Saturday, May 18, 2024

ဒေါင်းဝေ (Part I)


ရေးသားသူ - Shine (ရှိုင်း)
..............................................

မြန်မာသက္ကရာဇ် ၁၃၁၁ခုနှစ်


" ဟိတ်ကောင် မီးအိမ်ကို ငြိမ်ငြိမ်ထားလေကွာ မီးသေသွားဦးမယ်"

ဖိုးဇော်လက်ထဲကမီးအိမ်မှာ လမ်းသွားနေတဲ့အရှိန်ကြောင့် အနည်းငယ်လှုပ်ရမ်းနေ သည်။

ပြီးတော့ ဖိုးဇော်က လမ်းကိုကောင်း ကောင်း မသွားပဲ၊ ဘေးပတ်ဝန်းကျင်ကိုသာကြည့်နေလေရဲ့။ တကယ်ဆို မီးအိမ်ကမလိုပါ။

ဒီညက လပြည့်ညလေလရောင် နဲ့ ပတ် ဝန်းကျင်ကို ကောင်းကောင်းမြင်နေရတာ။
အချိန်က ညသန်းခေါင် တောင်ကျော်နေပြီ အောင်စိုးရဲ့ဦးလေးခိုင်းလို့သာ သွားရတာ။ ဒီအချိန်ကြီး ဒီလမ်းကိုဖြတ်သွားရတာခပ်ကြောက်ကြောက်ရယ်။

ဟိုဘက်ရွာမှာ ရောက်နေတဲ့ မြို့ကုန်သည်သူဌေးကြီးစားဖို့အတွက် အမဲသားတစ်ပိ ဿာကို မျက်နာလုပ်ပြီး သွားပို့ခိုင်းတာ
အ ခုတော့ ပို့ပြီးလို့ပြန်လာနေပါပြီ။

အမဲသားတွဲ မပါတော့လို့ တစ်မျိုးစိတ်အေး ရပေမယ့် ဒီလမ်းကိုဖြတ်ဖို့အတွက်ကမလွယ်ကူသေးဘူး။

မန်ကျည်းတောရွာကနေ သစ်သုံးခွရွာကိုပြန်ဖို့ဆိုတာက ကြားထဲမှာ ရွာနှစ်ရွာလောက်ဖြတ်ရသေးတာ။

ဒါကအကြောင်းမဟုတ် အကြောင်းက သ ရက်တောရွာနဲ့သစ်သုံးခွကြားထဲ သင်္ချိုင်း မြေလမ်းကိုဖြတ်ဖို့ပဲ ရွာကိုရောက်ဖို့ဆို အဲ့သင်္ချိုင်းကို ဖြတ်မှပဲရမှာ သင်္ချိုင်းက သစ်သုံးခွရွာရဲ့သင်္ချိုင်း။

ပြီးတော့ အဲ့ဒီသင်္ချိုင်းက ဒီနယ်တစ်ဝိုက်မှာ သရဲအရမ်းခြောက်တယ်ဆိုပြီးနာမည် ကြီးနေတာ တခြားလမ်းကကွေ့ပတ်သွားဖို့ကလဲမဖြစ်ဘူး အခုကမိုးရာသီဆိုတော့၊ဘေးမှာကလယ်ကွက်တွေချည်းပဲ ရှိတာ၊အဆင်မပြေဘူး။

ပြီးတော့ လယ်ထဲမှာက ဒီအချိန်ဆို မြွေအန္တရာယ်ကရှိသေးတယ်။အခုဆိုသင်္ချိုင်းနားကိုတောင်ရောက်လို့လာပြီ။

" မြန်မြန်သွားစမ်းပါကွာ ဖိုးဇော်ရာ...ရွာကိုမြန်မြန်ပြန်ရောက်မှဖြစ်မှာကွ"

အောင်စိုး ပြောသာပြောရတာ အသံကျယ်ကျယ်မထွက်ရဲ။

" ငါလဲသွားနေတာပဲလေကွာ...ဒါဆိုလဲရော့ မင်းပဲကိုင်လိုက်တော့"

" အရေးထဲ မင်းကလဲ ပေးပေး"

ဖိုဇော်တစ်ယောက် အောင်စိုးလက်ထဲမီးအိမ်ကို ထည့်ပေးလိုက်ရာ အောင်စိုးဘက်က တိုက်ခက်နေတဲ့ညလေကြောင့်

" ဟာ!..."

" ဟာ! မင်းဘယ်လိုလုပ်လိုက်တာလဲ ဖိုးဇော်ရာ..."

" ငါလဲဒီအတိုင်း မင်းကိုပေးတာပဲလေကွာ မင်းဘက်က လေတိုက်နေတာ ဆိုတော့မီး သေသွားတာပေါ့ ဘာမှမဖြစ်ပါဘူး ငါ့ကောင်ရာ...လရောင်ရှိနေပါသေးတယ်ကွ၊ငါတို့လမင်းကြီးကို အားကိုးလို့ရပါသေးတယ် လာသွားမယ်"

ဖိုးဇော်ပုံစံက ကြောက်နေတဲ့ပုံ မပေါ်အောင်စိုးတစ်ယောက်ကသာ အလိုလိုနေရင်းသွေးလန့်နေတာ သေးတောင်ထွက်ကျသွားမှာ စိုးရတယ်။

နှစ်ယောက်သားဆက်လျှောက်လာခဲ့ကြသည်။၊ နှစ်ယောက်သားရဲ့လမ်းလျှောက်သံတွေက တရွှတ်ရွှတ်မြည်နေ၏။

" အဲ....အဲ....အဲ..."

ခြေလှမ်းများတုန့်ခနှဲရပ်တန့်သွားကြသည်

" ဟိတ်ကောင် ကြားလား"

" နားပါတာပဲကွာ ကြားတာပေါ့"

ကလေးငိုသံက အဆက်မပျက်ထွက်နေ သည်။

" အဲ...အဲ...အဲ..."

".................."

" အဲ.....အဲ....."

" သွားမယ် သွားမယ်"

" ဘာသွားမှာလဲကွ ကလေးငိုသံ မကြားဘူးလား"

" ကြားလို့သွားမှာလေကွာ အဲဒါသရဲခြောက်နေတာကွ "

" အောင်စိုးရာ...လာပါသွားကြည့်ရအောင်တကယ်ကလေး လေးဖြစ်ချင်လဲ ဖြစ်နေမှာကွ"

" ဟိတ်ကောင်...."

" လာပါကွာ...."

ဖိုးဇော် အောင်စိုးရဲ့လက်ကိုဆွဲကာခေါ်သွားလိုက်သည်။

အသံကြားရာဆီသို့ လျှောက်လာကြသည်။ လမင်းကြီးက ထိန်ထိန်သာနေတော့ ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်းမဟုတ်ပေမယ့် ကောင်းကောင်းတော့ မြင်နေရသည်။

ချုံပုတ်တစ်ခု အနားရောက်လာကြသည်။ထိုချုံရဲ့ဘေးတစ်ဖက်မှာတော့ ပုဆိုးပိုင်းတစ်ခုနဲ့ထုပ်ထားတဲ့ အထုပ်တစ်ခု အသံက ထိုအထုပ်ထဲကလာနေတာ။

ကလေး,လေးတစ်ယောက်ပါ ဖိုးဇော် ထိုအထုပ်အားပွေ့ယူလိုက်သည်။

" ဟိတ်ကောင် တကယ်ကလေး လေးကွ"

" ဟုတ်လား"

" ဘယ်လို ခွေးမျိုးတွေက ကလေးကိုသချိုင်းမှာ လာပစ်သွားရတာလဲ"

ဖိုးဇော် ကလေးအား ပွေ့ချီကာ လမ်းရှိရာသို့ပြန်လာခဲ့သည်။

" ဟိတ်​ကောင် စောင့်ဦးလေကွာ "

အောင်စိုး ဖိုးဇော် အနားပူးကပ်ကာ လိုက်လာခဲ့သည်။

သူတို့ခပ်သုတ်သုတ်လျှောက်လာခဲ့ကြသည်။ ဒီမြေက မြန်မြန်ကျော်သွားမှ နားအေးမှာပါ။

" ဖလပ်..ဖလပ်"

" ဟင်!"

" ငှက်ပျံတာဖြစ်မှာပါ"

" အင် အင်"

ရှေ့နားဆိုသင်္ချိုင်းမြေနဲ့လွတ်ပြီ။ဖိုးဇော် ထံမှ

" ဟိတ်ကောင် ပုတ်စော်နံ့တယ်ကွ"

" ဟင် မနံပါဘူးကွ ဟိတ်ကောင် မင်းငါ့ကိုလာမခြောက်နဲ့နော် ငါကအစတည်းကကြောက်နေပြီးသားကွ"

" ငါတကယ်ပြောနေတာ...အပုတ်နံ့ က တော်တော်ကိုပြင်းတာကွ ဘယ်လိုအနံ့ကြီးမှန်းမသိဘူး"

" ဒါဆိုလဲ မြန်မြန်သွားမယ်လေကွာ လာ"

အနံ့က သူကိုယ်တိုင်ဆီမှထွက်နေတာလို့ဖိုးဇော်ခံစားလာရသည်။ လက်ထဲက က လေးကိုလဲမသင်္ကာလာတော့တာကြောင့်ဖိုးဇော်အောက်ငုံ့ကြည့်လိုက်ရာ ကလေး မှာကလေးမဟုတ်တော့ပဲ မျက်လုံးများဖောက်ထုတ်ခံထားရပြီး သွား​ဖွေးဖွေးကြီးတွေနဲ့ သူ့အားရယ်ပြနေတာကို လရောင်ကြောင့် သူကောင်းကောင်းကြီး မြင်လိုက်ရတော့သည်။

" အောင်မလေးဗျ! သရဲဗျို့! "

ဖိုးဇော် လက်ထဲကအထုပ်အားပစ်ချကာဝရုန်းသုန်းကား ပြေးလေတော့သည်။

" ဟိတ်ကောင်..."

အောင်စိုးမှာ ဘာမသိညာမသိ သရဲဆိုပြီးအော်ပြေးတဲ့ဖိုးဇော်ကြောင့် ငိုသံပါကြီးနဲ့အော်ခေါ်လျက် ပြေးလိုက်ရတော့သည်။

••••••••••••••••••••••••••••••••••••••••••••••••••

" ဟား........ဟား...."

" ဟား.....မင်းကွာ"

သူငယ်ချင်းတစ်စုရဲ့လှောင်ပြောင်သံ ဆန်ဆန် ရယ်သံတွေက ဖိုးဇော်အတွက်မခံချင် စရာကောင်းနေသည်။

ဒါပေမယ့် သူ့အခြေအနေကစကားတောင်ကောင်းကောင်း မပြောနိုင်တော့ပဲ။ စောင်ထဲမှာ ကွေးနေရတာမဟုတ်လား။

" သရဲမကြောက်တက်တဲ့အကောင် အခုတော့မှတ်ပြီလား သရဲကြောက်တက်တဲ့အောင်စိုးတောင် ဘာမှမဖြစ်ဘူး"

" ဟိတ်...ကောင်...သရဲ...က...ငါ့လက်ထဲရောက်နေ....တာ....ကွ"

ဖိုးဇော် အသံတွေ တုန်ယင်နေသည်။ သူ တော်တော်ကို ကြောက်နေရှာတာ။

" ဟား.....ဟား.....အေးပါကွာ...မင်းဘယ် လောက်ကြောက်သွားလဲဆိုတာ ငါတို့သိပါတယ်ကွ ကိုယ်ဝတ်ထားတဲ့ပုဆိုးကျွတ်ကျနေခဲ့တာတောင်မသိပဲ ရွာထဲပြေးဝင်လာတာလေကွာ ဟား.......တော်သေးလို့ပေါ့ကွာ ညခင်းကြီးဖြစ်နေလို့ပေါ့ နေ့ခင်းဘက်သာဆိုရင် မင်းအဖြစ်တော့ မတွေးရဲစရာပဲ ငါ့ကောင်ရေ့"

" ဒေါင်းဝေ...မင်း...တော်တော့ကွာ..."

" မတော်နိုင်ဘူး ငါ့ကတော့ ပြောစရာရှိတာပြောမှာပဲကွ "

ဒေါင်းဝေတစ်ယောက် စကားပြောရင်းနဲ့တောင် ရယ်သံကပါနေသည်။

အောင်စိုးက သူ့ကိုအကုန်ပြောပြထားလေ ၏။ ရွာအဝင်က ခြံစည်းရိုးနဲ့ညှိပြီး၊ဖိုးဇော်ပုဆိုးကျွတ်ကျနေခဲ့တာကအစ ဒါကို ဒင်းကမသိပဲ အိမ်ရောက်တဲ့အထိအောက်ပိုင်းဗလာနဲ့ပြေးသွားတယ်ဆိုပဲ။

လရောင်အောက်မှာ ဖင်တုံးလုံးနဲ့ပြေးနေတဲ့ဖိုးဇော်ရဲ့ပုံစံကို ဒေါင်းဝေမျက်လုံးထဲပြေးမြင်မိတယ်။

" ဟား........ဟား........"

