။

" ဟင်...ဦးသာဂျမ်း"

ဟုတ်ပါတယ်။ သစ်သုံးခွရွာက မုဆိုးကြီးဦးသာဂျမ်းပင်ဖြစ်သည်။ သူက ဒီတောထဲမှာအမဲလိုက်ထွက်နေကျပဲ။ ဘေးနားမှ ကံ ကောင်းတစ်ယောက်ပါနိုးလာခဲ့သည်။

"မင်းတို့နှစ်ယောက်ကဒီမှာဘာလုပ်နေကြတာလဲ"

နှစ်ယောက်စလုံးမတ်တပ်ထရပ်လိုက်ကြသည်။

" ကျွန်တော်တို့နှစ်ယောက် မနေ့ကတည်း က တောထဲမှာ မျက်စိလည်ပြီး လမ်းရှာမတွေ့ဘူးဖြစ်နေတာ ကံကောင်းပေလို့ပေါ့ဗျာ အခုလို ဦးသာဂျမ်းနဲ့တွေ့ရတာ"

" အေး အေး အဲဒါဆိုလဲ ငါ့နောက်လိုက်ခဲ့ကြ ငါမင်းတို့ကို တောအစပ်နားထိပြန်လိုက်ပို့ပေးမယ်"

" ကျေးဇူးတင်လိုက်တာ ဦးသာဂျမ်းရာ..."

" မလိုပါဘူးကွာ... ကဲ ကဲ လိုက်ခဲ့ကြ"

ကံကောင်းနှင့် ဒေါင်းဝေတို့ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကြသည်။ ထို့နောက် မုဆိုး ဦးသာဂျမ်း ဦးဆောင်ရာ လမ်းအတိုင်းလိုက်လာခဲ့ကြသည်။

" မင်းတို့နှစ်ယောက်က ဒီတောထဲကိုဘာလာလုပ်ကြတာတုန်း"

" ကျွန်တော်တို့က ဖိုးဇော်နဲ့ မျှစ်ချိုးလိုက်လာတာပါ သူနဲ့လမ်းလွဲသွားပြီး အခုလိုကျွန်တော်တို့နှစ်ယောက်တည်း တောထဲမှာ ပိတ်မိနေတာ"

" တော်သေးတာပေါ့ကွာ မင်းတို့ ကျားစာမဖြစ်သွားတာကံကောင်းတယ်"

" ဘာ... ဒီတောထဲမှာ ကျားရှိတာလား"

" ဒီလောက် တောနက်ထဲမှာရှိချင်လဲရှိနေနိုင်တာပဲလေကွာ ဘယ်ပြောလို့ရမှာလဲ ဒါကြောင့်ကိုး ဟိုကောင်ဖိုးဇော်တစ်ယောက် ရွာထဲမှာသွားလိုက်လာလိုက်နဲ့ ယောက်ယပ်တွေခက်နေတာ သူ့ကြည့်ရတာ မင်းကို တော်တော်စိတ်ပူနေပုံပဲ"

သူ စိတ်ပူနေတာတော့ မဖြစ်နိုင်ဘူး။ သူဒေါ သတွေထွက်နေတာပဲဖြစ်လိမ့်မယ်။

မုဆိုးဦးသာဂျမ်း ကံကောင်းနှင့် ဒေါင်းဝေတို့ ခပ်သွက်သွက်လေးလျှောက်လာကြသည်။ အတော်အတန်ကြာ လျှောက်လာပြီးနောက် တစ်နေရာအရောက်မှာတော့
ခပ်လှမ်းလှမ်းနေရာတွင် လူနှစ်ယောက်ကိုတွေ့လိုက်ရသည်။

ဖိုးဇော်နဲ့အောင်စိုး

သူတို့လဲဒေါင်းဝေတို့အားလှမ်းတွေ့လိုက်တော့မျက်နာတွေကပြုံးရွှင်သွားပြီးဒေါင်း ဝေတို့ရှိရာကို မပြေးရုံတမယ်နှင့် လျှောက်လာကြသည်။

အနားရောက်တော့ ဖိုးဇော်က ဒေါင်းဝေအားဝမ်းသာအားရနဲ့ဖက်လိုက်၏။ ပြီး နောက်၊ဖယ်ခွာလိုက်ပြီး

" ငါတောင်းပန်ပါတယ်ကွာမင်းကိုပစ်ထားခဲ့မိတယ်"

"မင်းတောင်းပန်ဖို့မလိုပါဘူးကွာ ငါတို့အ မှားလဲပါ ပါတယ် ကဲပါ...အခုငါတို့လဲဘာမှဖြစ်တာမှမဟုတ်တာ ဦးသာဂျမ်းကျေး ဇူးတင်တယ်နော်"

" ရပါတယ်ကွာ... ဒါဆိုရင် ငါ့လဲ တောထဲပြန်သွားလိုက်ဦးမယ် မင်းတို့ကိုလိုက်ပို့တာနဲ့ ငါ့ဟင်းစားကောင်ကြီးကိုတွေ့ပါဦးမလားမသိဘူး ကဲ...သွားပြီကွ"

မုဆိုးကြီးဦးသာဂျမ်းထွက်သွားသည်နှင့်၊သူတို့လေးယောက်လဲ ရွာဘက်သို့လှည့်ပြန်ခဲ့ကြသည်။

ဖိုးဇော်နဲ့အောင်စိုးက အရှေ့က လမ်းပြကာသွားကြ၏။ ကံကောင်းကတော့ဒေါင်း ဝေအား ပုခုံးဖက်ကာ လျှောက်လာခဲ့သည်။

ပြီးတော့...ဒေါင်းဝေရဲ့မျက်နာလေးအားမကြာခဏဆိုသလို ကြည့်နေမိသည်။
ရွာထဲရောက်တော့ သူတို့နှစ်ယောက်ဘုန်း ကြီးကျောင်းဘက်သို့ ခွဲထွက်လျှောက်လာခဲ့ကြသည်။

ဘုန်းကြီးကျောင်းရောက်သည်နှင့် ဒေါင်းဝေရေချိုးချင်လာတာကြောင့် ရေတွင်းဘက်သို့ထွက်လာခဲ့သည်။

ကံကောင်းကတော့ ကျောင်းဆောင်ပေါ်သို့သာတက်သွား၏။ ဒေါင်းဝေအနောက်လိုက်သွားကာ ရေအတူတူချိုးဖို့မဖြစ်သင့်ဘူး။

တော်ကြာ...ဒေါင်းဝေကိုကြည့်ပြီး ညကတောထဲမှာဖြစ်ခဲ့တဲ့ကိစ္စတွေကိုတွေးနေမိဦးမယ်။

ဘုန်းကြီးကျောင်းဝန်းထဲမှာဆိုတော့ ဆင်ဆင်ခြင်ခြင် နေနိုင်မှ တော်ကာကျမယ်။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

နောက်တစ်နေ့နံနက်

" ကပ္ပိယကြီးကြားပြီးသွားပြီလား မန် ကျည်း တောရွာကို ဓားပြဝင်တိုက်သွားလို့တဲ့တော့် ဓားပြတွေကရွာထဲကို အုပ်လိုက်သင်းလိုက်နဲ့ကိုဝင်လာတဲ့ပစ္စည်း‌တွေ တော်တော်များများပါသွားသလို လူနှစ်ယောက်ကိုလဲ ပစ်သတ်သွားသေးတယ်ဆိုပဲ "

" ကျုပ်ကြားပြီးသွားပါပြီ ကျုပ်တို့ရွာနဲ့မန် ကျည်းတောရွာနဲ့ဆိုတာက ကြားထဲမှာနှစ်ရွာလောက်ပဲ ခြားတာလေဗျာ ကျုပ်တို့ရွာကိုလဲမရောက်လာဘူးလို့ပြောလို့မရဘူး ဒီတော့..မရီလှတို့လဲ နားပါးထောင်ပြီး နေ ကျ ပေါ့ဗျာ"

" အမလေး ကပ္ပိယကြီးရယ်...ကျွန်မတို့မှာကဘာရှိလို့လဲ သူတို့ယူချင်ရင် ကျွန်မကိုယူသွားမှပဲရမယ်"

ကပ္ပိယကြီးနဲ့ဒေါ်ရီလှတို့ပြောနေတဲ့စကားသံတွေကို ဒေါင်းဝေ ခပ်သဲ့သဲ့ကြားနေရသည်။

မန်ကျည်းတောရွာက သစ်သုံးခွရွာနဲ့ သိပ်ပြီး အလှမ်းဝေးတာမဟုတ် သူတို့က လူတောင်သက်တာဆိုတော့ အသနားခံနေလို့လဲ ဘာမှထူးမည်မဟုတ်။

" ဒေါ်လေးရီလှက ဒီမှာကပ္ပိယကြီးနဲ့ လာတွေ့နေတာကိုး "

အောင်စိုး ကျောင်းထဲသို့ဝင်လိုက်ရင်ပဲအဒေါ်ဖြစ်သူအပျိုကြီး ဒေါ်ရီလှကို တွေ့လိုက်တာကြောင့် ရွှတ်နောက်နောက်နှင့်လှမ်းစလိုက်သည်။

" ဒီသေနာလေးကတော့ စကားကိုဘယ်လိုတွေပြောနေလဲမသိဘူး"

" ဟာ...မရီလှ ကျောင်းဝန်းထဲမှာမဆဲကောင်း ဘူးလေဗျာ"

" တောင်းပန်ပါတယ် ကပ္ပိယကြီးရယ်...၊ဟို...ကျွန်မပြန်လိုက်ဦးမယ်နော်"