ဒေါင်းဝေ ရင်ဘက်ကိုလက်နဲ့ဖိကာ အူ လှိုက်သည်းလှိုက်ပင် ရယ်နေတော့သည်။

" သေ...နာ...ကောင်"

•••••••••••••••••••••••••••••••••••••••••••••

ဒေါင်းဝေ လက်ထဲက ပုဆိန်အား အပေါ်သို့မြှောက်ကာ ထင်းတုံးအား ခွဲချလိုက်သည်

" ဒေါင်းဝေ ဆရာတော်ဘုရား ရှိလား"

" ရှိတယ်ဦးရီး ကျောင်းပေါ်တက်သွားလိုက်"

" အေ အေ"

ဒေါင်းဝေက ရွာဘုန်းကြီးကျောင်းမှာ နေတာ သူ့မိဘနှစ်ပါးစလုံးက သူငယ်ငယ်တည်းက ဆုံးပါးသွားရှာတယ်။ ဒါကြောင့်ဆရာတော်ဘုရားကပဲ မွေးစားထားတာ
ဆင်းရဲနွမ်းပါးတဲ့ ဆွေမျိုးတွေကလဲ သူ့ကို မစောင့်ရှောက်ချင်ကြဘူးလေ။

ဒေါင်းဝေက ဘုန်းကြီးကျောင်းသားတစ်ယောက်ဆိုပေမယ့် ရွာမှာဆို ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် တစ်ယောက်ပဲ ဒါပေ မယ့်လဲ မာနရှိတဲ့တစ်ချို့မိန်းကလေးတွေကတော့ ဒေါင်းဝေလို ဘုန်းကြီးကျောင်းမှာနေတဲ့လူတစ်ယောက်ကို စိတ်မဝင်စားပါ။ ဒေါင်းဝေအသက်က အခုဆိုနှစ်ဆယ့်ငါးနှစ်ပြည့်ပြီ။

အခု ထင်းခုတ်လို့ပြီးပြီဆိုတော့ ဆရာ တော် ဘုရားရဲ့သင်္ကန်းတွေလျှော်ရမယ်။သင်္ကန်းလျှော်ပြီးရင်တော့ ဘာမှလုပ်စရာမရှိတော့ဘူး။ ဟိုကောင် ဖိုးဇော်ဆီ သွားရဦးမယ်။ သူ နေပြန်ကောင်းပြီလား သွားကြည့်ရမယ်။

••••••••••••••••••••••••••••••••••••••••••••••

ဖိုးဇော်ရဲ့အိမ်ရှေ့ရောက်လာခဲ့ပေမယ့် ဖိုးဇော်ကိုတော့ မတွေ့။ အိမ်ရှေ့မှာဆန်ပြာနေတဲ့ ဖိုးဇော်အမေကိုသာ တွေ့ရသည်။

" အရီးလေး ဖိုးဇော်မရှိဘူးလား "

" သြော် မောင်ဒေါင်းဝေပါလား လာလေ ကွယ်"

ဒေါင်းဝေ အိမ်ရှေ့ကွပ်ပျစ်ပေါ် ဝင်ထိုင်လိုက်သည်။

" ဒါနဲ့ အရီးလေး ဖိုးဇော်တစ်ယောက်ရော"

" သူလား ရှိတယ်လေကွယ်အိမ်ပေါ်မှာဖြစ်မှာပေါ့ ဟဲ့...ဖိုဇော် ဒီမှာ သားသူငယ်ချင်းဒေါင်းဝေ ရောက်နေတယ်ကွဲ့အောက်ဆင်းခဲ့ဦး"

" လာပြီအမေရေ့လာပြီဗျ"

ပြောသာပြောတာ အသံသာထွက်လာပြီးလူကထွက်မလာသေး။

" ဖိုးဇော်ရေ့၊မြန်မြန်လာပါဟ"

ဖိုးဇော် အိမ်အောက်သို့ ကမန်းကတန်းဆင်းလာသည်။

ရှပ်အင်္ကျီ လက်ရှည် အဖြူရောင် လက် ရှည်နဲ့ ပုဆိုးနီညိုရောင်အကွက်စိပ်စိပ်ကို၊ခြေဖျားထိဖုန်တိုက်အောင်ဝတ်ထားသည်

" မင်းကလဲဘယ်လိုဖြစ်တာလဲ ဘုန်းကြီး ကျောင်းသားဖြစ်ပြီးတော့ စိတ်လေးကိုရှည်ရှည်ထားမှပေါ့"

ဒေါင်းဝေ ဖိုးဇော်အား ခေါင်းအစ‌ ခြေအဆုံးကြည့်လိုက်ပြီး

" ဟ...ဟိတ်ကောင် သားနားလှချည်လားကွ ငါက မင်းနေမကောင်းသေးဘူးလို့တောင်ထင်နေတာ"

ဖိုးဇော်မျက်နာ အနည်းငယ်ပျက်သွားပြီး

" ကောင်းပြီကွ ကောင်းတာမှ ဒေါင်ဒေါင်မြည်ပဲ ဟိတ်ကောင်"

" ဟုတ်ပါပြီကွာ ဒါနဲ့မင်းက ဘယ်ကိုလဲရွာမှာလဲအလှူမရှိပါဘူး"

ဖိုးဇော်ကပြုံးစစဖြင့်

" ငါသရက်တောရွာကိုသွားမလို့ကွ"

" ဟုတ်လား"

" ဟဲ့ ဖိုးဇော် နင်က အဲ့ရွာကိုဘာသွားလုပ်မှာလဲ"

" ဒီအတိုင်း သူငယ်ချင်းနဲ့ သွားတွေ့မှာပါအမေရ စိတ်ချ ကျွန်တော်ရည်းစားမရသေးဘူး"

ဖိုးဇော်အမေဖြစ်သူ သက်ပြင်းချလိုက်ပြီး ဆန်ကိုသာ ဆက်ပြာနေလိုက်သည်။

" အတော်ပဲ ဒေါင်းဝေမင်းငါနဲ့အဖော်လိုက်ခဲ့ပေးပါလား"

" ငါက ဘာကိစ္စနဲ့ လိုက်ရမှာလဲ"

" မင်းကလဲ လာပါကွာ...."

ဖိုးဇော် ဒေါင်းဝေလက်ကို အရဆွဲကာခေါ်လိုက်၏။

" ဟိတ်ကောင်..."

" လာပါကွာ..."

ဒေါင်းဝေ ဖိုးဇော်ခေါ်ရာ နောက်သို့ ဘာမှမတတ်နိုင်ပဲ လိုက်သွားရသည်။

•••••••••••••••••••••••••••••••••••••••••••

" ဟိတ်ကောင် မင်းကရည်းစားနဲ့သွားတွေ့မှာပေါ့"

" ဟုတ်တယ် ဟိုဘက်ရွာက သဲနုနဲ့ငါကရည်းစားတွေဖြစ်နေပြီကွ"

စပ်ဖြဲဖြဲလုပ်နေတဲ့ ဖိုးဇော်ပါးစပ်ကနားရွက် တက်ချိတ်တော့မယ်။

" မင်းတော့သွားပြီ မင်းကရည်းစားအ တွက်နဲ့ မင်းအမေကိုတောင် လိမ်တက်နေပြီပေါ့ မင်းတော့တကယ်ကို သွားပြီ ဟိတ်ကောင်"

" လာပါ သူတော်ကောင်းကြီးရာ...မင်းကိုအဖော်ခေါ်လာတာ ငါ့ကို အပြစ်တင်ဖို့ မ ဟုတ်ဘူးနော်"

" ငါသိပါတယ် မင်းသင်္ချိုင်းကိုဖြတ်ရမှာကြောက်လို့မဟုတ်လား"

" ဟုတ်စရာလားကွ"

ဘာလိုလိုနဲ့ သင်္ချိုင်းနားကိုတောင် ရောက် လာပြီနေ့ခင်းဆိုရင်တော့ သင်္ချိုင်းကဘာမှကြောက်စရာမရှိပါဘူး။

ဒါတောင် မကြောက်ဘူးဆိုတဲ့ ဖိုးဇော်ကဟိုကြည့်ဒီကြည့်နဲ့ လုပ်နေသေးတာ။

ကြောက်လဲကြောက်ချင်စရာပဲလေ လေရဲ့တဖြူးဖြူးတိုက်နေတဲ့အသံကကြောက် စိတ်ကိုပိုပြီးကြွစေ၏။

အုတ်ဂူဖြူဖြုတွေကို မမြင်အောင်ကြိုး စားနေသော်လဲအုတ်ဂူတွေက ကိုယ့်ကိုတမင်ဆွဲဆောင်နေသလိုမျိုး အကြည့်တွေက အဲ့ဘက်ကို ရောက်ရောက်သွား တက်တာ ချုံနွယ်ပိတ်ပေါင်းတွေကလဲကျောချမ်းချင်စရာ။။

" ဟူး....အခုမှပဲ စိတ်အေးရတော့တယ်"

" မင်းပြောတော့ မကြောက်ဘူးဆို"

" မကြောက်ပါဘူး ငါပြောတာက သရက်တောရွာနားရောက်တော့မှာမို့ စိတ်အေးရပြီလို့ပြောတာကွ"

" ဟုတ်ပါပြီကွာ"
---------------------------------------------------

" အချိန်ကိုလဲကြည့်ဦးညနေတောင်စောင်းနေပြီ ကျောင်းရောက်ရင် ဘုန်းဘုန်း​ရဲ့ကြိမ်လုံးစာမိဦးမယ် ထင်တယ်"

ဖိုးဇော်က သူ့အကျင့်အတိုင်းစပ်ဖြီးဖြီးလုပ် နေပြန်သည်။ ချစ်သူရည်းစားနဲ့ ချိန်းတွေ့တာပဲ အလွမ်းပြေရုံဆို ရပြီမဟုတ်လား။ ကောင်မလေးကလဲ ခပ်ကဲကဲပါ။ယောင်္ကျား တစ်ခါမှမမြင်ဖူးတဲ့အတိုင်း ဖိုးဇော်ကိုတွေ့တာနဲ့ စပ်စလူးခါနေတာ

" မင်းက အကြီးဆုံးဘုန်းကြီးကျောင်းသား လေ ကြိမ်လုံးစာ မိတာပဲလား"

" ဟ! ဘာဆိုင်လို့လဲကွ ဆရာတော့်ကြိမ် လုံးက ကလေးလူကြီးမရွေးဘူးကွ"

" ဂွီ...."

ဖိုးဇော်​ခြေလှမ်းတွေ တုန့်ခနဲရပ်သွားသည်။

" ဘာအသံလဲဒေါင်းဝေ မင်းကြားလား"

" မကြားပဲ နေမလားကွ ငါ့ဗိုက်ထဲက​ အော်နေတာပဲ အရေးထဲမှကွာ ဒီနားရောက်ခါမှအောက်သွားချင်လာရတယ်လို့"

" ဟိတ်ကောင် ဟိတ်ကောင် မင်းသွားလို့မဖြစ်ဘူးနော် အခုက သင်္ချိုင်းထဲရောက်နေပြီကွ"

" မရတော့ဘူးကွ ငါအရမ်းတက်ချင်နေပြီသွားပြီကွာ"

" ဟိတ်ကောင် မသွားနဲ့ဆိုကွာ ဟာ...ဒီကောင်"

ဒေါင်းဝေ ခပ်လှမ်းလှမ်း ချုံပုတ်တစ်ခုနောက်သို့ ပြေးဝင်သွားတော့ ဖိုးဇော်တစ်ယောက်လမ်းအလယ်မှာ တစ်ယောက်ထဲကြောင်စီစီနဲ့ ကျန်ခဲ့တော့သည်။

အကြည့်တွေက ဘေးဘီကို ကစားနေ သည်။ မကြည့်မိဖို့ အားတင်းပေမယ့်လဲမရ

" ဖိုးဇော် ဟိတ်ကောင် ဒီကိုလာဦးကွ"

" အေ အေ လာပြီ ဟိတ်ကောင်"

ဖိုးဇော် ဒေါင်းဝေအသံကြားတာနဲ့ မတုန့်မဆိုင်းပဲ ဒေါင်းဝေရှိရာ ချုံအနားသို့မပြေးရုံတမယ်သွားလိုက်သည်။

ဒေါင်းဝေဘာလုပ်နေသည်လဲသူမသိတော့
ဒေါင်းဝေအနားရောက်ချိန်မှာတော့ ဒေါင်းဝေကမတ်တတ်ရပ်လျက်

"ဘာလုပ်နေတာလဲဟိတ်ကောင်၊မင်းအီးပါမလို့မဟုတ်ဘူးလား"

ဒေါင်းဝေတစ်နေရာသို့ လက်ညိုးထိုးပြလိုက်သည်။ ဖိုးဇော်တစ်ယောက် ထိုနေရာကိုကြည့်လိုက်ရင်ပဲ

" အောင်မလေးဗျ! အဲ့...အဲ့တာသရဲကွ၊ပြေးမယ်ဟိတ်ကောင်"

ဖိုးဇော်မပြေးခင် ဒေါင်းဝေ သူ့အင်္ကျီဂုတ်အသားကို အမှီလှမ်းဆွဲထားလိုက်သည်။

" ဒေါင်းဝေမင်းဘာလုပ်တာလဲ လွှတ်ကွာ အဲဒါ သရဲကွ"

" ဘယ်ကသရဲကမှာလဲ အဲဒါ လူကွ "

ချုံတစ်ခုရဲ့အနီးတွင်လဲကျနေတဲ့လူတစ်ယောက်၊ မျက်နာတစ်ခုလုံးနီးပါး သွေးတွေ ပေကျံနေသည်။ ကြည့်ရတာ ခေါင်းမှာဒဏ်ရာတစ်ခုခုရထားပုံပဲ

" ငါ့ကိုလွှတ်ကွာ ဟိတ်ကောင် ဒီကသရဲတွေက မူယာမာယာ များတယ်ကွ"

ဖိုးဇော်အသံက ကြောက်လွန်းလို့ငိုသံ တောင်ပါနေပြီ။

" ဖိုးဇော် မင်းဘယ်လိုဖြစ်နေတာလဲ ဒါက လူတစ်ယောက်ကွ၊ ငါစမ်းကြည့်ပြီးသွားပြီ သူအသက်ရှိနေသေးတယ် ဒုက္ခ‌ရောက် နေတဲ့လူတစ်ယောက်ကို မင်းဒီအတိုင်းပစ်ထားခဲ့မလို့လား"

" လူဆိုတာ သေချာလို့လားကွာ..."

" အခုက နေ့ဘက်ပဲ ရှိသေးတာလေကွာဘယ်က သရဲကလူယောင်ဆောင်ပြီးလာခြောက်မှာလဲ လာပါ...ငါ့ကိုဝိုင်းကူပေး သူ့ကိုငါကျောပိုးသွားမယ်"

" ဟိတ်ကောင်...ဖြစ်ပါ့မလား..."

" ဖြစ်တယ်..."

ဖိုးဇော်ကြောက်ကြောက်နဲ့ပဲ ထိုလူအားကျောပိုးရန်အတွက် ကူပေးလိုက်ရသည်။

" တော်တော်လေးတယ်ကွ"

"အဲတာသရဲမို့လို့ဖြစ်မှာပေါ့"

" ဟိတ်ကောင်"

••••••••••••••••••••••••••••••••••••••••••••

ဒေါင်းဝေ ထိုလူအားဘုန်းကြီးကျောင်းသို့သာခေါ်လာခဲ့လိုက်သည်။

ဆရာတော်ဘုရားအား လျှောက်တင်ပြီးဒေါင်းဝေနေတဲ့ အဆောင်ထဲကိုပဲ ခေါ်ဆောင်လာခဲ့သည်။

ဖိုးဇော်ကတော့ ဒေါင်းဝေကို ဘုန်းကြီး ကျောင်းလိုက်ပို့ပေးပြီးတာနဲ့ အိမ်ကိုတန်းပြေးတော့တာပဲ။

အခုဆို ထိုလူရဲ့မျက်နာနဲ့ ကိုယ်ပေါ်မှာပေနေတဲ့သွေးတွေကိုလဲ ဒေါင်းဝေသန့်စင်ပေးပြီးသွားပြီ။

ကိုယ်ပေါ်မှ အဝတ်အစားတွေအားချွတ်ကာ သူ့မှာရှိတဲ့အင်္ကျီနဲ့ ပုဆိုးကို လဲပေးထားသည်။

ကျောင်းက၊ဆေးပညာတက်တဲ့ဦးဇင်းလာကြည့်ပေးသွားတာကြောင့် သူ့ခေါင်းကဒဏ်ရာတွေအတွက်တော့ စိတ်မပူရတော့ဘူးလေ။

ဒီလူရဲ့ပုံစံက လူရည်သန့်ဗျ။ အသားဖြူဖြူပေါ်မှာ ပါးသိုင်းမွှေး နှုတ်ခမ်းမွှေးရေး ရေးတွေနဲ့သူ့ပုံစံက မိန်းကလေးတွေ အ တွက် စွဲမက်ချင်စရာကောင်းလှသည်။

ခဏကြာတော့ သူ့မျက်လုံးတွေ တဖြည်းဖြည်းဖွင့်လာတာကို ဒေါင်းဝေတွေ့လိုက်ရသည်။

" အာ!...."

ထိုလူ သူ့ခေါင်းအားလက်ဖြင့်ကိုင်ကာအိပ်နေရာမှ ထထိုင်လာသည်။

" ဖြေးဖြေးဗျ ဖြေးဖြေး"

ဒေါင်းဝေ ထိုလူ လွယ်လွယ်ကူကူထိုင်နိုင်ရန်အတွက် ကူညီပေးလိုက်သည်။

" ကျုပ်ဘယ်ကိုရောက်နေတာလဲ"

" ခင်ဗျား ကျွန်တော်တို့ရွာက သင်္ချိုင်းမှာမေ့လဲနေတာတွေ့လို့ ကျွန်တော်နေတဲ့ဘုန်း ကြီးကျောင်းကို ခေါ်လာတာ"

" ဘုန်းကြီးကျောင်း"

" ဟုတ်တယ်လေ"

ထိုလူ အခန်းအတွင်း ဝေ့ဝဲကာ လိုက်ကြည့်နေသည်။

" ကျုပ်က ဘယ်သူလဲ"

" ဗျာ..."

".........."

" ခင်ဗျားက ဘယ်သူလဲ ကိုယ့်ကိုယ်ကိုမသိဘူးလား"

ထိုလူစဥ်းစားနေဟန်တူသည်။

" ကျုပ်ဘာမှ မမှတ်မိတော့ဘူးဗျာ..."

ပြောပြီး ထိူလူခေါင်းကိုကိုင်ကာ မျက်နာကတော့နာကျင်နေပုံရသည်။

" သေချာစဥ်းစားကြည့်ပါဦးဗျာ ခင်ဗျားနာမည်ကိုတော့ သိမှာပေါ့"

" ကျုပ်မသိဘူး ကျုပ်ဘာမှမသိဘူးဗျ"

ထိုလူအသံက အနည်းငယ်ကျယ်လာသည်။

" ကောင်းပြီ ကောင်းပြီ ခင်ဗျားမမှတ်မိရင်လဲ ကျွန်တော်ဘာမှ ဆက်မမေးတော့ဘူးနော် နားနားနေနေနေလိုက်ပါဦးကျွန်တော် လုပ်စရာလေးတွေရှိသေးလို့ သွားလိုက်ဦးမယ်"

ဒေါင်းဝေ အပြင်ထွက်ရန် ပြင်လိုက်ပေမယ့် ထိုလူက ဒေါင်းဝေရဲ့အင်္ကျီစအားလှမ်းဆွဲထားသည်။

" ခင်ဗျား ဘယ်သွားမလို့လဲ ကျုပ်ကိုတစ် ယောက်ထဲ မထားခဲ့ပါနဲ့"


" မကြောက်ပါနဲ့ဗျ ဒါကဘုန်းကြီးကျောင်းပါ ခင်ဗျား အန္တရာယ်ကင်းပါတယ်"

ဒေါင်းဝေ ထိုလူရဲ့လက်အားဖြေလျော့ချလိုက်သည်။ ထိုလူငြိမ်နေသည်။ဒေါင်းဝေ အပြင်သို့ထွက်လာခဲ့သည်။

ဒီလူက သူဘယ်သူလဲ မမှတ်မိတော့ဘူးတဲ့ ဒေါင်းဝေဘာလုပ်ရမလဲ။လောလော ဆယ်တော့ ဆရာတော်ဘုရားကို​ လျှောက်တင်ပြီး ဒီကျောင်းမှာပဲ ခေါ်ထားရမှာပေါ့။

••••••••••••••••••••••••••••••••••••••••••••••••••

" ဒါဆိုအဲ့လူက သူ့အကြောင်းတွေဘာမှမမှတ်မိတော့ဘူးပေါ့"

" ဟုတ်တယ် လောလောဆယ်တော့ကျောင်း မှာပဲခေါ်ထားရမှာပေါ့ကွာ"

" ဒါနဲ့ သူကသရဲဆို"

အောင်စိုးထံမှ မေးလာတဲ့အသံ

" မင်းကို ဘယ်သူပြောလဲ"

" ဖိုးဇော် ပြောတာ"

ဒေါင်းဝေ ဖိုးဇော်ကို ကြည့်လိုက်တော့ ဖိုးဇော်က မျက်နာကို တခြားဘက်သို့လွှဲထားသည်။

" မင်းကြီးတော် သရဲလား ဟုတ်တယ်သူက သရဲ ဖိုးဇော်ကို တောင်လုပ်သွားသေးတယ်"

" ဟင် ဘာလုပ်တာလဲ"

" တီးသွားတာလေ ကွာ"

" ဟုတ်လားဖိုးဇော်"

" လီးမလို့ တီးရမှာလားကွ"

ဖိုးဇော် မျက်နာကြီးမဲသွားပြီး ထန်းရည်ကို အိုးလိုက်မော့သောက်လိုက်သည်။
အောင်စိုးက

" ဖိုးဇော် ငါတို့သောက်ဖို့လဲချန်ထားဦးလေကွာ"

ဖိုးဇော် နှုတ်ခမ်းတစ်ဝှိုက်ပေနေတဲ့ ထန်း ရည်တွေကိုသုတ်လိုက်ရင်း

" ထပ်မှာပေါ့ကွာ ကြာပါတယ် နောက်တစ်မြူချပေးဟေ့"

" ဖိုးဇော်"

" ဘာလဲ"

" မင်း ငါ့ကို စိတ်ဆိုးနေတာလား"

" ဆိုးစရာလားကွ စိတ်ဆိုးတယ်ဆိုတာမိန်းမတွေရဲ့အလုပ် ငါကမင်းကို စိတ်တိုတာ"

" အင်း....ဒေါသ...ဒေါသ ဒေါသ လောဘဒေါသ မောဟတွေနဲ့ ပြည့်နှက်နေရင်ဘယ် တော့မှ မအေးချမ်းဘူးကွ"

ဖိုးဇော် နှုတ်ခမ်းတစ်ဖက်ကိုတွန့်လိမ်ကာ၊ခနဲ့ပြုံး,ပြုံးလိုက်သည်။

" ထန်းရည်သမားဘုန်းကြီးကျောင်းသားက များ ပြောရတယ်ရှိသေးတယ်"

" အဲ့တော့ဘာဖြစ်လဲကွာ ငါထန်းရည်သောက်တာဘယ်သူ့ကို ထိခိုက်နေလို့လဲ"

" လီးမလို့ မထိခိုက်ရမှာလား မင်းထန်း ရည်သောက်ပြီး ငါ့ကို မကောင်းပြောတာတွေအရမ်းများနေပြီ ဘာတဲ့... သရဲကငါ့ကိုလုပ်လိုက်တယ်ဟုတ်လား ငါ့ကိုလုပ်တာ မဟုတ်ဘူးကွ မင်းကိုလုပ်တာဒီမှာ ငါက သရဲအလုပ်ခံမယ့်ကောင် မဟုတ်ဘူးကွ ငါကအဲ့သရဲကို ပြန်လုပ်လိုက်မှာ၊နားလည်လား"

" ဟင့် သရဲကို ချီးထွက်အောင်ကြောက်နေတဲ့ကောင်က များ"

ဖိုးဇော်မတ်တတ်ထရပ်လိုက်သည်။ မျက်နာကြီးကလည်း နီရဲနေပြီးတရှုးရှုးတရှဲရှဲနဲ့ဖြစ်နေ၏။

" ဟိတ်ကောင် မင်းများနေပြီနော် ငါကသ ရဲဆို လုံးဝမကြောက်တာကွ နားလည်လား"

ဒေါင်းဝေပါ မတ်တတ်ထရပ်လိုက်ပြီး

" မကြောက်တက်ဘူးဟုတ်လား မင်းရည်း စားနဲ့ချိန်းတွေ့တုန်းက သင်္ချိုင်းကို မဖြတ်ရဲလို့ ငါ့ကိုအဖော်လိုက်ခိုင်းတာ ဘယ်သူလဲ"

" မင်းတို့ကလဲကွာ တော်ပါတော့ မူးနေပြီဆိုရင်လဲ အိမ်ပြန်ကြရအောင်ကွာ"

" လီးမလို့အိမ်ပြန်ရမှာလား ဒီကောင်ငါ့ကိုအရင်လာပြောတာ မင်းမကြားးဘူးလား"

" မင်းကလဲကွာ လာပါဖိုးဇော်ရာ အိမ်ပြန်ကြရအောင်နော် ဒေါင်းဝေမင်းလဲ ပြန်တော့နော်"

ဖိုးဇော်တစ်ယောက် အောင်စိုးအတင်းဆွဲခေါ်ရာနောက်သို့ တရှုးရှုး တရှဲရှဲနဲ့လိုက်သွားသည်။

ဒေါင်းဝေနေရာတွင် ပြန်ထိုင်လိုက်ပြီး

" ထန်းရည်က မရသေးဘူးလားကွ"

" ရပါပြီဗျ၊ရပါပြီ"

လူငယ်တစ်ယောက် ထန်းရည်တစ်မြူယူကာလာချပေးသည်။

ဒေါင်းဝေထန်းရည်ကို အိုးလိုက်​ကောက်ကိုင်ကာ မော့ချလိုက်၏။

•••••••••••••••••••••••••••••••••••••••••••••

ဒေါင်းဝေ ဘုန်းကြီးကျောင်းမုဒ်ဝရှေ့တွင်ထိုင်နေမိသည်။

ထန်းရည်သောက်ပြီး ကျောင်းထဲဘယ်လိုဝင်မလဲ။ ပြီးတော့မူးနေပြီ။

ခါတိုင်းဆိုရင်တော့မမူးပါဘူး။ ထန်းရည်သောက်ပြီးရင်လဲ ဖိုးဇော်အိမ်မှာ ဖြစ်ဖြစ်အောင်စိုးအိမ်မှာဖြစ်ဖြစ် တစ်ရေးလောက်အိပ်ပြီးမှ ကျောင်းပြန်လာတာ။

အခု သေနာကောင်ဖိုးဇော်နဲ့လဲရန်ဖြစ်ထားတယ်။ အောင်စိုးလဲသူ့ဆီမှာပဲဖြစ်မှာပေါ့။

ဒါနဲ့ ဟိုလူရောဘာဖြစ်နေပြီလဲ မသိဘူး။ သူ့ကို ကျောင်းက ကျောင်းသားတွေနဲ့ထားခဲ့တာ။ အဆင်ရောပြေပါ့မလား။

" ဟာ...ဒကာကြီး ဒီမှာဘာလုပ်နေတာလဲ"

" သြော် ကိုရင်..."