ဒေါ်ရီလှ ရှက်ရှက်နှင့် ကျောင်းအပြင်သို့ကပြာကယာ ထွက်သွားသည်။

အောင်စိုးက အဒေါ်ဖြစ်သူအား ကြည့်ကာ ရယ်ကြဲကြဲလုပ်နေ၏။

ပြီးနောက် ကပ္ပိယကြီးအား ပြုံးစိစိနဲ့လုပ်ပြကာ ဒေါင်းဝေထံသို့လျှောက်လာခဲ့လိုက်သည်။

" မင်း ကပ္ပိယကြီးကို ဘာလို့သွားနောက်နေတာလဲ မင်းတော့နာတော့မယ် "

" ကပ္ပိယကြီးကို နောက်တာမဟုတ်ပါဘူးကွ ငါ့အဒေါ်ကိုပဲ နောက်လိုက်တာပါ ကပ္ပိ ယကြီးက အဆစ်ပါသွားတာပေါ့"

ပြောကာ ရယ်ကြဲကြဲနှင့်လုပ်နေပြန်သည်။

" လာတာ ဘာကိစ္စ ထန်းရည်သောက်ဖို့ဆိုရင်တော့ ငါမလိုက်ဘူးနော် ငါထန်းရည်မသောက်တော့ဘူးလို့ ဆုံးဖြတ်ထားတယ်"

" ဘာလဲဒေါင်းဝေ မင်းက ဘုန်းကြီးဝတ်တော့မလို့လား သေတောင်မယုံဘူး ဟိတ်ကောင် မင်းလိုကောင်က ထန်းရည် ဖြတ်မယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး"

" စောင့်ကြည့် ထားလိုက်ပါ..."

အောင်စိုးက သူ့မျက်လုံးအား လက် ချောင်းနှစ်ခုနှင့် ထိုးပြကာ

" အေးပါ... ဒီမျက်လုံးနှစ်လုံးနဲ့ စောင့်ကြည့်နေမယ်"

" စောင့်ကြည့်လိုက်"

" ထားပါတော့... ငါအခုလာတာ အဲ့ကိစ္စကြောင့်မဟုတ်ပါဘူး ငါ ဟိုဘက်ရွာကိုသွားမလို့ အပြန်မိုးချုပ်မှာကွ အဲ့တာမင်းများ အဖော်လိုက်ပေးချင်လားလို့"

" မလိုက်ပေးချင်ဘူး"

" ဟိတ်ကောင်! လုပ်ပါကွာ သူငယ်ချင်းရာ...ဟိုကောင် ဖိုးဇော်ကလဲ ကြောက်လို့ထင်တယ် မလိုက်ဘူးချည်း အရငြင်းနေတာ ငါလဲတစ်ယောက်တည်း မသွားရဲဘူးကွ လုပ်ပါကွာ...နော် ပြီးတော့ ခြေလျင်သွားမှာ မဟုတ်ပါဘူးကွ လှည်းနဲ့သွားမှာပါ "

" အင်းပါ... ငါလိုက်ခဲ့ပေးပါမယ်"

" တကယ်လား ဟိတ်ကောင် ဒါဆို လာအခုသွားမယ်"

" အခု ချက်ချင်းကြီးလား"

" အင်းလေကွာ အခုသွားရမှာကွ"

" ကျုပ်လဲ လိုက်ခဲ့မယ်"

ပြောရင်း အနားသို့ လျှောက်လာတဲ့ကံ ကောင်း

" ကောင်းတာပေါ့ လူများတော့ ပိုကောင်းတာပေါ့ဗျာ"

မလိုက်ခဲ့နဲ့ဟု ဒေါင်းဝေမတားဖြစ်ပါ။ အ ချိန်တိုင်းလိုလို ကံကောင်းအား သူ့အနားမှာရှိစေချင်တာလေ ကံကောင်းကလည်းဒေါင်းဝေနဲ့ တစ်ထပ်တည်းပါ။

ဒေါင်းဝေမရှိတဲ့ နေရာမှာ နေရဖို့ဆိုတာခက်ခဲလွန်းတယ်။ သူ့မျက်နာကို အချိန်တိုင်းမြင်ချင်နေတာ။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အောင်စိုး ကိစ္စတစ်ခုနဲ့ထိုအိမ်မှာကြာဦးမှာဖြစ်တာကြောင့် ကံကောင်းနှင့် ဒေါင်းဝေရွာထဲသို့ လမ်းလျှောက်ထွက်လာခဲ့ကြသည်။

အောင်စိုးသူ့အလုပ်ကိစ္စနဲ့ စကားပြောနေတာကို ဘေးနားမှာထိုင်ပြီးနားထောင်ပြီးမနေချင်ပါ။

သူတို့နှစ်ယောက် ရွာအပြင်ဘက်ရှိတောင်ပေါ် ဘုရားရှိရာ လျှောက်လာခဲ့ကြသည်။
တောင်ပေါ်သို့ နှစ်ယောက်အတူတက်ခဲ့ကြပြီး ထိုဘုရားပေါ်မှာအချိန်တော်တော်ကြာကြာ ထိုင်ပြီးစကားပြောခဲ့ကြ၏။

လေက တဖြူးဖြူးတိုက်နေပြီး ပတ်ဝန်း ကျင်ကလဲ သာယာတာကြောင့် အချိန်တွေဘယ်လို ကုန်သွားလဲတောင် မသိခဲ့ကြ။ ဒေါင်းဝေဘဝမှာ အပျော်ရွှင်ဆုံးအ ချိန်ကို ပြောပြပါဆိုရင် ကံကောင်းနှင့်အ တူရှိခဲ့တဲ့ အချိန်တွေကို ပြန်ပြီးရေရွတ်ပြရမယ်ထင်တယ်။

ညနေစောင်းနေပြီဖြစ်တာကြောင့် အောင်းစိုးရှိရာအိမ်သို့ နှစ်ယောက်သားပြန်လာခဲ့ကြသည်။

အောင်စိုးလဲ အလုပ်ကိစ္စပြီးပြီဖြစ်တာကြောင့် သူတို့ပြန်ဖို့အတွက်ဆုံးဖြတ်ခဲ့ကြသည်။ သူတို့မပြန်ခင် အိမ်ရှင်ဖြစ်သူထံမှသတိပေး စကားပါးလိုက်သေးတယ်။

" ပြန်ရင်ဂရုတစိုက်နဲ့ပြန်ကြဦးနော် အခုတလောသူခိုး ဓားပြတွေက သောင်းကျန်းနေတာ အဲ့ဒီလမ်းမှာ မကြာခဏ ဆိုသလိုဓားပြတိုက်ခံရတယ်"
တဲ့လေ။ ဒေါင်းဝေ ဒီနေ့ တစ်နေ့လုံး နားထဲမှာ ဒီဓားပြတွေအကြောင်းပဲ ကြားနေရတာ ထိုအကြောင်းကြားလိုက်တိုင်း စိတ်ထဲမှာလဲ တစ်ခုခုထင့်နေသလိုပဲ။

သူတို့က ပစ္စည်းမပေးရင်လူကိုသတ်တယ်ဆိုတော့ ကိုယ့်မှာ ဘာမှမရှိတာကို တစ်ကိုယ်လုံးက အဝတ်အစားတွေပါ ချွတ်ပြီး သက်သေပြရမယ်ထင်ပါ့။

အောင်စိုးကတော့ နွားလှည်းကိုသာဂရုတ စိုက်နဲ့မောင်းနေ၏။

ကံကောင်းနှင့် ဒေါင်းဝေကတော့ တစ်ယောက် မျက်နာတစ်ယောက်ကြည့်ကာလှည်းအနောက်မှ လိုက်ပါလာကြသည်။ကံကောင်း ဒေါင်းဝေရဲ့လက်အား လှမ်း ၍ဆုပ်ကိုင်လိုက်၏။

" ဟိတ်ကောင်တွေ ရပ်ကြစမ်း"

အောင်စိုး ကြိုးအားအတင်းဆွဲကာ နွားတွေအား ချက်ချင်းပင်ရပ်စေလိုက်သည်
။ ဒေါင်းဝေတို့ နှစ်ယောက်ရဲ့အကြည့်တွေကလဲ လှည့်အရှေ့ပိုင်းသို့ အထိတ်တလန့်နှင့်ကြည့်လိုက်မိသည်။

ပုဆိုးအား မျက်နှာဖုံးလုပ်ကာ ငှက်ကြီး တောင် ဓားတစ်ချောင်းစီ ကိုင်ထားတဲ့လူသုံးယောက် ကြားဖူးတဲ့ ဓားပြအဖွဲ့က မြင်းစီးပြီး သေနတ်ကိုယ်စီ ကိုင်ထားကြတယ်ဆိုပဲ အခုဟာက တကယ်ဓားပြရောဟုတ်ရဲ့လား

" ပါတဲ့ ပစ္စည်း အကုန်ထုတ်"

အောင်စိုးက ပြာပြာသလဲနှင့်

" ကျုပ်...ကျုပ်တို့မှာဘာမှမပါ ပါဘူးဗျာ"

" ငါတို့ကိုလိမ်ဖို့ မကြိုးစားနဲ့အားလုံးမသာပေါ်ကုန်မယ်"

" အောက်ဆင်း အကုန်လုံး အောက်ဆင်းခဲ့ကြ"

သုံးယောက်သား လှည့်ပေါ်မှ မြေပြင်ပေါ်သို့ ခုန်ဆင်းလိုက်ကြသည်။ ကံကောင်းစိတ်ထဲတွေးမိတာကသူတို့လဲသုံးယောက်၊ကိုယ်တွေဘက်ကလဲ သုံးယောက်ပဲ
ဒီတော့ တစ်ယောက်ချင်းချလို့ရလောက်တယ် ဒါပေမယ့်...ဒေါင်းဝေ တစ်ခုခုဖြစ်သွားမှာကိုလဲစိုးရိမ်မိတယ်။

" ရှိတာအကုန်ထုတ် ဖွက်ထားဖို့ မစဥ်းစားနဲ့ သေသွားမယ်"

" ကျုပ်တို့မှာ တကယ်ဘာမှမရှိတာပါဗျာမယုံရင်ရှာကြည့်လို့ရပါတယ် အသက်ကိုတော့ ချမ်းသာပေးပါဗျာ"

" ဟိတ်ကောင် မင်းတို့နှစ်ယောက် ရှာကြည့်စမ်း"

မျက်နာဖုံးစွပ်နဲ့ လူနှစ်ယောက်က အောင်စိုးနဲ့ ဒေါင်းဝေအား တစ်ယောက်ချင်းစီလိုက်ရှာဖွေနေလိုက်၏။

ဟိုကြားနှိုက် ဒီကြားနှိုက်နဲ့လုပ်နေပြီး၊အောင်စိုးရဲ့လွယ်အိပ်ထဲ နှိုက်နေစဥ်မှာပဲ

" တွေ့ပြီ တွေ့ပြီ"

အောင်စိုးရဲ့လွယ်အိပ်ထဲမှ ပိုက်ဆံထည့်ထားတဲ့ အထုပ်တစ်ထုပ်အားနှိုက်ယူလိုက်သည်။

" မင်းကများ ငါတို့ကို လိမ်ရဲသေးတယ်မင်းမှာ ငွေတွေ ပါလာမယ်ဆိုတာ ငါတို့ကြိုသိပြီးသားကွ"

ဟင် သူတို့က ဘယ်လိုသိတာလဲ

" ခွပ်!"

ဟင်

ကံကောင်းက ရုတ်တရက်ထလိုက်ပြီး ငွေထုပ်ကိုင်ထားတဲ့လူအား အလစ်မှာ လက် သီးနဲ့အားပြင်းစွာထိုးချလိုက်သည်။

လဲကျလုနီးပါးဖြစ်သွားတဲ့ ထိုလူရဲ့မျက်နာအား ခြေထောက်နဲ့အချိန်ပြင်းစွာကန်ထည့်လိုက်ပြီး လွတ်ကျသွားတဲ့ ဓားအားလျင်မြန်စွာကောက်ကိုင်လိုက်သည်။

ထိုစဥ်မှာပဲ ဓားကိုင်ထားတဲ့ လူနှစ်ယောက်က ကံကောင်းအားဓားနဲ့ ဝင်ခုတ်လိုက်၏။
ကံကောင်းက လျင်မြန်စွာ ထိုဓားချက်တွေကို သူ့လက်ထဲမှ ဓားနဲ့ကာလိုက်ပြီးခုခံတိုက်ခိုက်လိုက်သည်။

ကံကောင်း တိုက်ခိုက်နေတဲ့ပုံစံက တကယ့်သိုင်းပညာရှင် တစ်ယောက်လိုမျိုးလျင် မြန်ဖျက်လက်နေသည်။

ဒေါင်းဝေနှင့် အောင်စိုးသည်လည်း လဲကျသွားတဲ့လူအား နှစ်ယောက်ပေါင်းကာအကျိတ်အနယ်ပင် ထိုးလိုက်ကြသည်။

အောင်စိုး ထိုလူ၏ မျက်နာဖုံးအား ဆွဲချွတ်လိုက်ရာ

" ဟင် ခင်ဗျားတို့"

တခြားသူ မဟုတ် အောင်စိုးအလုပ်ကိစ္စနှင့်သွားခဲ့တဲ့ အိမ်က အိမ်ရှင်ရဲ့သားဖြစ်သူရဲ့သူငယ်ချင်းအဖွဲ့ထဲက တစ်ယောက်
အောင်စိုး ကောင်းကောင်းကြီး မှတ်မိတယ်။

ကံကောင်း သတိတစ်ချက် လွတ်ကာ ဒေါင်းဝေတို့ရဲ့ အဖြစ်အပျက်ကိုကြည့်လိုက်စဥ်မှာပဲ ဓားချက်တစ်ချက်က သူ့ရဲ့ကျောကုန်းအား လှီးဖြတ်လိုက်သည်။

" အား!"

" ဟိတ်ကောင်တွေ တော်ပြီ တော်ပြီ သွားမယ်"

ထိုလူ သုံးယောက် ကုန်းရုန်းထကာ အနားက လျင်မြန်စွာပြေးထွက်သွားစဥ်မှာပဲ။
အောင်စိုးက သူ့ခြေထောက်နားရှိ မကြီးမငယ် အရွယ်ကျောက်တုံးအားယူကာ ထိုလူသုံးယောက်ထဲက တစ်ယောက်ယောက်အားမှန်လိုမှန်ငြား အားနဲ့ပစ်ထည့်လိုက်သည်

" ဟာ!"

" ဟင်!"

ကျောက်တုံးက ထိုလူသုံးယောက်အားမမှန်ပဲ ဘေးနားရှိ ကံကောင်းရဲ့ခေါင်းတည့်တည့်သို့ အရှိန်ပြင်းစွာ ထိမှန်သွားသည်။

ဓားနှစ်လတ်နဲ့ တိုက်ခိုက်နိုင်ပေမယ့် အောင်စိုး ပစ်လိုက်တဲ့ ကျောက်တုံးကိုတော့မရှောင်နိုင်လိုက်ပါ။

ကံကောင်း သတိလစ်ကာ မြေပြင်ပေါ်သို့ပစ်လဲကျသွား၏။

" အောင်စိုး မင်းလုပ်လိုက်ရင် တလွဲချည်းပဲ"

ဒေါင်းဝေ မြေပြင်ပေါ်လဲကျသွားတဲ့ ကံ ကောင်းအား ပြေးကာ ပွေ့ထူလိုက်သည်။
ခေါင်းမှာက သွေးတွေရဲနေသလို ကျော ကုန်း က သွေးတွေကလဲ ဒေါင်းဝေရဲ့လက်ပေါ်သို့စီးကျနေသည်။

မျက်နာဖုံးစွပ်နဲ့ လူသုံးယောက်ကတော့ထွက် ပြေးသွားပြီဖြစ်၏။

ကံကောင်းရဲ့ကျေးဇူးကြောင့် ပိုက်ဆံအိပ်တော့ပါမသွားပါ။

..............................................

ဦးဇင်းတစ်ပါးရဲ့ကုသမှုကို ခံယူပြီးပြီဆိုပေမယ့် ကံကောင်းက အခုချိန်ထိသတိမရသေးဘူး။ အောင်စိုးကလဲ သူ့ကြောင့်ဖြစ်သွားတာဆိုတော့ မျက်နာမကောင်း မျက်နာမသာမယာရှိနေတဲ့ ဒေါင်းဝေအားကြည့်ပြီး ပို၍စိတ်မကောင်းဖြစ်ရသည်။

" မိုးလဲ အတော်ချုပ်နေပြီ မင်းပြန်ရင်ပြန်လိုက်တော့လေ"

အောင်စိုးတစ်ယောက် ချီတုန်ချတုန် ဖြစ်နေသည်။ သူဘယ်လိုပုံစံနဲ့ပြန်ရမလဲ ကိစ္စအားလုံးက သူ့ကြောင့်ဖြစ်သွားရတာလေ။

" ကဲပါ...ပြန်လိုက်တော့ ဘာမှစိတ်ပူမနေနဲ့သူခဏနေ ပြန်ကောင်းလာမှာပဲ"

" အဲ...အဲဒါဆို ငါပြန်တော့မယ်နော်"

အောင်စိုးပြောပြီး အဆောင်ပေါ်မှ ဆင်းသွားသည်။

အောင်စိုးကိုသာ စိတ်မပူနဲ့ ပြောလိုက်တာ ဒေါင်းဝေရင်ထဲမှာ  ကံကောင်းအတွက်ဘယ်လောက်တောင်စိုးရိမ်နေလဲဆိုတာဒေါင်းဝေကိုယ်တိုင်ပဲ သိမယ်။

ဓားဒဏ်ရာက တော်တော်နက်တယ်လို့ပြောတယ် သူစိတ်မပူပဲ ဘယ်လိုနေနိုင်မှာလဲ...