" ဒကာကြီးက ကျောင်းထဲ မဝင်ပဲဘာလုပ်နေတာလဲ"

" ဟို...တပည့်တော်..."

" ထန်းရည်တွေ သောက်လာပြန်ပြီလား"

ဒေါင်းဝေ ဆိတ်ဆိတ်သာငြိမ်နေမိသည်။
သူဘယ်လောက်ဆိုးသွမ်းနေလဲဆိုတာ သူ့ကိုယ်သူသိပါတယ်။ ဆရာတော်ခေါ်ဆုံးမတာလဲ အကြိမ်ပေါင်းမနည်းတော့ဘူး။

" ဒါနဲ့လေ ကိုရင် ဟိုလူကြီးအခြေအနေဘယ်လိုနေသေးလဲ"

" ဒကာကြီးခေါ်လာတဲ့သူကို ပြောတာလားသူအဆင်ပြေပါတယ် စောစောကတောင်ကိုရင်တွေရဲ့ သင်္ကန်းတွေကို လျှော်ပေးနေတာ"

" ဟာ သူ့မှာဒဏ်ရာကြီးနဲ့လေ"

" ကိုရင်တို့လဲမလျှော်ပေးဖို့ပြောတာပဲ သူတို့က လုပ်ချင်နေတာကိုး"

" တပည့်တော် အခုကျောင်းထဲ မဝင်ချင်ဘူး လယ်ထဲက တဲမှာပဲ သွားအိပ်တော့မယ် သူ့ကို ကိုရင်တို့ပဲ ဂရုစိုက်လိုက်ပါဦး"

" ကောင်းပါပြီ စိတ်ချပါ"

ဒေါင်းဝေ လယ်ထဲသို့ ထွက်လာခဲ့သည်။
သူ့မိဘတွေ အသက်ရှိစဥ်က လုပ်ကိုင်စားသောက်ခဲ့တဲ့ လယ် တစ်ကွက်တော့ရှိတယ်။ မိဘအမွေဆိုတော့ မရောင်းပဲ ဒီအတိုင်းထား ထားခဲ့တာ။ လယ်လုပ်ချိန်ရောက်ရင်တော့ သူများကိုအငှားပေးတယ်။ အခုလဲသူများကို ငှားထားတယ်။

ထိုလယ်ထဲမှာ ငါးပေပတ်လည်တဲလေးတစ်လုံးတော့ရှိသည်။ အခုဒေါင်းဝေ အဲ့ဒီမှာသွားနေလိုက်မယ်။ အမူးပြေမှပဲကျောင်းကိုပြန်လာတော့မယ်။

---------------------------------------------------

ဒေါင်းဝေ၊ကျောင်းဆီပြန်လာတော့ အချိန်က ညသန်းခေါင်လောက်ရှိမည်။

မနက်လင်းမှပြန်လာလို့လဲမရ မနက်ကျရင်ကျောင်းမှာ သူလုပ်ရမယ့်ကိစ္စတွေရှိတယ်လေ။

ဒေါင်းဝေ ကျောင်းထဲဝင်လာတော့ ဘုန်း ကြီးကျောင်းက ခွေးတွေ သူ့ကိုအမှတ်မှားပြီးဟောင်လိုက်သေးတယ်။

ဒေါင်းဝေ သူနေတဲ့အဆောင်ရှိရာသို့ တန်းတန်း မတ်မတ်ပင်သွားလိုက်သည်။ ထိုအ ဆောင်က ကျောင်းသား ငါးယောက်နဲ့ဒေါင်းဝေနဲ့ပဲနေတာ။ အားလုံးက ပုထုဇဥ်လူသားတွေပဲမို့ လွတ်လွတ်လပ်လပ်နေလို့ရတယ်။

ဒေါင်းဝေအဆောင်ပေါ်တက်လာတော့၊ကျောင်းသားတွေက အိပ်မောတောင်ကျနေကုန်ပြီ။ အချိန်ကလဲမနည်းတော့ပြီပဲလေ။ အဆောင်က အခန်းဆိုတာမျိုးမရှိတော့ ကျယ်ကျယ်ဝန်းဝန်းပဲကျောင်းသား တွေကကြိုက်တဲ့နေရာ ထိုးအိပ်ကြတာပဲ။

" ပြန်လာပြီလား"

" ဟင် "

အဆောင်ရဲ့ထောင့်တစ်နေရာတွင်ကျောင်း သားတစ်ယောက်နဲ့အတူတူအိပ်နေတဲ့လူတစ်ယောက်ဆီမှအသံ။

ထိုလူက မနေ့က သူသင်္ချိုင်းကခေါ်လာတဲ့သူ။ ထိုလူ ထထိုင်လိုက်သည်။ ဖယောင်း တိုင်မီးမထွန်းထားတော့ ရိပ်ရိပ်လေးသာမြင်ရ၏။

" ခင်ဗျားက မအိပ်သေးဘူးလား"

" အိပ်မပျော်ဘူး"

" ဟုတ်လား..."

"............"

" ဒါဆို...ကျွန်တော်နဲ့စကားပြောချင်လား"

သူမတ်တပ်ထရပ်လိုက်ပြီး ဒေါင်းဝေဆီသို့ လျှောက်လာသည်။ပြီးတော့ အဆောင်တံခါးဝမှ တစ်ဆင့် အပြင်ဘက်သို့ ထွက်ချသွားလေ၏။

ဒီတော့ ဒေါင်းဝေလဲ အနောက်ကနေလိုက်ရတော့တာပေါ့။

သူက ကျောင်းထဲက ခရေပင်ကြီးအောက်မှာသွားထိုင်နေတာ ခုံတွေမရှိတော့ ဒီအ တိုင်းမြေကြီးပေါ်မှာပဲ။ သူကကောင်းကင်ပေါ်မှာတစ်ကိုယ်တည်းအထီးကျန်နေတဲ့လမင်းကြီးကိုငေးလို့....

ဒေါင်းဝေ ထိုလူအနားတွင်ကပ်လျက်သားထိုင်လိုက်သည်။ သူ့ဘက်က စကား ဆိုလာတယ်။

" ကျုပ်က ခင်ဗျားကို မျော်နေတာ"

" တောင်းပန်ပါတယ်ဗျာ ကျွန်တော်မူး....
သြော် ကျွန်တော်ကျောင်းထဲဝင်လို့ မရလို့"

ထိုလူဘာမှမပြောတော့ပဲ လမင်းကြီးကိုသာ ငေးကြည့်နေသည်။ ဒေါင်းဝေ က တော့ ထိုလူရဲ့မျက်နာကိုသာ ငေးနေမိ သည်။ ဘာရယ်မဟုတ်ပါဘူး။ ဒီလူရဲ့ပုံစံက ကြည့်လို့ကောင်းနေလို့သာ။ အခုလိုလရောင်ရောင်ဖျဖျအောက်မှာဆိုတော့၊တစ်မျိုးကြည့်ကောင်းနေ၏။

ဒေါင်းဝေ စိတ်ထင်မမှားဘူးဆိုရင် သူက လူကုံထံအသိုင်းအဝိုင်းကပဲ ဖြစ်မည်။

" ဘယ်လိုလုပ်ဖို့ စဥ်းစားထားလဲ ခင်ဗျားအကြောင်းတွေကို ပြန်မှတ်မိတဲ့အထိဒီမှာပဲဆက်နေမလား"

မေးသာမေးရတာ သူ့မှာလုပ်စရာဆိုလို့ ဒီတစ်ခုပဲရှိတာလေ။ သူ့မှာသွားစရာနေရာလဲမရှိဘူး။ မရှိတာတော့ မဟုတ်ဘူး။ မသိတာ။

" ကျုပ်မှာ ဘာလုပ်စရာရှိလို့လဲ ခင်ဗျားတို့အတွက်အဆင်ပြေမယ်ဆိုရင် ကျုပ်ပြန်သတိရတဲ့အထိ ဒီကျောင်းမှာပဲ ဆက်နေချင်တယ်"

" ဒါကဘုန်းကြီးကျောင်းလေ မပြေစရာအ ကြောင်းမရှိပါဘူး တစ်သက်လုံးနေမယ်ဆိုရင်တောင်အဆင်ပြေတယ် ကျွန်တော့်လို ဘုန်းကြီးကျောင်းသားအဖြစ်နဲ့ပေါ့ "

သူပြုံးလိုက်တာ ထင်တယ်။ ထိုစဥ် လေတဖြူးဖြူးတိုက်နေရာမှ လေပြင်းတစ်ချက်ဝေ့သွား၏။ အပင်ပေါ်တွင်ပွင့်နေတဲ့ခရေပွင့်တို့က အပင်အောက်တွင် ထိုင်နေတဲ့ သူတို့နှစ်ယောက်အပေါ်အား​ ကြွေကျလာတော့သည်။

ခရေပန်း အနံ့သင်းသင်းကို ရလိုက်ရတဲ့သူတို့နှစ်ယောက်အဖို့ ဒီအခိုက်အတန့်ကကြည်နူးစရာကောင်းလှသည်။ထိုလူထံမှ

" ကျုပ် ခင်ဗျားကို ညီအကိုအရင်းတစ်ယောက်လိုသဘောထားလို့ရတယ်မလား"

" ရတာပေါ့ဗျာ ကျွန်တော့်မှာက မိဘညီကိုမောင်နှမ မရှိဘူး အဲ့တော့...ရတယ်"

ထိုလူ ဒေါင်းဝေမျက်နာအားကြည့်ကာပြုံးလိုက်သည်။

" မိုးရွာတော့မယ် ထင်တယ်ဗျ"

သူတို့အရှေ့ဘက်ရှိ ကောင်းကင်ပေါ်မှ လ မင်းကြီးမှာ တိမ်တွေဖုံးအုပ်သွားပြီး ရေး ရေး သာမြင်နေရတဲ့ သူတို့နှစ်ယောက်ရဲ့မျက်နာမှာလဲ လုံးဝ မမြင်ရလုနီးပါးဖြစ်သွားသည်။

" ကဲ...လာ ကျွန်တော်တို့ အထဲဝင်ကြရအောင်"

နှစ်ယောက်စလုံး မတ်တတ်ထရပ်လိုက်ကြသည်။ ဒေါင်းဝေ ထိုလူရဲ့ပုခုံးအားဖက်လိုက်သည်။

" ကျွန်တော်နဲ့အတူတူသွားမယ် ခင်ဗျားခေါင်းမှာကဒဏ်ရာနဲ့ဆိုတော့ တော်ကြာခလုတ်တိုက်မိပြီးတစ်ခုခုဖြစ်နေဦးမယ်"

နှစ်ယောက်သား အဆောင်ထဲဝင်လာခဲ့ကြသည်။

" အိပ်ပျော်အောင်အိပ်လိုက်နော် ဘာမှလျှောက်တွေးမနေနဲ့ ကျွန်တော်ခင်ဗျားဘေးနားမှာရှိတယ်"

ထိုလူ အိပ်ယာတွင်လှဲချလိုက်ပြီးမျက်လုံးတွေကိုမှိတ်လိုက်သည်။

" အနားမှာပဲ နေပေးနော်"

" စိတ်ချ ကျွန်တော်အနားမှာပဲ ရှိနေမယ်"

ဒေါင်းဝေအနားမှာရှိတော့ သူတကယ်ကိုစိတ်သက်သာရာရသွားတာပါ။ ခေါင်းမှဒဏ်ရာမှာလဲ လုံးဝကိုမနာကျင်တော့ပဲ သူ့အတွက်တကယ်ကို လုံခြုံသွားသလိုခံစားလိုက်ရတာ။

သိပ်မကြာပါ။သူကောင်းကောင်းကြီးအိပ် မောကျသွားခဲ့ပြီ။

••••••••••••••••••••••••••••••••••••••••••••••

ညက မိုးရွာထားတာကြောင့် ခရေပန်းပွင့်များ များပြားစွာ ကြွေကျနေပြီး ရွာထဲကကလေးမလေးသုံးယောက် ခရေပွင့်များကို ကောက်နေတာကိုတွေ့ရသည်။

တစ်ပွင့်ချင်းစီ လက်ခုတ်ထဲ ကောက်ထည့်နေလို့ ......

+++++++++++

ဦးဇင်းများဆွမ်းခံထွက်ရန်ပြင်နေကြသည်။

" ဒေါင်းဝေ..."

ခေါ်သံကြောင့် ဒေါင်းဝေဘေးဘက်သို့ လှည့်ကြည့်မိသည်။ တခြားသူမဟုတ်

" ဒီနေ့ ကြေးစည်တီးဖို့ အစ်ကို လိုက်သွားမယ်"

" ဟာ...မဟုတ်တာ ခေါင်းမှာကဒဏ်ရာကြီးနဲ့ကို ကျောင်းမှာပဲ အေးဆေးနေစမ်းပါဗျာ"

" အကိုလုပ်ချင်လို့ပါ "

" မရဘူး ကျွန်တော် ခွင့်မပြုဘူး "

သူဘာမှပြန်မပြောတော့ပဲ ဒေါင်းဝေဘေးနားတွင်သာ ရပ်နေသည်။

" အကို အပြင်ထွက်ချင်တယ်ဆိုရင် ကျွန် တော်နဲ့ ရွာဦးစေတီကိုလိုက်ခဲ့ပေါ့ စေတီကို ထုံးဖြူသုတ်ဖို့ရှိတယ်"

" အင်း ဒါဆို အစ်ကို လိုက်ခဲ့မယ်နော်"

ကျောင်းသားတစ်ယောက် ဒေါင်းဝေတို့အနားရောက်လာသည်။

" ဦးကံကောင်း ကျွန်တော်တို့နဲ့ဆွမ်းခံလိုက်ခဲ့ပါလား"

" ဘယ်သူလဲ ဦးကံကောင်းက"

ဒေါင်းဝေ မေးလိုက်တော့ ကျောင်းသားက လက်ညိုးထိုးကာ

" အစ်ကိုကြီးခေါ်လာတဲ့သူကို ပြောတာလေ သူက အစ်ကိုကြီး ခေါ်လာလို့ကံ ကောင်းသွားတာမဟုတ်လား ဒါကြောင့်ကျွန်တော်တို့က ဦးကံကောင်းလို့ခေါ်တာ"

" ဘာလို့ ဦးသင်္ချိုင်းလို့မခေါ်တာလဲ သူ့ကိုသင်္ချိုင်းက တွေ့လာတာလေ"

ကျောင်းသားလေးက ခေါင်းကို ကုတ်လို့စပ်ဖြီးဖြီးလုပ်နေသည်။

ထိုလူကတော့ ပြုံးလို့

" လိုက်မလား ဦးကံကောင်း"

" သူ့ခေါင်းမှာ ဒဏ်ရာကြီးနဲ့လေ ဘယ်လိုလိုက်မှာလဲ ဘယ်တော့မှလဲ လိုက်ခိုင်းမှာမဟုတ်ဘူး သွားတော့ ဟိုမှာ ဦးဇင်းတွေတောင် သွားဖို့ အဆင်သင့်ဖြစ်နေပြီ"

" ပြီးရော"

ကျောင်းသား ဒေါင်းဝေတို့ အနားမှ ထွက်သွားသည်။ ဒေါင်းဝေလဲ ခဏနေရင် ရွာပြင်က စေတီကိုသွားရမယ်။ ဆရာတော်ဘုရားက စေတီကို ထုံးဖြူသုတ်ဖို့ အမိန့်ပေးထားတယ်။

•••••••••••••••••••••••••••••••••••••••••••••••••

( ထိုလူအား ကံကောင်း လို့သာ နာမ်စားသုံးပါမည်။ )

ဒေါင်းဝေနှင့် ကံကောင်း ရွာဦးစေတီရဲ့မနီးမဝေးရှိ သစ်ပင်အောက်တွင်ထိုးထားတဲ့ကွပ်ပျစ်တစ်ခုပေါ်ထိုင်လိုက်ကြသည်။

စေတီကို ထုံးဖြူသုတ်တဲ့သူတွေကတော့၊သူတို့အလုပ်သူတို့လုပ်နေကြလေရဲ့အဲဒီ ထဲမှာ ဖိုးဇော်နဲ့ အောင်စိုးလဲ ပါလေသည်။

" တစ်သက်လုံး ဒီကျောင်းမှာပဲ နေသွားဖို့အစီအစဥ်ရှိတာလား"

" အမှန်တိုင်းပြောရရင် ကျွန်တော့်ဘဝ ကိုဒီအတိုင်းပဲဆက်မသွားချင်ဘူး"

" ဒေါင်းဝေက ဘုန်းကြီးဝတ်ချင်တာလား"

ဒေါင်းဝေထရယ်မိသည်။

" ဟား...မဟုတ်ပါဘူးဗျာ ကျွန်တော်ဘုန်း ကြီးမဝတ်ချင်ပါဘူး ကျွန်တော်ဒီကျောင်းမှာမနေချင်တော့တာ"

" ဒေါင်းဝေက ကျောင်းပြောင်းချင်လို့လား"

ဒေါင်းဝေ ကံကောင်းအားကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်သည်။

" ကျွန်တော် သာသနာ့ဘောင်ထဲမှာ နေဖို့အစီအစဥ်ကိုမရှိတာ ငရဲသွားမယ့် အ ကောင်လို့ပြောချင်လဲ ပြောတော့ဗျာ ကျွန်တော့်ဘဝ တိုးတက်ရာတိုးတက်ကြောင်းကို ကျွန်တော်ရှာချင်တယ် တစ်ချို့တွေအ လုပ်ကိုယ်စီနဲ့ ကြီးပွားနေတာမြင်ရင် ကျွန် တော် အရမ်းအားကျတယ်"

" သြော်...ဒေါင်းဝေက လူဖြစ်ချင်တာကိုး"

ဒေါင်းဝေရယ်လိုက်မိပြန်သည်။

" အကိုက တော်တော် ဟာသပြောတက်တာပဲဗျာ ကျွန်တော်က အခုလူမဟုတ်လို့လား"

" အဲ့လိုပြောတာမဟုတ်ဘူး ဒေါင်းဝေကအခု သာသနာ့အရိပ်ထဲမှာရှိနေတာလေ၊တကယ်တော့ဒေါင်းဝေက လက်တွေ့ဘဝကို လိုချင်တာမဟုတ်လား ပြောချင်တာက ဒေါင်းဝေက လင်ယူသားမွေးလုပ်ချင်တာမဟုတ်လား"

" ဟမ် ဘယ်လိုကြီးလဲ"

" ဟာ...အကို​စကားပြောမှားသွားတယ်အစ်ကိုပြောချင်တာက ဒေါင်းဝေကအိမ် ထောင်ပြုချင်တာမဟုတ်လား မိသားစုဘဝမျိုးကိုပိုင်ဆိုင်ချင်တာ ဟုတ်တယ်မလား"

" အဲ့ဒါလဲ တစ်စိတ်တစ်ပိုင်းပါတာပေါ့"

" အင်း"

လူတစ်ယောက် ဒေါင်းဝေတို့ရှိရာလျှောက်လာသည်။ တခြားသူမဟုတ်။ ဖိုးဇော်ပင်ဖြစ်သည်။

" မင်းဒီမှာ ဘာထိုင်လုပ်နေတာလဲ ဒေါင်းဝေ ဟိုမှာ ငါတို့ကိုနည်းနည်းပါးပါးလာကူပါလားကွ"

" ဘာတွေလာပြောနေတာလဲ ငါကခဏနားနေတာပါကွ"

" မင်းနားနေတာ ဘယ်လောက်ကြာပြီလဲ"

ဖိုးဇော်ပြောပြီး ပြန်လှည့်ရန်ပြင်နေစဥ်မှာပဲ

" ဖိုးဇော်"

" ဘာလဲ"

" မင်းရည်းစားနဲ့ သွားမတွေ့ဘူးလား"

" အဲဒါငါ့ကိစ္စပါ မင်းနဲ့ဘာဆိုင်လို့လဲ"

" မင်းသင်္ချိုင်းကို မဖြတ်ရဲရင် ငါအဖော်လိုက်ခဲ့ပေးမလို့ပါ"

" မင်းငါ့ကို လာမဆွနဲ့နော် ဟိတ်ကောင်တော်ပြီကွာ မင်းနဲ့ စကားပြောရတာလေ ကုန်တယ်"

ဒေါင်းဝေ ကွပ်ပျစ်ပေါ်မှဆင်းလိုက်ကာ ဖိုးဇော် လက်ကို လှမ်းဆွဲလိုက်သည်။

" နေပါဦးကွ သူငယ်ချင်းရ မင်းကလဲဘယ်လိုဖြစ်တာလဲ မနေ့ကကိစ္စကြောင့်မင်းစိတ်ဆိုးနေသေးတယ်ဆိုရင်လဲ ငါတောင်းပန်ပါတယ်ကွာ နော် "

" ဟိတ်ကောင် ဘယ်သူက စိတ်ဆိုးလို့လဲ၊စိတ်ဆိုးတယ် ဆိုတာ မိန်းကလေးတွေပဲလုပ်တာ ဒါနဲ...ငါတို့ ညနေ ထန်းတောထဲသွားမလို့မင်းလိုက်မလား"

" ဟိတ်ကောင် မင်းတို့ အခုပဲ ကုသိုလ်လုပ်နေတယ် ညနေ..."

" တော်ပါကွာ ခွေးပါးစပ်က နတ်စကားထွက်လို့ မင်းလိုက်မှာလား မလိုက်ဘူးလားပဲပြော"


 ''လိုက်မယ်"

" ပြီးရော မင်းလိုက်မယ်ဆိုရင်လဲ ဟိုလူကိုပါ ခေါ်ခဲ့လိုက်ပေါ့"

ဖိုးဇော် ပြောပြီး ထွက်သွားသည်။ သူက နည်းနည်းစိတ်ဆတ်ပေမယ့် ချစ်ဖို့တော့ကောင်းတယ်ဗျ။

" ဘယ်လိုလဲအစ်ကို ညနေလိုက်မယ် မ ဟုတ်လား"

" အင်း...ဒေါင်းဝေ သွားမယ်ဆိုရင်တော့လိုက်မယ်လေ ဒါပေမယ့်..."