"0ကိုကြီးဒေါင်းဝေ0ရေသွားချိုးလိုက်ဦးလေ0ဦးကံကောင်းကို ကျွန်တော်တို့ကြည့်ထားပေးပါ့မယ်"

ဘေးနားက ကျောင်းသားလေးတစ်ယောက် ပြောမှပဲသတိရတယ်။ကံကောင်းရဲ့သွေးတွေက သူ့ခန္ဓာကိုယ်အနှံ့မှာပေ ကျံနေတာ။ ဒေါင်းဝေ ရေချိုးရန်ပြင်လိုက်သည်။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ဒေါင်းဝေမျက်လုံးတွေ အတော်ပင်အိပ်ချင်နေပါပြီ။ သို့ပေမယ့်လဲ ကံကောင်းကအခုချိန်ထိ သတိမရသေးတော့ သူအိပ်လိုက်လို့ မဖြစ်သေးဘူး။

ကျောင်းသားတွေကတော့ အကုန်လုံးအိပ် ပျော်သွားပါပြီ။ အချိန်လဲမနည်းတော့ဘူးမဟုတ်လား။

ဒေါင်းဝေ ကံကောင်းနံဘေးတွင် လှဲလျောင်းလိုက်ပြီး ကံကောင်းဘက်လှည့်ကာ သူ့မျက်နာအား ကြည့်နေလိုက်သည်။

အချိန်ကြာလာတာနဲ့အမျှ မျက်လုံးတွေကတဖြည်းဖြည်းနဲ့မှေးဆင်းလာ၏။မျက်လုံး တွေအား အရင်ပြန်ဖွင့်လိုက်ပြီး အိပ်မပျော်အောင်ကြိုးစားနေပေမယ့် ဘယ်အ ချိန်မှာဘယ်လိုသတိလွတ်ကာ သူအိပ် ပျော်သွားမှန်းမသိလိုက်ပါ။

" ကိုကြီးဒေါင်းဝေ! ကိုကြီးဒေါင်းဝေ"

ကျောင်းသားတစ်ယောက်ရဲ့အသံကြောင့် ဒေါင်းဝေ သူ့မျက်လုံးတွေကို အိပ်မှုန် စုံမွှားနဲ့ဖွင့်ကြည့်လိုက်သည်။

" ဦးကံကောင်းကြီး မရှိတော့ဘူး"

" ဟင်"

ဒီတော့မှ ဒေါင်းဝေ သူ့နံဘေးနားကြည့်မိလိုက်သည်။ ခေါင်းဦးတစ်ခုနဲ့ စောင်တစ်ထည်သာရှိပြီး ကံကောင်းကိုတော့မတွေ့တော့ပါ။

" သူဘယ် ရောက်သွားတာလဲ"

" ကျွန်တော်တို့ နိုးကတည်းကမရှိတော့တာ ကျွန်တော် ကပ္ပိယကြီးကိုလဲ သွားမေးပြီးပြီ သူဘယ်သွားလဲဆိုတာဘယ်သူမှ မသိကြဘူး"

ဒေါင်းဝေတစ်ယောက် စိတ်တွေယောက်ယပ်ခက်သွားသည်။

သူဘယ်လိုလုပ်ရမလဲ။ ကံကောင်းကရုတ် တရက်ကြီးပျောက်သွားတယ်။ ပြီးတော့သူ့မှာက ဓားဒဏ်ရာကြီးနဲ့

" ငါရွာထဲသွားရှာကြည့်လိုက်ဦးမယ် သူရွာထဲမှာပဲသေချာပေါက်ရှိမှာပါ"

' ဟုတ်တယ် သူရွာထဲမှာပဲရှိမှာ သေချာတယ် ငါ့ကိုထားခဲ့ပြီးတော့ သူထွက်သွားမှာမဟုတ်ဘူး သူထွက်သွားရင်တောင် ငါ့ကို တစ်ခါတည်းခေါ်သွားမယ်လို့ သူပြောခဲ့တာပဲ သူငါ့ကိုဒီလိုပုံစံနဲ့ထားခဲ့မှာမဟုတ် ဘူး'

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ဒေါင်းဝေ၊ကံကောင်းအား လိုက်ရှာနေတာတစ်ရွာလုံးလဲနှံ့နေပြီ။ သူ့အရိပ်အယောင်တောင်မတွေ့။

ဖိုးဇော်နဲ့ အောင်စိုးကလဲ တစ်ယောက်တစ်နေရာလိုက်ရှာပေး၏။

ဒါပေမယ့်လဲ၊အချိန်တွေသာ ကုန်သွားတယ်။ သူတို့လဲ ကံကောင်းကိုမတွေ့ဘူး။

" သူ့ဖာသာထွက်သွားတာဆိုတော့ မင်းသူ့ကိုဘာမှစိတ်ပူနေဖို့မလိုပါဘူးကွာ သူ့သ ဘောနဲ့သူ ထွက်သွားတာပဲ"

" သူ့မှာက ဒဏ်ရာကြီးနဲ့ကွ ဖိုးဇော်ရ ငါဘယ်လို စိတ်မပူပဲနေနိုင်မှာလဲ"

အောင်စိုးကလဲ စိတ်မကောင်း

" ငါ့ကြောင့်ဒီလိုဖြစ်ရတာပါ ငါသာမင်းတို့ကိုမခေါ်သွားဘူးဆိုရင် ဒီလိုကိစ္စတွေဖြစ် လာမှာမဟုတ်ဘူး"

အောင်စိုးကိုတော့ ဒေါင်းဝေစိတ်ထဲမထားပါဘူး။ ဒဏ်ရာတွေရခဲ့တာကသူ့​ပယောဂမကင်းပေမယ့် ကံကောင်းထွက်သွားတာက အောင်စိုးကြောင့်မှ မဟုတ်တာ။

' အစ်ကိုတစ်နေ့ကျရင် ကျွန်တော့်ဆီကိုပြန် လာမှာလား ဒါမှမဟုတ် ကျွန်တော်တို့နှစ်ယောက်ရဲ့ပတ်သတ်မှုက ဒီဘဝဒီမျှနဲ့ပဲလားဗျာ...'

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

" ကိုဘထူး သေပြီတဲ့ကွ"

ဖိုးဇော်ပြောလိုက်တဲ့စကားကြောင့် အောင်စိုး သောက်လက်စ ထန်းရည်ခွက်ကိုအောက် သို့ချလိုက်သည်။

သူအထိတ်တလန့်ဖြစ်ရင်လဲ ဖြစ်စရာပဲလေ။ လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်က၊ဖြစ်သွားတဲ့ကိစ္စတွေနဲ့ ပတ်သတ်ပြီးပြန်တွေးကြည့်လိုက်ရင် ဒါက တကယ်ကိုအံ့သြစရာပဲမဟုတ်လား။

ကိုဘထူးက ပထမဆုံးသေတဲ့သူမဟုတ်ပေမယ့် ထိုမိသားစုမှာ တစ်ယောက်သေတိုင်း ရွာထဲကလူတွေရဲ့ပါးစပ်ဖျားမှာ​ပြောမဆုံးနိုင်ဖြစ်ကြရစမြဲပင်....

လွန်ခဲ့တဲ့တစ်နှစ်ကျော်က ဖြစ်သွားတဲ့ကိစ္စတွေက အောင်စိုးအတွေးထဲ ရုတ်တရက်ဝင်ရောက်လာသည်။

အဲ့ဒီနေ့က အောင်စိုးရွာလူကြီးအိမ်မှာကိစ္စတစ်ခုနဲ့ရောက်နေတာ

" ကျုပ်မလုပ်ဘူးလို့ ပြောပြီးပြီလေဗျာကျုပ်ပြောတာ ဘာလို့မယုံကြတာလဲ"

" သူခိုးကတော့ ဘယ်ခိုးတယ်ပြောမလဲကွ"

ဒေါသအရှိန်ကြောင့်လားမသိ ကိုဘမြင့်ရဲ့မျက်နာတစ်ခုလုံးက မီးထတောက်မတက်နီရဲနေ၏။

မိမိရဲ့အစ်ကိုအရင်းဖြစ်သူ ကိုဘထူးကမိမိအား သူခိုးတစ်ယောက်ဆိုပြီး စွပ်စွဲနေသည်။

ဖခင်ဖြစ်သူဆုံးသွားတော့ ကျန်ခဲ့တဲ့အမွေတွေအား သားသမီးတစ်ယောက်ချင်းစီကိုအညီအမျှခွဲပေးသည်။

.........................

 အားလုံးတော့မဟုတ် မိခင်ဖြစ်သူထံမှာအ မွေတစ်ချို့တစ်ဝက်ကျန်နေခဲ့သေး၏။

တစ်နေ့မှာ မိခင်ဖြစ်သူ အိမ်က လက်ဝတ်ရတနာတော်တော်များများပျောက်သွားတယ်။

အတွင်းလူသာ မဟုတ်ရင် လက်ဝတ်ရတ နာတွေအား သိမ်းထားတဲ့နေရာကို သိမှာမဟုတ်ဘူးဟု အားလုံးက ယူဆနေကြသည်။

ကိုဘမြင့်တစ်ယောက်လဲ အပါအဝင်ပေါ့သူခိုးဘယ်သူလဲဆိုတာ သူလဲသိချင်နေမိတယ်။ သားသမီးအားလုံးကအိမ်ထောင် ကျကုန်ပြီး ကိုယ့်အိမ်ကိုယ့်ယာနဲ့ဖြစ်နေကြတာ။

အထွေးဆုံးဖြစ်တဲ့ ညီမငယ်လေးကပဲ အမေဖြစ်သူကိုစောင့်ရှောက်ရင်း မိခင်နဲ့တစ်အိမ်တည်းနေရတာ။

သူခိုးတာလဲ လုံးဝမဖြစ်နိုင်ဘူးဆိုတာအား လုံးသိတယ်။ တစ်ချိန်ကြရင် အမေဖြစ်သူဆီက အမွေတွေအားလုံးကို သူမပဲ ရမှာလေ။

" အဲ့ဒီညက ဘမြင့်အမေ့ခြံထဲ ဝင်သွားတာ ကျုပ်တွေ့လိုက်တယ်"

ဘာ...