" ဘာဖြစ်လို့လဲ"

" ဘုန်းကြီး ကျောင်းသားတစ်ယောက် ကထန်းရည်သောက်နေတာ မသင့်တော်ဘူးလို့အစ်ကိုထင်တယ်"

ကံကောင်း ပြောနေတဲ့ပုံစံက တည်တည် တံ့တံ့နဲ့တကယ့်လူကြီးလူကောင်းတစ်ယောက်ပုံစံ။ ဒေါင်းဝေအထင် သူ့အသက်က သုံးဆယ်လောက်တော့ရှိပြီပေါ့ ။ သူ့ရဲ့ဘဝအမှန်မှာ သူက ဘယ်လိုပုံစံရှိမလဲ။

•••••••••••••••••••••••••••••••••••••••

" သောက်လေအစ်ကို"

" အစ်ကို မသောက်ဘူးဒေါင်းဝေ အစ်ကို့စိတ်ထင် အစ်ကိုက ဒါတွေ သောက်တက်တဲ့ သူမျိုးမဟုတ်ဘူး ထင်တယ်"

ဒေါင်းဝေ လက်ထဲက ထန်းရည်ခွက်အား၊အောက်သို့ပြန်ချထားလိုက်သည်။

" သူမသောက်ချင်လဲ ထားလိုက်ပါကွာ"

" အေးပါ ငါကလဲ အတင်းတိုက်နေတာမှမဟုတ်တာ အစ်ကိုသောက်ချင်မယ်ထင်လို့"

ဒေါင်းဝေ ထန်းရည်ခွက်အားကောက်ကိုင်ကာ မော့ချလိုက်သည်။ ကံကောင်းက

" မူးအောင်တော့ မသောက်နဲ့နော် ဒေါင်းဝေ"

" အင်းပါ အစ်ကိုရ"

ပါးစပ်ကသာ 'အင်းပါ' ဆိုနေတာ ထန်း ရည် ခွက်ကိုတော့လက်ထဲကမချ။ ကံ ကောင်းတစ်ယောက်ကတော့ အမြည်းစားရင်း ဒေါင်းဝေကိုသာ ကြည့်နေမိသည်။

ဘယ်လိုကောင်းလေးပါလိမ့်။ ဘုရားရိပ်တရားရိပ်မှာ ကြီးပြင်းလာရပြီး ဘာလို့ဆိုးပေနေတာလဲ။ ဒါကလဲ အပေါင်းအ သင်းကြောင့်ပဲဖြစ်မှာပါ။

" ဒါနဲ့...ဒီကနောင်ကြီးက နောင်ကြီးရဲ့ဘဝအကြောင်းကို ဘာဆိုဘာမှ မမှတ်မိတော့လား"

အောင်းစိုးထံမှ ထွက်လာတဲ့ မေးခွန်း

" ဟုတ်ပါတယ် ကျုပ်လဲ ကျုပ်ဘဝအ ကြောင်းကို အမြန်ဆုံး ပြန်မှတ်မိချင်ပါတယ် ဒါပေမယ့်...ဆုတောင်းရုံက လွဲပြီးဘာမှမတက်နိုင်ဘူး"

" ဖြေးဖြေးချင်းစဥ်းစားပေါ့ဗျာ တစ်နေ့တော့ ပြန်မှတ်မိလာမှာပါဗျ အခုတောင်မှထန်းရည်မသောက်တက်ဘူး ဆိုတာသိနေတာပဲ"

" မသောက်ရသေးပဲနဲ့ မသောက်တက်ဘူးဆိုတာဘယ်လိုသိမှာလဲ"

ဖိုးဇော်က ထန်းရည်ကို မော့သောက်လိုက်ပြီး မျက်နာထား ခပ်တည်တည်နဲ့ပြောလိုက် သည်။

တစ်ခါတည်း ဆက်ပြီးတော့ ခပ်ယူလိုက်သော ထန်းရည်ခွက်အား ကံကောင်းထံသို့လှမ်းပေးလိုက်ရင်း

" ရော့ သောက်ကြည့် သောက်ကြည့်ပြီးမှကြိုက်မကြိုက်သိမှာပေါ့"

" ဟိတ်ကောင် သူမှမသောက်တက်တာ"

" ဒေါင်းဝေ ပါးစပ်ပိတ်ထားစမ်းပါ သူမသောက်ရင် မင်းကို ငါစိတ်ဆိုးပြေမှာမ ဟုတ်... ဟာ....မင်းကိုစိတ်တိုနေတုန်းပဲလို့သတ်မှတ်လိုက်မယ်"

" မင်းကလဲ"

ကံကောင်း ချက်ချင်းဆိုသလို ဖိုးဇော်လက်ထဲက ထန်းရည်ခွက်အား လှမ်းယူကာမော့သောက်လိုက်သည်။

" ဒီလိုမှပေါ့ဗျာ ယောကျ်ားမှန်ရင် အကုန်လုပ်ဖူးရတယ်ဗျ"

" ဟိတ်ကောင် ဟိတ်ကောင် မင်း အဲ့လိုတော့မပြောနဲ့လေ ယောကျာ်းဖြစ်တာနဲ့ပဲအကုန်လုပ်ဖူးရမယ်ဆိုတာ ဟာ...မဟုတ်သေးပါဘူးကွာ"

" ဘာမဟုတ်ရမှာလဲကွ ငါဆိုမလုပ်ဖူးတာမရှိဘူး အကုန်လုပ်ဖူးတယ်"

ဖိုးဇော်က အောင်နိုင်သူအပြုံးနဲ့ ထန်းရည်ခွက်အား မော့ချလိုက်ပြန်သည်။

" ဒါဆို မင်းဖင်ခံဖူးလား"

အောင်စိုးရဲ့အပြောကြောင့် ဖိုးဇော်သောက် လက်စထန်းရည်များ အပြင်သို့မှုတ်ထုတ်မိသည်အထိ သီးသွားရသည်။

ဖိုးဇော် အောင်စိုးအား နားရင်းအုပ်ချလိုက်ကာ

" မင်းပဲခံ မင်းပဲခံ"

အောင်စိုးတစ်ယောက် စပ်ဖြီးဖြီးသာလုပ်နေသည်။

-------

နှစ်ယောက်သား တစ်ယောက်ပုခုံးတစ်ယောက်ဖက်ကာ ဒယီးဒယိုင်နှင့်ပဲ လယ် ကန်သင်းပေါ်မှ လျှောက်လာကြသည်။
နှစ်ယောက်စလုံးက တော်တော်ကို မူးနေပြီ။ ကံကောင်းကတော့ အဆိုးဆုံးပေါ့။နည်းနည်းပဲသောက်ပြီး အမူးဆုံးဖြစ်နေတာ။

" ဖြေးဖြေး အစ်ကို ဖြေးဖြေး "

ကံကောင်း ကန်သင်းပေါ်မှ‌ ချော်ကျမလိုဖြစ်သွားတာကို ဒေါင်းဝေက ထိန်းထားလိုက်သည်။

" ရတယ်...ရတယ်...ဒီလောက်...ကတော့အေးဆေးပဲ"

တဲဆီသို့ ရောက်လာကြပြီး ကြမ်းပြင်ပေါ်သို့ နှစ်ယောက်သား လှဲချလိုက်သည်။ ဒီ တော့မှပဲ ပုခုံးပေါ်က လက်တွေက တစ်ယောက် ကိုယ်ပေါ်မှ တစ်ယောက်ခွာသွားရတော့သည်။

" ဒေါင်းဝေကလဲကွာ...အစ်ကို့ကို ဖက်ထားပါဦး.....ကွ ဘယ်လိုဖြစ်လို့လဲ...."

" ကောင်းပြီအစ်ကိုရာ...ကောင်းပြီ"

ဒေါင်းဝေ အိပ်လျက်သားနဲ့ပဲ ပက်လက်အ နေအထားဖြစ်နေတဲ့ ကံကောင်းရဲ့ချိုင်းအောက်သို့ လက်ထိုးသွင်းကာ ဖက်ထားလိုက်သည်။

" ဘယ်လိုလဲ အခုကျေနပ်ပြီလား"

ကံကောင်း ဒေါင်းဝေဘက်သို့ လှည့်အိပ်လိုက်ပြီး ရီဝေဝေမျက်လုံးတွေနဲ့ ဒေါင်းဝေရဲ့မျက်နာအား ကြည့်နေလိုက်သည်။

ဘယ်လောက်တောင် ကြည့်ကောင်းတဲ့မျက်နာလေးလဲ မျက်ခုံးထူထူ နှာတံကသွယ်စင်းနေပြီး ကွေးညွတ်နေတဲ့နှုတ် ခမ်းပါးပါးလေးက မိန်းကလေးမျက်နာ
နှင့်ဆင်တူနေ၏။

ရေးရေးလေးသာ ပေါက်နေတဲ့ နှုတ်ခမ်းမွှေးတို့ကလည်း သူ့မျက်နာအား ပိုပြီးတော့ ပြည့်စုံအောင် ဖန်တီးပေးနေသည်။

ဒေါင်းဝေ မျက်လုံးတွေကို မှိတ်ထားလိုက် ၏။ ထန်းရည်အချိန်နဲ့ဆိုတော့ သူအရမ်းအိပ်ချင်နေပြီလေ။ သူ ကံကောင်းအား ပိုပြီးတင်းကြပ်အောင်ဖက်ထားလိုက်သည်။

ဒီတော့ မျက်နာချင်းနီးကပ်သွားပြီး ဒေါင်းဝေရဲ့မျက်နာအား ကံကောင်းနီးနီးကပ်ကပ်ကို မြင်လိုက်ရ၏။

ကံကောင်း ဒေါင်းဝေရဲ့နဖူးပြင်အား အ သာအယာနမ်းရှိုက်လိုက်သည်။

လူတွေကမူးနေတဲ့အချိန်ဆို သိက္ခာတရားထက် သူတို့ရဲ့ဆန္ဒတွေကိုပဲ ပိုပြီးဦးစားပေးတက်ကြတာမဟုတ်လား။

ကံကောင်းလဲ လူထဲက လူတစ်ယောက်ပဲလေ ဆန္ဒတွေကိုဘယ်လွန်ဆန်နိုင်ပါ့မလဲ။

နောက်တစ်ချက်ပြန်၍ နမ်းရှိုက်လိုက်ကာဒေါင်းဝေအား ရင်ခွင်ထဲ ဆွဲသွင်းထားလိုက်၏။

သူလဲ မျက်လုံးတွေ မှိတ်ကာအိပ်ဖို့ကြိုး စားလိုက်သည်။

••••••••••••••••••••••••••••••••••••

မနက်မိုးလင်းလို့ဒေါင်းဝေနိုးလာတော့ သူကံကောင်း ရင်ခွင်ထဲရောက်နေတာကိုသိလိုက်ရသည်။

ဒါပေမယ့် သူမရုန်းထွက်ပဲ ဒီအတိုင်းလေးသာဆက်နေလိုက်၏။

တကယ်ကို ကြည်နူးဖို့ အခိုက်အတန့်တစ်ခုဆိုတာ သူ့ရင်ထဲမှာ ခံစားလိုက်ရတယ်။
အပြင်မှာလဲ မိုးတွေက သဲသဲမဲမဲကို ရွာနေတော့ အအေးဓါတ်ကိုလဲ သူ့ခန္ဓာကိုယ်ကကောင်းကောင်းကြီးခံစားမိနေ၏။

ဒေါင်းဝေ ကံကောင်းရဲ့ရင်ဘက်ဆီ မျက် နှာအပ်ထားလိုက်သည်။

ပြီးတော့တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။ ကံကောင်းကလဲ အလိုက်သင့်ပြန်၍ဖက်ထားသည်။

ကံကောင်းနိုးနေမယ်လို့တော့ မထင်ဘူး၊ခန္ဓာကိုယ်ရဲ့အထိအတွေ့ကြောင့် အခုလိုတုန့်ပြန်လိုက်တာပဲ။

ကံကောင်းရဲ့ရှပ်အင်္ကျီကြယ်သီးနှစ်လုံးကပြုတ်နေတာကြောင့် ဒေါင်းဝေမျက်နာ နှင့်သူ့ရင်ဘက်အသားစိုင်တို့က ထိကပ်မိနေ သည်။

ဒေါင်းဝေရဲ့အသက်ရှုသံတွေက ကျယ်သယောင်ယောင်ဖြစ်နေပြီး နှာခေါင်းပေါက်မှထွက်လာတဲ့လေတို့က ကံကောင်းရဲ့ရင်ဘက်အား ထိတွေ့ရိုက်ခက်နေသည်။

" ဒေါင်းဝေ...နိုးနေပြီလား"

ကံကောင်းအသံ ကြားတော့ ဒေါင်းဝေရင်ဘက်ဆီမှ ဖယ်ခွာရန်ပြင်လိုက်သည်။

" မလှုပ်နဲ့ ဒီအတိုင်းလေးပဲနေ အရမ်းချမ်းတယ်"

ဒေါင်းဝေငြိမ်နေလိုက်သည်။

လူတစ်ယောက်ရဲ့ထွေးပွေ့မှုက ခန္ဓာကိုယ်တင်မကပဲ နှလုံးသားထဲအထိပါ နွေးထွေးသွားစေ၏။

•••••••••••••••••••••••••••••••••••••••••

" အစ်ကိုကြီးဒေါင်းဝေကို ဆရာတော်ဘုရား ခေါ်နေတယ်"

" ဟုတ်လား"

ကျောင်းသို့ပြန်ရောက်ရောက်ချင်းပဲ၊ကျောင်းသားတစ်ယောက်သူတို့အနားပြေးလာသည်။

ဆရာတော်ဘုရားခေါ်နေတယ်တဲ့လေ။

" ဒါဆို ကျွန်တော် ဆရာတော်ဘုရားဆီသွားလိုက်ဦးမယ် အစ်ကိုဒီမှာပဲ စောင့်နေပေးနော်"

" ကောင်းပါပြီ"

ဒေါင်းဝေထွက်သွားတော့ ကံကောင်းတစ်ယောက် ခရေပင်အောက်တွင် ဆောင့်ကြောင့်ထိုင်ကာ ဒေါင်းဝေပြန်အလာကိုစောင့်နေလိုက်သည်။

" ဘယ်လိုလဲ ကိုကံကောင်းကြီးရ ကျောင်းမှာ နေရတာပျင်းနေပြီလား"

ကျောင်းသားတစ်ယောက် ကံကောင်း အ နားမှာထိုင်လိုက်၏။

" မပျင်းပါဘူးဗျ ကျွန်တော် အဆင်ပြေပါတယ်"

" ဒါပေါ့,ဒါပေါ့ ကပ္ပိယကြီးရှိတော့ ကိုကံ ကောင်းက ဘယ်ပျင်းပါ့မလဲ ရွာထဲမှာလမ်းလျှောက်လိုက် ထန်းတောထဲသွားပြီးထန်းရည်လေးသောက်လိုက်နဲ့ အဆင်ကိုပြေလို့"