အားလုံးရဲ့အကြည့်တွေက ဘမြင့်ရဲ့မျက် နှာ ပေါ်သို့ရောက်သွားကြသည်။

ဘမြင့်ကိုယ်တိုင်လဲ သူ့ရဲ့နားကိုတောင်သူမယုံနိုင်ဖြစ်သွားရတယ်။

" ဟာ အဲ့ဒီညကကျုပ်ဘယ်မှမသွားဘူး မယုံရင် ကျုပ်မိန်းမကို မေးကြည့်လို့ရတယ်"

" မင်းမိန်းမကတော့ မင်းဘက်ကပဲ ပါမှာပေါ့ကွ ငါမင်းကိုသေသေချာချာမြင်လိုက်တာ မင်းကအခုငြင်းနေတယ်ဆိုတော့ အမေ့ပစ္စည်းတွေကို ခိုးတာ မင်းပဲမဟုတ်လား"

" လုပ်ရက်လိုက်တာအကိုကြီးရယ်..."

" ဘာတွေပြောနေတာလဲ ငါအမေ့ပစ္စည်းတွေကိုမခိုးဘူး ငါသူခိုးမဟုတ်ဘူး"

မောင်နှမတွေအားလုံးက ဘမြင့်အပေါ်ရွံ ရှာတဲ့အကြည့်တွေနဲ့ကြည့်နေကြသည်။
ဘမြင့်ဘယ်လိုပဲ ရှင်းပြရှင်းပြဘယ်သူမှမယုံကြပါ။

" ဘထူး...မင်းမဟုတ်လား"

" ဘာကိုလဲ"

" အမေ့ပစ္စည်းတွေကို မင်းပဲခိုးတာမဟုတ်လား"

ဘထူးရဲ့မျက်နာက သိသိသာသာကို ပျက်သွားပြီး

"ဘမြင့် မင်းက ခိုးလဲခိုးသေးတယ် အခုငါ့ကိုပါ လာစွပ်စွဲနေပြန်ပြီ မင်းမှာသက်သေရှိလို့လား"

မရှိပါ။ ဒါပေမယ့် ဘမြင့်စိတ်က အလိုလိုသိနေတယ် အဲဒီညက သူဘယ်မှမသွားခဲ့တာ သေချာတယ်။

" အမေ ဒီကောင့်ကို အပြစ်ပေးမှရမှာ သူ့ကို ရွာလူကြီးဆီကို ခေါ်သွားရမယ်"

" မင်းကြိုက်တဲ့ နေရာခေါ်သွားလို့ရတယ်ဘထူး မင်းသိထားဖို့က အမှန်တရားဆိုတာ တစ်နေ့နေ့တစ်ချိန်ချိန်ကြရင် ပေါ်လာမှာပဲကွ"

" ဒါကအိမ်တွင်းရေးကိစ္စပါလေ... သူကြီးဆီသွားဖို့မလိုပါဘူးကွယ်..."

" မသွားလို့မရဘူးအမေ ဒီကောင့်ကိုမှတ်လောက်သားလောက်အောင် အပြစ်ပေးမှရမှာ"

မိခင်ဖြစ်သူလဲ ဘာမှမပြောနိုင်တော့။မောင်နှမတွေအားလုံးကလဲဘထူးရဲ့စကားကိုသာယုံနေကြသည်။

ရွာလူကြီး အိမ်ရောက်လာပြန်တော့လဲ ရွာလူကြီးပြောလိုက်တာက

" ဒါကမင်းတို့အိမ်တွင်းရေးကိစ္စဆိုတော့၊မင်းတို့ဖာသာရှင်းကြ အမ်...ဒါပေမယ့် ဘမြင့်ကိုထိပ်တုံးတစ်ပတ်ခက်ထားမယ် ပြီးတော့...ငွေ(.....)ဒဏ်ကြေးဆောင်ရမယ်"

သူကြီးအပြစ်ပေးတာက ဒီလောက်ပဲ ဒါ ပေမယ့်...ဘမြင့်တစ်ယောက်သူခိုးဆိုတာထင်ရှားနေသည်။

ဘမြင့် ဒီကိစ္စကို ဒီမှာတင် မရပ်နိုင်ဘူး ဘထူးကို တစ်ခုခုတော့ ပြန်လုပ်ရမှကျေနပ်မယ်။

တစ်နေ့ ဘမြင့်ထိပ်တုံးက လွတ်ပြီးနောက်တစ်နေ့မှာ အောက်လမ်းဆရာတစ်ယောက် နဲ့အတူ ဘထူးအိမ်သို့ ရောက်ချလာသည်။

ဘထူးတစ်ယောက်ကြောင်တောင်တောင်မျက်လုံးတွေနဲ့ကြည့်နေ၏။

" ဘထူး ငါ့ကိုအိမ်ထဲ မခေါ်တော့ဘူးလား၊ဒီမှာငါဆရာတစ်ယောက်ခေါ်လာတယ်"

" ........................."

" အမေ့ပစ္စည်းတွေကို မင်းမခိုးဘူးဆိုတာသေချာတယ်မဟုတ်လား ဒါဆို ငါတို့ကိုအိမ်ထဲပေးဝင်လေကွာမင်းမခိုးဘူးဆိုတာသက်သေပြပေါ့ မင်းငါ့တို့ကို ပေးမဝင်ရင်တော့ မင်းက တကယ့်တရားခံ မို့လို့ပဲ"

" ဟိတ်ကောင် မင်းဘယ်သူ့ကိုပဲခေါ်လာလာဂရုမစိုက်ဘူးကွ"

ဘထူး သူတို့နှစ်ယောက်အားဝင်ခွင့်ပေး လိုက်၏။ အိမ်ထဲရောက်လို့ထိုင်ပြီးသည်
နှင့်၊ဆရာလိုလိုဘိုးတော်လိုလိုလူတစ်ယောက်က ဘထူးထံသို့ ဆေးလုံးတစ်လုံးကမ်းပေးပြီး

" ဒါကသာမန်ဆေးလုံးမဟုတ်ဘူး ကျမ်း သစ္စာဆိုထားတဲ့  ပဲ မင်းသာ ဘမြင့်ပြောသလိုမျိုး သူခိုးတစ်ယောက်ဆိုရင် ဒီဆေး လုံးစားလိုက်တာနဲ့၊မင်းရဲ့မိသားစုတစ်ခုလုံး တစ်ယောက်ပြီး တစ်ယောက်သေလိမ့်မယ် မင်းအမှန်တကယ်မခိုးဘူးဆိုရင်တော့ ဒီဆေးလုံးကမင်းကိုအန္တရာယ်ဖြစ်စေမှာမဟုတ်ဘူး"

ဘထူးက မဲ့ပြုံး တစ်ချက်ပြုံးလိုက်ပြီး

" ကျုပ် ဒါတွေ အယုံအကြည်မရှိဘူး"

တကယ်လဲဘထူးအယုံအကြည်မရှိပါ။ ဘမြင့်ခေါ်လာတဲ့လူဆိုရင် ပိုလို့တောင်မယုံကြည်သေး။

" ဘာလဲဘထူး မင်းတကယ် ခိုးခဲ့လို့ ဒီဆေးလုံးကိုမစားရဲတာလား"

ဘထူး ဘိုးတော်လက်ထဲက ဆေးလုံးအားယူကာ ဝါးစားလိုက်သည်။

" စားကောင်းသားပဲကွ"

ဘထူးက အောင်နိုင်သူ အပြုံးနှင့်သာပြုံးနေဆဲ။

ကြံမ္မာဆိုးက၊သူ့မိသားစုထံ ဆိုက် ဆိုက်မြိုက်မြိုက်ကြီး ရောက်လာတော့မှာ ကိုတော့ သူမသိခဲ့ပါ။

ထိုကိစ္စဖြစ်ပြီး သုံးလလောက်ကြာတော့ဘထူးတို့မိသားစု အိမ်ကြီး အိမ်ကောင်းဆောက်လိုက်နိုင်ပြီး ကြီးပွားသွားတာကတစ်ရွာလုံးအမြင်ပဲ။

ဒါပေမယ့် ကျိန်စာတစ်ခုက ထိုအိမ်ထဲမှာရှိနေတာကိုတော့ ဘယ်သူမှမမြင်ကြပေ။

အိမ်ဆောက်ပြီး တစ်လမပြည့်ခင်မှာပဲ ဘထူးရဲ့သမီးအကြီးဆုံးက၊ဖျားနာပြီးဆုံးပါးသွားခဲ့တယ်။

ဒါပေမယ့်၊သမီးဖြစ်သူသေသွားတာ၊ဟိုဆရာရဲ့ဆေးလုံးနဲ့မသက်ဆိုင်ဘူးလို့၊ဘထူးထင်တယ် ။

နောက်နှစ်လလောက်နေတော့ မိန်းမဖြစ်သူဆုံးပါးသွားခဲ့ပြန်တယ်။

ဘထူး တစ်ယောက် ထိုဆရာပြောခဲ့တဲ့ စကားတွေကိုယုံကြည်လာခဲ့ပေမယ့် ထိုဆရာထံကိုတော့ တစ်ခေါက်လေးမှတောင် သွားဖို့စိတ်ကူးမရှိခဲ့ပါ

အခုတော့ ထိုအိမ်ကြီးမှာ ဘထူးနဲ့ သူ့သားနှစ်ယောက်သာကျန်တော့တယ်။

လအ နည်းငယ်ကြာတော့ သူ့သားနှစ်ယောက်ထဲက အငယ်ဆုံးတစ်ယောက်ကရေနစ်ပြီး ဆုံးပါးသွားခဲ့ပြန်တယ်။

ဘထူး အထက်လမ်းဆရာတစ်ယောက်ထံသွားကာ ထိုဆေးစွမ်းအား ပယ်ဖျက်ရန်ကြိုးစားခဲ့ပေမယ့်

" ဒီပညာက လုံးဝကိုအဆင်မြင့်လွန်းတယ် ဒီဆေးကို ငါမ​ဖြည်နိုင်ဘူး သူကိုယ်တိုင်တောင်မှ ပြန်ဖြည်နိုင်တော့မယ်မထင်ဘူး"