ကျောင်းသား ပြောလိုက်တဲ့စကားတွေကို၊ကံကောင်းစိတ်ထဲမှာ အလိုမကျဖြစ်မိတယ်။

ဒေါင်းဝေကို ခနဲ့တာလို့ သူထင်မိတယ်။
ကျောင်းသားကဆက်ပြီး

" အခုလဲ ဘုန်းဘုန်းခေါ်တာ အဲ့ဒီကိစ္စပြောမလို့ဖြစ်မှာပေါ့"

" ဘာကိစ္စလဲ"

" ဘာကိစ္စရှိရမှာလဲ ထန်းရည်မူးပြီး တစ်ညလုံးကျောင်းကို ပြန်မလာတဲ့ကိစ္စလေ၊သူကလဲသူပဲဗျ ဘုန်းကြီးကျောင်းသား တစ်ယောက်ဖြစ်ပြီးတော့ ကျင့်ဝတ်တွေကိုမလိုက်နာဘူး ကဲ....ကျွန်တော်သွားတော့မယ် ဟိုမှာသူပြန်လာနေပြီ"

ကျောင်းသားက ပြောပြီးသည်နှင့် လှစ်ခနဲထွက်သွားသည်။


ဒေါင်းဝေတစ်ယောက် မျက်နာမကောင်းစွာနဲ့ ကျောင်းလှေကားပေါ်မှ ဆင်းလာတာကို ကံကောင်းတွေ့လိုက်ရသည်။

ဒေါင်းဝေသူ့အနားရောက်ရင်ပဲ ကံကောင်း မတ်တပ် ထရပ်လိုက်ကာ

" ဘာဖြစ်လို့လဲ ဒေါင်းဝေ ဆရာတော် ဘု ရားက ဘာပြောလိုက်လို့လဲ"

ဒေါင်းဝေ ဘာမှမပြောပဲ ခရေပင်အောက်တွင်ဝင်ထိုင်လိုက်သည်။ ကံကောင်းလဲ သူ့အနားတွင်ထိုင်လိုက်ပြီး

" ဆရာတော်ဘုရားက ဒေါင်းဝေကို ဆူလိုက်လို့လား"

"ဆူတာမဟုတ်ပါဘူး ဆုံးမတာပါ ကျွန်တော့်ကိုရွေးချယ်ခိုင်းတာ"

" ဘာကိုလဲ ဘာကိုရွေးချယ်ခိုင်းတာလဲ"

" ကျွန်တော့်ဘဝအတွက် တိကျတဲ့အဖြေကိုရွေးချယ်ခိုင်းတာ ကျွန်တော်ဒီအတိုင်းသာဆက်သွားနေမယ်ဆိုရင် ဒီမှာနေဖို့မသင့်တော်ဘူးတဲ့ ဒီကျောင်းမှာပဲ ဆက်နေချင်လား ကျွန်တော့်ဘဝ တိုးတက်ဖို့ အ တွက် ဒီကျောင်းက ထွက်သွားမလားတဲ့"

ဒေါင်းဝေ သက်ပြင်းတစ်ချက် ချလိုက်သည်။

" ဒီတော့ ဒေါင်းဝေက ဘယ်လိုလုပ်ဖို့ စဥ်းစားထားလဲ"

" ကျွန်တော်လဲ မသိတော့ဘူး အစ်ကိုရာ...၊ကျွန်တော့်ဘဝကို ဒီကျောင်းမှာ မကုန်ဆုံးချင်တာတော့အမှန်ပဲ"

" ဒေါင်းဝေမှာ လယ်ရှိနေတာပဲ အဲ့ဒါနဲ့လုပ်ကိုင်စားပေါ့"

" လယ်ကသူများကို ငှားထားတာလေ ဒီနှစ်တော့ ဘယ်လိုမှ ပြန်ယူလို့အဆင်ပြေမှာမဟုတ်ဘူး ဟူး...စိတ်ညစ်တယ်ကွာ..."

" .................."

" အခုတော့ ဒီမှာပဲ ဆက်နေလိုက်ဦးမယ်၊ကျန်တာတော့ နောက်မှ ကြည့်ပြီး စီစဥ်တော့မယ်"

" အင်း လောလောဆယ်တော့ ဒီလိုပဲနေလိုက်ဦးပေါ့"

" အင်း လာ...ထမင်းသွားစားရအောင်"

" ဟင်းပေါင်းနဲ့လား"

" ဒါပေါ့"

••••••••••••••••••••••••••••••••••••••••••••••

ကံကောင်း အင်္ကျီကို ချွတ်လိုက်သည်။

တောင့်တင်းတဲ့ခန္ဓာကိုယ်က အလွန်ကြည့်​ကောင်းနေပြီး ရင်အုပ်ကျယ်ကျယ်မှာပေါက်နေတဲ့ ရင်ဘက်မွှေးတွေကလဲတစ်မျိုး ဆွဲဆောင်မှုရှိနေသည်။

ယောကျာ်းလေးတိုင်း အားကျရတဲ့ပုံစံနဲ့မိန်းကလေးတွေအတွက် ဆွဲဆောင်အား ကောင်းလွန်းလှတဲ့ ယောကျာ်းပီသလွန်းသူပါ။

" ရေတော့ ကူးတတ်ပါတယ်နော်"

ကံကောင်း ပုဆိုးကို ခါးတောင်းကျိုက်လိုက်ရင်း

" ကူးတတ်မယ်လို့ ထင်တာပဲ"

ကံကောင်းက ရေကူးချင်တယ်ဆိုလို့ဒေါင်းဝေ,ကံကောင်းအား ရွာပြင်မှာရှိတဲ့ကန်ကြီးရှိရာသို့ ခေါ်လာလိုက်တာ။

" အစ်ကိုရေနစ်သွားရင် ဒေါင်းဝေလာကယ်နော်"

" ပြောတော့ ကူးတတ်တယ်ဆို"

" ဒါကတော့ လုပ်ကြည့်မှ သိမှာပေါ့ တ ကယ် လို့မကူးတတ်ရင်ဒေါင်းဝေ အစ်ကို့ကို လာကယ်မယ် မဟုတ်လား"

ဒေါင်းဝေ ဘာမှပြန်မပြောပဲ ပြုံး၍သာနေ၏။

" မေးနေတယ်လေကွာ လာကယ်မယ်မဟုတ်လားလို့"

" စိတ်ချပါအစ်ကိုရာ...ကျွန်တော်ပါ အစ် ကိုနဲ့အတူတူရေထဲဆင်းမယ် ဟုတ်ပြီလား"

ဒေါင်းဝေပါ အင်္ကျီချွတ်လိုက်ပြီး ပုဆိုးအား ခါးတောင်းကျိုက်လိုက်သည်။ ကံ ကောင်းအရှေ့ကနေပဲ ရေထဲဆင်းသွားလိုက်သည်။ ရေက ပေါင်အလယ်လောက်ရောက်လာရင်ပဲ ကံကောင်းအရှေ့သို့ ဒိုင်ပင်ထိုးချလိုက်သည်။


" ဒေါင်းဝေ အစ်ကိုရေကူးတတ်တယ်ကွဟား......."

ကံကောင်း လက်ပစ်ကူးလိုက်ပြီး ခနရပ်ကာ အော်ပြောလိုက်သည်။

ဒေါင်းဝေကံကောင်းအနားသို့လက်ပစ်ကူးလာလိုက်သည်။

" ဒါဆို ကျွန်တော်ကယ်စရာမလိုတော့ဘူးပေါ့"

ကံကောင်း ရေစိုနေတဲ့ဆံပင်တွေကို လှန်တင်လိုက်ရင်း

" အစ်ကိုနဲ့ ရေကူးပြိုင်မလား ဟင်"

" စိန်လိုက်လေ"

ထိုအချိန်မှာပဲ အနောက်ဘက်မှ ဝုန်းခနဲမြည်သံကိုကြားလိုက်ရသည်။

နှစ်ယောက်သား ကြည့်လိုက်တော့

" ဖိုးဇော်"

ဖိုးဇော် သူတို့နှစ်ယောက်အနားကူးလာသည်။

"မင်းတို့ နှစ်ယောက်က ဒီမှာသာယာနေတယ်ပေါ့"

" မဟုတ်ပါဘူးကွ ငါတို့က..."

" တော်ပြီ ဆက်မပြောနဲ့တော့"

ပြောပြီး ဖိုးဇော်တစ်ယောက် ရေနက်ပိုင်းသို့ကူးခက်သွားလိုက်ရင်ပဲ ကံကောင်းလဲဖိုးဇော်အနောက်သို့လက်ပစ်ကူးကာလိုက်သွားသည်။

"ဟာ...ကျွန်တော့်ကိုစောင့်ဦးလေ"

ဒေါင်းဝေသည်လည်း သူတို့နှစ်ယောက်နောက်သို့ အပြေးကူးသွားလိုက်ရသည်။
ဟိုလူက ဒီလောက်ရေကူးကျွမ်းနေလိမ့်မယ်လို့မထင်ရဘူး ကျွမ်းကျင်အဆင့်ဖြစ်တဲ့ ဖိုးဇော်နောက်ကိုတောင် အသာလေးအမှီလိုက်နိုင်တာ။

••••••••••••••••••••••••••••••••••••••••••••••••

ဒေါင်းဝေ၊ ကံကောင်း၊ ဖိုးဇော်တို့သုံးယောက်သား ရွာထိပ်က ရေကန်ကြီးတွင်ရေကူးပြီးပြန်လာခဲ့ကြသည်။

ကံကောင်းနှင့် ဖိုးဇော်က ပုဆိုးကို ခါး တောင်းကျိုက်ထားကာ အပေါ်ပိုင်းဗလာနှင့်သာ စကားတပြောပြောနဲ့ လျှောက်လာကြ၏။

ဒေါင်းဝေကမူ အနောက်မှာတစ်ယောက် တည်းရယ်

" ခင်ဗျားက ဒီရွာမှာ တစ်သက်လုံးနေဖို့ဆုံးဖြတ်ထားတာလား"

" ကျုပ်ရဲ့အ​တိတ်ကိုပြန်မမှတ်မိခင်အချိန်ထိတော့ ဒီရွာမှာပဲဆက်နေရဦးမှာပေါ့ဗျာ"

" ခင်ဗျားက ဘယ်တော့ ပြန်မှတ်မိမှာလဲ၊ရှုတ်ပါတယ်ဗျာ...မိန်းမတစ်ယောက်ရှာယူပြီး ဒီရွာမှာပဲအခြေချလိုက်တော့"

" ဟား....ကျုပ်လိုလူကိုဘယ်သူကယူချင်မှာလဲဗျ"

" ဘာလဲ ခင်ဗျားက ယူချင်တဲ့ သဘောလား ဒါဆိုကိစ္စမရှိဘူး ကျုပ်တာဝန်ထားလိုက်တော့"

ကံကောင်း ဖိုးဇော်ကို အဓိပ္ပါယ်တစ်မျိုးပါတဲ့အကြည့်နဲ့ကြည့်လိုက်သည်။

" ဟိတ် ဟိတ်  ကျုပ်ကခင်ဗျားကိုမိန်းမရှာပေးမယ်လို့ပြောတာနော်တခြားတွေလျှောက်တွေးမနေနဲ့"

" ကျုပ်လဲ ဘာမှမတွေးရပါဘူးဗျာ"


ဖိုးဇော် အရင်ရက်တွေက သူပဲ ကံကောင်းကို ကြည့်မရဖြစ်နေတာ။ အခုကြတော့လဲသူမဟုတ်သိလိုပါပဲလား။ သူငယ်ချင်းအ ရင်းကြီးဖြစ်တဲ့ ဒေါင်းဝေကိုတောင် ဂရုမစိုက်အားပဲ ကံကောင်းနှင့်သာ စကားတပြောပြောနဲ့ သွားနေတာ။

သူတို့နှစ်ယောက်က၊အနောက်မှာရှိနေတဲ့ဒေါင်းဝေကိုတောင် လှည့်မကြည့်အားဘူးလေ။

" ကိုမှတ်ကြီးပါလား ဘယ်သွားမလို့လဲဗျ"

ရွာထဲမှ သူတို့ရှိရာဘက်သို့ ဦးတည်လျှောက် လာတဲ့ လူတစ်ယောက်အား ဖိုးဇော် မေးလိုက်ခြင်းပါ။

ထိုလူက ခမောက်ဆောင်းထားကာ လွယ်အိပ်တစ်လုံးကိုလဲဘေးမှာလွယ်ထားသေး သည်။

" ဟိုဘက်ရွာမှာ ဆရာသွားပင့်မလို့ကွ"

" ဆရာသွားပင့်မလို့ဟုတ်လား ဘယ်သူဘာဖြစ်လို့လဲ ကျုပ်တို့ရွာမှာလဲဆေးဆရာရှိနေတာပဲလေဗျာ"

" အခုက ရိုးရိုးဖျားတာမဟုတ်ဘူး ဖိုးဇော်ရ အပမိတာကွ အဲ့ဒါကြောင့် ဟိုဘက်ရွာက ပယောဂ ဆရာ သွားပင့်မလို့"

" ဒါဆိုမန်ကျည်းတောရွာကိုသွားပါလားဗျ အဲ့ရွာကဘိုးတော်က တော်တော်စွမ်းတယ်ဆိုပဲ"

ကိုမှတ်ကြီးက ပြာပြာသလဲပင်

" ဟာ...မဖြစ်ပါဘူးကွာ အခုက ဘယ်အ ချိန်ရှိနေပြီလဲ မန်ကျည်းတောရွာကိုသွားရင် မိုးချုပ်မှောင်မှ ပြန်ရောက်မှာကွ"

" ဘာလဲ ကိုမှတ်ကြီးကမိုးချုပ်ရင်သင်္ချိုင်းကိုဖြတ်ရမှာကြောက်လို့မလား ဟား....."

" ဟုတ်တယ်လေကွာ မင်းတောင်မှ အဲ့ဒီသင်္ချိုင်းက သရဲခြောက်လွှတ်လိုက်လို့၊ကြောက်ဖျား ဖျားသွားသေးတာပဲမဟုတ်လား"

ဖိုးဇော်မျက်နာက ချက်ချင်းဆိုသလိုမဲကျသွားသည်။ မျက်မှောင်ကိုကြုတ်ထားပြီး

" ကဲ...သွားမှာဖြင့်လဲသွား ဂရုလဲစိုက်သွား၊ဟုတ်ပြီလား"

မှတ်ကြီးဆိုသည့်လူ ပြုံးဖြီးကာ အနားမှထွက်သွား၏။

တကယ်ပဲ သူသရဲခြောက်ခံရပြီး ဖျားသွားတဲ့ကိစ္စက အခုချိန်ထိ ပြောလို့ကို မပြီးကြတော့ဘူး။

" သင်္ချိုင်းကသရဲခြောက်တယ်ဟုတ်လား"

" ဟုတ်တယ်လေ သင်္ချိုင်းက သရဲခြောက်တာ ဘာဆန်းလို့လဲ ပြီးတော့...ခင်ဗျားကိုလဲ အဲ့ဒီသင်္ချိုင်းမှာ တွေ့ခဲ့တာပဲ"

ကံကောင်း အတန်ကြာ နှုတ်ဆိတ်နေပြီးတစ်ခုခုကို တွေးနေပုံရသည်။

" ဘာလဲ ခင်ဗျား တစ်ခုခုမှတ်မိလို့လား"

" မဟုတ်ပါဘူး"
.......
..…

" ခေတ်အခါက ကောင်းတာမဟုတ်တော့ရွာမှာ လူစိမ်း လက်မခံသင့်ဘူး"

" သူဒီရွာကိုရောက်တာ ဘယ်လောက်ကြာနေပြီလဲသူကြီးရာသူကြီးကအခုအချိန်ကျ မှ ပြီးတော့ သူကသူ့အတိတ်အကြောင်း တွေကိုမေ့နေတာဆိုတော့ သူ့ကိုပြန်ခိုင်းလို့လဲ ရတာမဟုတ်ဘူးလေ"

" အဲ့ဒါပြောတာပေါ့ကွ သူ့ကိုယ်သူတောင်ဘာမှန်းမသိတဲ့ လူတစ်ယောက်ကို ရွာမှာလက်ခံထားလို့ဘယ်လိုဖြစ်မှာလဲ အခုကနေရာတိုင်းမှာ သူခိုး,ဓားပြ‌တွေ သောင်း ကျန်းနေတာ မင်းခေါ်ထားတဲ့လူသာဓားပြဖြစ်နေပြီး ရွာကိုလာလေ့လာနေတာဆိုရင်တစ်ရွာလုံးဒုက္ခရောက်ကုန်မယ် အဲ့ဒါမင်းသိလား"

ရွာလူကြီးက စိတ်ကောင်းတဲ့သူကြီးတော့မဟုတ်ဘူး ရွာသားတွေနည်းနည်း အမှားလုပ်မိတာနဲ့ သူ့ရဲ့မရှိမဲ့ရှိမဲ့ အာဏာလေးကို ပြချင်နေတာ။

အခုလဲ ကြည့်လေ ဆရာတော်ဘုရားက တောင် လက်ခံထားလို့ ကျောင်းမှာဘယ် နှစ်ရက်ကြာနေပြီလဲ ဒါကိုသူကအခုမှ

" ဒေါင်းဝေ မင်းလက်ခံထားတဲ့လူအတွက်မင်း တစ်ခုခုတော့ လုပ်ရမယ်"

" သူကလူကောင်းပါ သူကြီးရ သူပုံစံက..."

" လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီးတော့ဆုံးဖြတ်လို့မရဘူးကွ"

" အဲ့တော့ သူကြီးက ကျွန်တော့်ကိုဘယ် လိုလုပ်စေချင်တာလဲ သူ့ကို ဒီရွာကနေ ထွက်သွားခိုင်းရမှာလား အဲ့ဒါတော့မဖြစ်ဘူး သူ့မှာပြန်စရာအိမ်လဲ ရှိတာမဟုတ်ဘူး သူကြီးစိတ်ချပါ ဖြစ်လာသမျှ အား လုံးကို ကျွန်တော်တာဝန်ယူပါ့မယ်"

" တစ်ရွာလုံးပြာကျသွားတော့မှ မင်းကဘယ်လို တာဝန်ယူပေးမှာလဲကွ"

" ဟာ...သူကြီးကလဲ လူတစ်ယောက်ဒုက္ခ ရောက်နေလို့ကယ်တင်ထားရုံလေးပါ အဲ့လောက်အများကြီးတွေးစရာမလိုပါဘူးဗျ"

သူကြီးက သူ့ရဲ့ဆုပ်ထားတဲ့လက်သီးနဲ့၊စားပွဲခုံအားထုရိုက်လိုက်သည်။

" လို တယ်ကွ,လိုတယ် ငါကသူကြီး၊ တစ်ခု ခုဖြစ်ရင် ငါ့ခေါင်းပေါ်ပဲကျလာမှာကွမင်းလို ဘုန်းကြီးကျောင်းသားက ဒါတွေဘယ်နားလည်မှာလဲ ကောင်းပြီ သူ့ကိုဒီရွာမှာ ခဏနေခွင့်ပေးလိုက်မယ် အေး ပြဿ နာ တစ်ခုခုဖြစ်ရင်တော့ မင်းပါ ဒီရွာကနေ ထွက်သွားရမယ်ကွ နားလည်လား"

လူတစ်ယောက်ကို ကယ်တင်ထားရုံလေးပါ တစ်ရွာလုံးပြာကျစရာလိုလို့လား။ ပြီးတော့...သူ့ပုံစံကြည့်တာနဲ့လူကောင်းဆိုတာ တပ်အပ်ပြောနိုင်တယ်။

ဒေါင်းဝေ သူ့ကိုယုံတယ် ဒီရွာကိုတော့ဒုက္ခ ရောက်အောင်လုပ်မှာမဟုတ်ဘူး အို...ဒီ​အ ကြောင်းတွေက ခေါင်းထဲထည့်ထားစရာကိုမလိုတာ။

ဒေါင်းဝေ ကျောင်းကို ပြန်ရောက်တော့ ဟိုလူကကျောင်းမှာရှိမနေဘူး။ ကိုရင်လေးတယောက်ကို မေးကြည့်တော့ ဖိုးဇော် နဲ့အောင်စိုးလာခေါ်သွားတယ် တဲ့လေ။

သိပ်ခင်နေကြတယ်ပေါ့။ သူတို့ဘယ်ခေါ်သွားတာဖြစ်နိုင်လဲ မဟုတ်မှလွဲရော...သူ့ကိုထန်းတောထဲ ခေါ်သွားကြတာများလား
ဒီကောင်တွေကတော့...လူကောင်းတစ်ယောက်ကိုဖျက်စီးဖို့ကြိုးစားနေပြီ။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ဒေါင်းဝေ ထန်းတောထဲ ရောက်လာခဲ့၏။
ထင်တဲ့အတိုင်းပဲ။ ဒင်းတို့သုံးယောက်ကဒီမှာညိမ့်နေတာကိုး ဟိုလူကလဲ အတက်ကောင်းတွေ တက်နေတယ်ပေါ့။

အစကတော့ ဒါမျိုးတွေမသောက်တက်ဘူးဆိုပြီး အခုတော့ ဖိုးဇော်တို့ ခေါ်တာနဲ့တန်းပါသွားတော့တာပဲ။

" ဟာ...သူငယ်ချင်းကြီးပါလား လာကွာထိုင်"

ဖိုးဇော်ရဲ့အပြောကြောင့် ကံကောင်းအ နောက်သို့ လှည့်ကြည့်လိုက်မိသည်။

မျက်နာထား ခပ်တင်းတင်းနဲ့ သူ့အားကြည့်နေတဲ့ ဒေါင်းဝေတစ်ယောက်ကံကောင်း ဒေါင်းဝေအား ပြုံးပြလိုက်ပေမယ့် ဒေါင်းဝေကသူ့အားဘာမှမတုန့်ပြန်။

ဒေါင်းဝေကံကောင်းနံဘေးတွင်တင်ပလ္လင် ခွေထိုင်ချလိုက်၏

" ဘယ်လိုလဲ အကြိုက်တွေ့နေပြီပေါ့"

ကံကောင်းပြုံးလိုက်သည်။

" အစ်ကိုက မသောက်ပါဘူး သူတို့ခေါ်လို့သာလိုက်လာခဲ့တာ မယုံရင်အစ်ကို့ပါးစပ်ကိုနမ်းကြည့်ပါလား"

ဒေါင်းဝေ ရှက်ပြုံး,ပြုံးလိုက်ပြီး

" နမ်းစရာလား"

" ရော့ ဒေါင်းဝေ"

အောင်စိုးက ဒေါင်းဝေအား ထန်းရည်ခွက်လှမ်းပေးလိုက်သည်။

" ငါမသောက်တော့ဘူး တော်ကြာဆရာ တော်ဘုရား ဆူနေဦးမယ်"

" အရင်ကလဲ သောက်နေကျပဲလေကွာအခုမှ ဘယ်လိုဖြစ်ရတာလဲ ရော့ပါသောက်လိုက်ပါဟ"

ဒေါင်းဝေ အောင်စိုးလက်ထဲက ထန်းရည်ခွက်အားယူလိုက်ပြီး မော့ချလိုက်သည်။
မသောက်ဘူးသာ ဆိုပေမယ့် ထန်းရည်မြင်တော့မနေနိုင်။

ဒေါင်းဝေ သူ့လက်ထဲက ထန်းရည်ခွက်အားချလိုက်သည်နှင့် ကံကောင်းထံမှ

" အရမ်းမသောက်နဲ့ ဦး"

" အင်းပါ နည်းနည်းပဲ သောက်တာပါ"

ဖိုးဇော်ထံမှ

" မနက်ဖြန်ကျရင် ဝါးတောထဲမှာ မျှစ်သွားချိုးမလို့ ဘယ်သူလိုက်မလဲ"

" ဘာ မျှစ်ချိုးမလို့ဟုတ်လား မျှစ်ချိုးတာက မိန်းကလေးတွေပဲ သွားကြတာကွ မင်းက..."

" ဟိတ်ကောင် မဟုတ်တာတွေလာပြောမနေနဲ့ ဘာပဲဖြစ်ဖြစ် အမေခိုင်းထားတာဆိုတော့သွားရမှာပဲ ကဲပါ...ဘယ်သူလိုက်မှာလဲပြော"

" မင်းတစ်ယောက်ထဲ မသွားရဲလို့မဟုတ်လား"

ဖိုးဇော် သောက်လက်စ ထန်းရည်ခွက်အားပြန်ချလိုက်ရင်း

" မင်းမလိုက်ချင်လဲဘာမှမဖြစ်ဘူးအောင်စိုး ဒါပေမယ့် ငါ့ကို အဲ့လိုတော့ လာမပြောနဲ့"

ဖိုးဇော် မျက်နာကတင်းမာနေသည်။

" ကျုပ်လိုက်ခဲ့မယ်"

အားလုံးရဲ့အကြည့်တွေက၊ကံကောင်းထံသို့ရောက်ရှိသွားသည်။

ထိုအကြည့်တွေထဲမှာမှ ဒေါင်းဝေရဲ့အ
ကြည့်တွေက အလိုမကျမှုတွေပါဝင်နေ သည်။

" ဘာကြည့်နေတာလဲ ကျုပ်လိုက်လို့မရဘူးလား"

" ရတာပေါ့ဗျာ... ရတာပေါ့ သိပ်ရတာပေါ့ဗျာ"

 ဖိုးဇော်က ပြုံးဖြီးနေတဲ့ မျက်နာနှင့်ပြောလိုက်တော့ ဒေါင်းဝေ ပိုလို့တောင် စိတ်အလိုမကျဖြစ်သွားရသည်။


" ဒါဆိို လိုက်ခဲ့မယ်နော် မနက