အခု သားအဖနှစ်ယောက်ပဲ ကျန်တော့တယ်။ ဘထူးတစ်ယောက်လဲ စိတ်မမှန်တော့ပဲ အရူးတစ်ယောက်လိုတစ်ယောက် တည်းစကားတွေပြောလာတယ်။

အချိန်တွေ အတော်ကြာလာခဲ့ပြီး တစ်ညမှာတော့ အိမ်အပေါ်ထပ်ရဲ့လှေကားထိပ်မှာ မိန်းမဖြစ်သူက ကျောပေးပြီးထိုင်နေတာကို ဘထူးတွေ့လိုက်ရတယ်။

ဘထူးကလဲ ရူးကြောင်မူးကြောင်နဲ့ အနားသွားကာ

" မိန်းမ ယောကျ်ားဆီကို ပြန်လာတာလားကွာ...မိန်းမ"

ဘထူးတစ်ယောက် မိန်းမဖြစ်သူအားပွေ့ ဖက်ကာ သူမမျက်နာအား ကြည့်လိုက်စဥ်မှာတော့ မျက်နာတစ်ခုလုံးက လောက် ကောင်တွေ တက်ကာ ပုတ်ပွနေပြီး မျက် လုံးတစ်ဖက်က အောက်သို့ တွဲလောင်းပြုတ်ကျနေသည်။

ဘထူးလန့်ဖျန့်သွားပြီး သူမအားလှေကားပေါ်မှတွန်းချလိုက်သည်။

ဒါပေမယ့် သူတွန်းချလိုက်တဲ့သူက တစ် ယောက်တည်းသာကျန်တော့တဲ့ သားဖြစ်သူဆိုတာ သူမသိလိုက်ခဲ့လိုက်ဘူး။

အဲ့ကိစ္စဖြစ်သွားပြီး သိပ်မကြာခင်မှာပဲ ဘထူးတစ်ယောက် ကိုယ့်ကိုယ်ကို သက်သေသွားတယ်ဆိုပြီး တစ်ရွာလုံး ပျံ့နှံ့သွားသည်။

" အင်း....သိပ်ကြောက်ဖို့ကောင်းတဲ့ပညာပါလားနော်"

" ဟုတ်တယ် အောင်စိုးရ အခုလဲ...အဲ့ဒီအိမ်နားကိုတစ်ယောက်မှမသွားရဲကြဘူးတစ်ခါတစ်ခါ အဲ့ဒီအိမ်နားက ဖြတ်သွားရင် အသံတွေကြားရတယ်တဲ့ကွ"

" ဟုတ်တယ် တစ်မိသားစုလုံးက မကျွတ်မလွတ်ပဲ အဲ့ဒီအိမ်မှာပဲ အခုအချိန်ထိရှိနေကြတာ"

အောင်စိုးပြောပြီး ထန်းရည်ခွက်အားမော့သောက်လိုက်သည်။

"ငါတို့သူငယ်ချင်းဒေါင်းဝေကြီးလဲ အခုအ ချိန် ဘာလုပ်နေမလဲ မသိဘူးကွာ..."

" ဘာလုပ်နေရမှာလဲ ဟိုလူ သူ့ ဆီပြန်လာမယ်ဆိုပြီးမျှော်နေမှာပေါ့ ဒေါင်းဝေက အဲ့ဒီလူကို အရမ်းကိုသံယောဇဥ် ဖြစ်နေတာကွ"

ဖိုးဇော်နဲ့ အောင်စိုး သက်ပြင်းမောကြီးတစ်ချက် ပြိုင်တူချလိုက်မိသည်။
..............................................

ဒေါင်းဝေ အဆောင်ပေါ်ကဆင်းလာတော့ခရေပင်ကြီးအောက်တွင် ကံကောင်း တစ်ယောက်ထိုင်နေတာကို တွေ့လိုက်ရသည်။
ဒေါင်းဝေ ဝမ်းသာအားရနဲ့ အပင်အောက်ကို အပြေးသွားလိုက်ပြီး

" အစ်ကို ကျွန်တော့်ဆီ ပြန်လာတာလားအစ်ကိုဘယ်တွေလျှောက်သွားနေတာလဲဗျာ"

ကံကောင်းက စကားတစ်ခွန်းမျှမပြောပဲ မလှုပ်မယှတ်နှင့်ပင် ထိုင်နေသည်။

ဒေါင်းဝေ သူ့အား မေးခွန်းတွေအများကြီးမေးနေခဲ့ပေမယ့် ကံကောင်းကတော့တုတ်တုတ်မျှ မလှုပ်။

" ကျွန်တော်က အစ်ကို့ကို စိတ်ပူနေတာသိလား အစ်ကိုက ဒဏ်ရာကြီးနဲ့ ထွက်သွားတာ အဆင်မှပြေပါ့မလားဆိုပြီး စိုးရိမ်နေတာ"

" ............."

" အစ်ကို ကျွန်တော် ပြောနေတာကြားရဲ့လား ကျွန်တော် အစ်ကို့ကို ဘယ်လောက်တောင်သတိရနေလဲ ဆိုတာ သိရဲ့လားအစ်ကို ကျွန်တော့်ကို တစ်ခုခုပြန်ပြောပါဦး"

ဒေါင်းဝေ ပြောရင်းဆိုရင်းနဲ့ ကံကောင်းရဲ့ပုခုံးအားကိုင်ကာ သူ့ဘက်သို့ လှည့်ကြည့်စေလိုက်၏။

ထိုစဥ်မှာပဲ...

ဒေါင်းဝေတဒိတ်ဒိတ်နှင့်ခုန်နေတဲ့ရင်ဘတ်အားလက်ဖြင့်ဖိထားမိသည်။ အသက်ရှုသံ တွေလဲပြင်းနေ၏။

' ငါအိပ်မက် မက်နေတာပဲ'

အိပ်မက်ထဲမှာကံကောင်းရဲ့မျက်နာတခြမ်းက ဒဏ်ရာတွေ ဗရပွနဲ့ စုတ်ပြတ်သတ်နေတာ။ ဒေါင်းဝေ အစိုးရိမ်လွန်နေတာပဲဖြစ်မှာပါ။

သူထွက်သွားပြီး ကတည်းက ဒေါင်းဝေသူ့ကို တစ်နေ့မှမေ့မရခဲ့။ အခုဆိုသူ ထွက်သွားတာ တစ်လတောင်ကျော်ပြီ။

သူဘယ်ရောက်လို့ ဘယ်ပေါက်နေသည် မသိ။ ဒေါင်းဝေ သူ့ကိုသတိရတယ် အ ရမ်းကို သတိရတယ်။

မနက် မိုးလင်းတော့ ဒေါင်းဝေ ကျောင်းဝန်းထဲ၌ တံမြတ်စည်းလှဲနေလိုက်သည်။
ညက မိုးရွာထားတာဆိုတော့ ခရေပင်အောက်မှာလဲ သစ်ရွက်တွေကြွေလို့။

ဒီရက်ပိုင်းတွေမှာ ရွာထဲဘက် သိပ်မသွားဖြစ်တာကြောင့် ဖိုးဇော်နှင့် အောင်စိုးတို့နဲ့လဲမတွေ့ဖြစ်ဘူး။ ကျောင်း ဝေယျာဝစ္စကိစ္စတွေကိုပဲ အာရုံ ထားနေဖြစ်တာ။ သူတို့ တွေ့ချင်လို့ ကျောင်းထဲလာမှသာ တွေ့ရတာ။

ထိုစဉ် ရွာလူကြီးဦးသောင်းစံ ကျောင်းထဲသို့ ကပျာကယာနဲ့ဝင်လာတာကို ဒေါင်းဝေတွေ့လိုက်ရသည်။

" ဒေါင်းဝေ ဆရာတော်ဘုရားရှိလား"

" မရှိဘူးဗျ ဆရာတော်နဲ့ ဦးဇင်းတစ်ပါးက (......) ရွာကိုသွား,သွားတယ် "

" ဒုက္ခပါပဲကွာ..."

ရွာလူကြီးက စိတ်ညစ်သွားဟန်နှင့် ခေါင်းကို တဗျင်းဗျင်းနဲ့ကုတ်နေသည်။

" ဘာဖြစ်လို့လဲ သူကြီး"

" ရွာထဲက မောင်လှမျိုးလေကွာ ဒီမနက်ပဲဆုံးသွားပြီသေတာကတခြားနေရာမဟုတ် ဘူး ရွာထဲက ဘထူးရဲ့အိမ်ကြီးထဲမှာသေနေတာကွ"

" ဟင်"

ထိုအိမ်ကြီးက သရဲခြောက်တယ်ဆိုပြီးနာ မည်ကြီးနေပေမယ့် လူသေလောက်တဲ့အ ထိတော့ တစ်ခါမှမဖြစ်ဖူးဘူး။

" အဲတာ... အဲ့ဒီအိမ်မှာ ပရိတ်တရားနာပြီးအမျှဝေပေးရအောင်လို့ ဆရာတော်နဲ့ လာတိုင်ပင်တာ အခုဆရာတော်လဲ မရှိဘူးဆိုတော့ ငါလဲပြန်တော့မယ်"

သူကြီးဦးသောင်းစံ လှည့်ထွက်ရန်ပြင်လိုက်ပြီးမှ ဒေါင်းဝေအား ကြည့်ကာ

" ဒါနဲ့ ဒေါင်းဝေ မင်းရဲ့လူအခြေအနေရော ဘယ်လိုလဲ သတင်းလေး ဘာလေးမကြားရဘူးလား"

ဒေါင်းဝေ မျက်နာမှာ ဝမ်းနည်းခြင်းအရိပ် အယောင်က သိသာစွာ ပေါ်လွင်နေသည်။

" ဟင်အင်း သူ့သတင်းဘာမှမကြားရပါဘူး"

" ကောင်းပါတယ် သူအခုလို ရွာထဲမှာမရှိတော့ ငါလဲစိတ်အေးရတာပေါ့ကွာ"

သူကြီးဦးသောင်းစံ တစ်ယောက် ပြောပြီးထွက်သွားသည်။

ဒေါင်းဝေ အတွက်တော့ ကံကောင်း မရှိခြင်း က သူ့အတွက် အရူးမီးဝိုင်းနေသလိုပဲဆိုတာ ဘယ်သူက သိနိုင်မှာလဲ။

ဒေါင်းဝေ တံမြတ်စည်းကို ကျစ်ကျစ်ပါအောင်ဆုပ်ထားမိပြီး သက်ပြင်းတစ်ချက်ကိုချလိုက်သည်။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
နောက်သုံးရက်လောက်တော့ ကိုဘထူးတို့ရဲ့အိမ်ကြီးမှာ သူ့ဆွေမျိုးများ ဦးဆောင်ကာ တရားနာရေစက်ချပွဲလုပ်သည်။

ဘမြင့် တစ်ယောက် မျက်နာမကောင်း သူ့ရဲ့ဂလဲ့စားချေချင်တဲ့စိတ်ကြောင့် အခုဆိုဘထူးရဲ့မိသားစုတစ်ခုလုံး ကြမ္မာဆိုးကြီးနဲ့ကြုံခဲ့ရတာ။

ရေစက်ချတရားနာပြီးတော့ ဒေါင်းဝေ ဆ ရာတော်ဘုရားနှင့်အတူ ကျောင်းတော်သို့ပြန်လာခဲ့လိုက်သည်။

ကျောင်းရောက်ပြီး သိပ်မကြာခင်မှာပဲ ဖိုးဇော် ကျောင်းဝန်းထဲဝင်လာတာကို တွေ့လိုက်ရသည်။ ဖိုးဇော် ဒေါင်းဝေအနားရောက်သည်နှင့်

" ဒေါင်းဝေ ငါနဲ့ဟိုဘက်ရွာကို ခဏလိုက်ခဲ့ဦး"

ဖိုးဇော်မျက်နာက မကြည်မလင်နဲ့ ပြဿ နာတစ်ခုခုဖြစ်ထားပုံပဲ

" ဘယ်ကိုလဲ"

" သရက်တောကို လာပါကွာ...ခဏလိုက်ခဲ့"

" ဘာသွား လုပ်မှာလဲ"

" မင်းကလဲကွာ လိုက်မှာသာ လိုက်ခဲ့စမ်းပါ လမ်းရောက်ရင်ပြောပြမယ်"

" အေး အေး ပြီးရောကွာ"

ဒေါင်းဝေ ဖိုးဇော်နှင့် လိုက်သွားရန်ပြင်လိုက်သည်။ ရွာအပြင်ရောက်တော့

" ဘာဖြစ်လို့လဲ မင်းမျက်နာကလဲ မသာမယာနဲ့"

" ငါ့ချစ်သူပေါ့ကွာ မနက်က လူတစ်ယောက်နဲ့ စာထည့်ပေးလိုက်တယ် သူ့အိမ်က သူ့ကို ယောကျ်ားပေးစားတော့မှာတဲ့ကွ အဲ့ဒါ ငါနဲ့လမ်းခွဲရအောင်တဲ့"

" ဟင် သူ့အိမ်ကယောကျ်ားပေးစားရင်မင်းနဲ့ခိုးပြေးရမှာ မဟုတ်ဘူးလား"

" ငါ့ဘက်ကတော့ သူ့ကို လမ်းခွဲပေးမှာမဟုတ်ဘူး ဟိတ်ကောင်"

" အဲဒီတော့ အခုမင်းကသူ့ဆီဘာသွားလုပ်မှာလဲ မင်းသူ့ဆန္ဒမပါပဲနဲ့တော့ ဘာမှလုပ်လို့မရဘူးလေကွာ"

" ငါသိပါတယ် အရင်ဆုံးသူ့ကို ငါနဲ့လမ်းမခွဲဖို့တောင်းဆိုကြည့်မယ် ဖြစ်နိုင်မယ်ဆိုရင် ငါတို့တစ်ခါတည်း ခိုးပြေးမယ်ကွာ"


ဖိုးဇော်ရဲ့ခြေလှမ်းတွေက ခပ်သွက်သွက်ပင်လျှောက်နေသည်။

ဒေါင်းဝေလဲ သူ့ခြေလှမ်းတွေကိုအမှီလိုက်နေရ၏။ အတော်အတန်လျှောက်ပြီးတော့သရက်တောရွာထဲသို့ ရောက်လာခဲ့သည်။

သူမရဲ့အိမ်က ရွာရဲ့အလယ်ထဲမှာ။ သူမက ဆွေကြီးမျိုးကြီးထဲကပါပဲ။အရင်တစ်ခေါက် ဖိုးဇော်ခေါ်လာတုန်းက ဒေါင်းဝေသူမကို တစ်ခါတော့တွေ့ဖူးတယ်။

ရုပ်ရည် ချောမောပြီး ခန္ဓာကိုယ်ကလဲကြည့်ကောင်းတဲ့ အထဲမှာပါတယ်။

တစ်နေရာ အရောက်မှာ ဓာတ်စက်သံသဲ့ သဲ့ကိုကြားလိုက်ရ၏။ သူမနေတဲ့အိမ်အ  ရှေ့သို့ရောက်လာခဲ့ပြီ ဖြစ်သည်။

ဖိုးဇော် သူ့ခြေလှမ်းတွေကို တုန့်ခနှဲရပ်လိုက်၏။ သူမရဲ့အိမ်ထဲမှာ မဏ္ဍပ်တစ်ခုရှိနေပြီး သူတို့ကြားနေရတဲ့ ဓာတ်စက်သံက ထိုမဏ္ဍပ်ကလာနေခြင်းပင်။

သူမမျက်နာက ပြုံးလို့ရွှင်လို့ ယောကျ်ားလေးရှင်ဘက်ကလဲ လူကုံထံအသိုင်း အ ဝိုင်းထဲကပဲ ဖြစ်မယ်။သူမကအခုလောက်ထိ ငွေမတ်တဲ့မိန်းမမှန်း ဖိုးဇော် အစက မသိခဲ့ဘူး။

ဒေါင်းဝ ဖိုးဇော်ရဲ့ပုခုံးတစ်ဖက်အားဆုတ်ကိုင်လိုက်သည်။

" မင်းဘယ်လောက်ပဲ ကြိုးစားကြိုးစား သူက မင်းဆီပြန်လာတော့မှာမှမဟုတ်တာ လက်လျှော့လိုက်ပါတော့ကွာ"

" ငါ သူ့ကို တကယ်ချစ်တာကွ"

" ဒါဆို မင်းသူ့ကိုချစ်ရင် သူကောင်းစားတာ မြင်ရင် မင်းပျော်နိုင်ရမှာပေါ့ကွ ပိုင် ဆိုင်ရမှ အချစ်မဟုတ်ပါဘူးကွာ"

" ဘာပဲဖြစ်ဖြစ် ကိုယ်ချစ်တဲ့သူကိုတော့ပိုင်ဆိုင်ချင်ကြတာချည်းပဲကွ"

ဖိုးဇော်မျက်လုံးအိမ်မှာ မျက်ရည်များ ပြည့်လျှံနေပြီး လျှံကျလုနီးပါးဖြစ်နေသည်။

" စိတ်လျှော့လိုက်ပါတော့ကွာ...နော်"

ဖိုးဇော် ခေါင်းကို အသာညိမ့်လိုက်သည်။
ဒီတော့ သူတို့နှစ်ယောက်စလုံး နေရာမှလှည့်ထွက်ရန်ပြင်လိုက်၏။ ထိုစဥ်မှာပဲ

" ဒိုင်း ဒိုင်း!...ဒိုင်း!..."

သေနတ်သံတွေကို ကျယ်လှောင်စွာကြား လိုက်ရသည်။ ထိုအသံနှင့်အတူ လူတစ်ယောက်၊ဝရုန်းသုန်းကားနဲ့ပြေးလာတာကိုတွေ့လိုက်ရသည်။ မင်္ဂလာဆောင်ကဓာတ် စက်သံသည်လဲ ချက်ချင်းပက်ရပ် သွား ၏။

" ရွာထဲကို ဓားပြတွေဝင်လာပြီဗျို့...ရွာထဲကို ဓားပြတွေဝင်လာပြီ"

ဒေါင်းဝေတို့ နှစ်ယောက်စလုံး ထိတ်ထိတ်ပြာပြာဖြစ်သွားရသည် မင်္ဂလာ မဏ္ဍပ်ထံလှမ်းကြည့်လိုက်တော့ လူတွေ ရုတ် ရုတ်သဲသဲ ဖြစ်သွားကြတာကို တွေ့လိုက်ရ၏။
​ခြံစည်းရိုးကို ကျော်ကာပြေးတဲ့သူကပြေးအိမ်အနောက်ဘက်ကို ထွက်ပြေးတဲ့သူကပြေးနဲ့ အားလုံး ထိတ်ထိတ်လန့်လန့်တွေဖြစ်ကုန်ကြသည်။

ထိုစဥ် မြင်းအုပ်ကြီးတစ်အုပ် မင်္ဂလာပွဲရှိရာခြံရှေ့သို့ ဒုန်းဆိုင်းရောက်ချလာကြသည်။

" ဒိုင်း!..."

" တစ်ယောက်မှ ပြေးဖို့မစဥ်းစားနဲ့ အကုန်မသာပေါ်ကုန်မယ်"

မြင်းအားလုံးပေါင်း ဆယ့်ငါးကောင်လောက် ရှိမည်။ ထိုမြင်းပေါ်က လူတွေက သူတို့ရဲ့မျက်နာတစ်ဝက်ကို ပဝါနဲ့ အုပ်ထားကြသည်။ ခေါင်းဆောင်လို့ ထင်ရတဲ့သူက အရှေ့ဆုံးမှ သေနတ်တစ်လတ်ကိုကိုင်ကာ ရွာသားတွေအား ခြိမ်းခြောက်နေ၏။

ဒေါင်းဝေနဲ့ ဖိုးဇော်တို့ နှစ်ယောက်သား ခြံထောင့်နားရှိသစ်ပင်ကြီးတစ်ခုနောက်တွင်ပုန်းနေကြပြီး ဘာလုပ်ရ ဘာကိုင်ရမှန်းမသိဖြစ်နေကြသည်။

" ငါတို့ ပြေးရင် ကောင်းမယ် ဒေါင်းဝေ"

" ဟာ...မလုပ်နဲ့ဟိတ်ကောင် သူတို့တွေ့သွားမယ်ကွ တော်ကြာမလွတ်ပဲ အသက်သေနေမှ ဖြင့်"

သူတို့နှစ်ယောက် ထိုနေရာမှာပဲနေကာ ခြံထဲသို့ ချောင်းကြည့်နေလိုက်ကြသည်။

ရွာထဲက လူ အားလုံး နီးပါးက မင်္ဂလာ ဆောင် အိမ်မှာရောက်နေကြတာဆိုတော့ဓားပြတွေအတွက် နေရာကောင်းဖြစ်သွားတာပေါ့။

ဓားပြတွေက မြင်းပေါ်မှဆင်းကာသေနတ်ကိုယ်စီနဲ့ တစ်ယောက်တစ်နေရာဆီ သွားကာ ရွာသားများအား သေနတ်တွေနဲ့ ချိန်ထားကြသည်။ ခေါင်းဆောင်လို့ ထင်ရတဲ့သူက

" ဒီရွာက သူကြီးဆိုတဲ့လူ အခုချက်ချင်း၊ကျုပ်ရှေ့ထွက်လာခဲ့စမ်း"

ထိုအုပ်ထဲက တစ်ယောက်မှ တုပ်တုပ်မျှမလှုပ်ကြ။

" ကျုပ်ကောင်းကောင်းခေါ်နေတုန်းထွက်လာနော် မဟုတ်ရင် ကျုပ် ဒီအိမ်ကို မီးရှို့ပစ်လိုက်ရမလား"

ထိုစဥ် အိမ်ပိုင်ရှင်ဖြစ်ပုံရတဲ့ အမျိုးသမီးကြီးတစ်ယောက်က

" သူကြီးက ဒီမှာပါရှင့် ဒီမှာပါ ကျွန်မအိမ်ကိုတော့ မီးမရှို့ပါနဲ့ရှင်"

သူမရဲ့ အနီးအနားမှာရှိနေတဲ့ ရွာလူကြီးဆိုတဲ့လူက သူမကို မကျေနှပ်တဲ့ အကြည့်နဲ့ကြည့်ကာ

" နင် ဘာဖြစ်နေတာလဲ သေချင်လို့လား"

သူမက မကြားချင်ယောင်ဆောင် မျက်နာကို တခြားဘက်သို့လှည့်သွား၏

" ဟိုလူ အခုထိ မထွက်လာသေးဘူးလားခင်ဗျားသားသမီးတွေ အဖေခေါ်စရာလူမရှိပဲ ဖြစ်သွားချင်လို့လား"

ဓားပြခေါင်းဆောင်က ပြောပြီးလက်ထဲမှသေနတ်နဲ့ သူကြီးဆိုတဲ့လူအား ချိန်ရွယ်လိုက်သည်။

" လာပါပြီဗျာ...လာပါပြီ"

သူကြီးဖြစ်သူ အနားရောက်သည်နှင့်

" ကျုပ် ဒီရွာကိုဘာကြောင့် ရောက်လာတယ် ဆိုတာတော့ ရှင်းပြဖို့ မလိုဘူးထင်တယ်"

" ဟုတ်...ဟုတ်ကဲ့ သိ...သိ...သိပါတယ်ဗျ"

" အေး သိတယ်ဆိုရင်လဲအမြန်လုပ် ကျုပ် ဒီရွာက တန်ဖိုးရှိတဲ့ လက်ဝတ်ရတနာအား လုံးကိုလိုချင်တယ် ဒီတော့ ခင်ဗျားဘာလုပ် ပေးရမလဲဆိုတာ နားလည်တယ် မလား မဟုတ်ရင်တော့ ခင်ဗျားတို့ တစ်ရွာလုံးကို သတ်ဖို့ ကျုပ်မှာ ကျည်ဆံလုံလုံ လောက်လောက်ပါတယ်နော်"

" ဟုတ်...ဟုတ်ကဲ့"

" ဟုတ်ဆို အမြန်လုပ်လေ ဟိတ် ကောင်တွေ မင်းတို့ထဲက လေးယောက် သူတို့နဲ့လိုက်သွား ဘာမှမရှိတဲ့ အိမ်အစုတ်အ ပြတ်တွေထဲကို အချိန်ကုန်ခံပြီးရှာမနေနဲ့၊ငါပြောတာနားလည်လား"


" ဟုတ်ကဲ့ ဗိုလ်ကြီး"

" အေး...တစ်ယောက်ယောက်က အာခံဖို့လုပ်တာနဲ့ အသေသာ ပစ်ထည့်လိုက်ကြားလား"

ရွာလူကြီးက ရွာသားနှစ်ယောက် ခေါ်ကာရွာထဲမှ လူချမ်းသာတွေနေရာ အိမ်ဆီသို့ခေါ်ဆောင်သွား၏။

ဓားပြ လေးယောက်ကလဲ သေနတ်ကိုယ်စီကိုင်ကာအနောက်မှလိုက်ပါသွားကြသည်။

" ကဲ...ခင်ဗျားတို့မှာဝတ်ထားတဲ့လက်ဝတ်ရတနာတွေတစ်ခု မကျန်အကုန်ချွတ်ကြ"

မင်္ဂလာပွဲဆိုတော့ သူ့ထက်ငါအပြိုင် ရွှေတွေဝတ်လာထားကြ၏။

" ချွတ်လို့ ပြောနေတယ်လေဘာလဲအသား ကို လှီးဖြတ်ပြီး ယူစေချင်တာလား"

ထိုအခါမှပဲ အမျိုးသမီးတော်တော်များများ လှုပ်လှုပ်ရွရွဖြစ်ကုန်ကြပြီး မိမိမှာဝတ်ထားသည့် လက်ဝတ်ရတနာများချွတ်ပေးကြတော့သည်။

" သက်နိုင် ငါ့အတွက်ရေတစ်ခွက်လောက်သွားခပ်ဦး ဒီလူတွေကို ပြောရတာအာတောင်ခြောက်တယ်"

" ဟုတ်ကဲ့ ဗိုလ်ကြီး"

သက်နိုင်ဆိုတဲ့လူက ရေအိုးရှိရာသို့ အ ပြေးအလွှားသွားကာ ရေအားခပ်ယူကာ၊ထိုလူထံသို့ အပြေးတပိုင်း ပြန်လာခဲ့လိုက်၏။

" ရပြီ ဗိုလ်ကြီး"

ထိုလူက ရေသောက်ရန်အတွက် ခြံအပြင်ဘက် ထောင့်တစ်နေရာသို့ လှည့်ကာ သူ ၏ မျက်နာတွက် အုပ်ထားတဲ့ ပဝါအား​ဖြည်ချလိုက်သည်။

ဒါကို ခြံရဲ့ထောင့်တစ်နေရာရှိ သစ်ပင်ကြီးအနောက်တွင် ပုန်းကာချောင်းမြောင်းကြည့်နေတဲ့လူနှစ်ယောက်က သူ့ရဲ့မျက်နာကိုမျက်ဝါးထင်ထင်ကြီး တွေ့လိုက်ရသည်။

ထိုလူကတော့ မသိလိုက်

" အစ်ကို..."

ဒေါင်းဝေ မျက်လုံးအိမ်တွင် မျည်ရည်များစို့တက်လာသည်။

သူ့ဆီ ပြန်လာဖို့ သူ အရမ်းမျှော်လင့်ခဲ့ရတဲ့သူက အခုလို ဒီနေရာမှာ ဒီလိုပုံစံနဲ့ပြန်တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး။

ဘယ်တွေဖြစ်ကုန်တာလဲ...။

ဆက်ရန် .........

---------------------------------------------------
Note: ကျွန်တော်စာတွေရေးပြီး တင်ဖို့ အဆင်မပြေချိန်မှာ စာဖတ်သူ သူငယ်ချင်းတွေမပျင်းရအောင် အခြားသောစာရေးသူရေးထားတာကို တင်ပေးခြင်းဖြစ်ပါတယ်။

No comments: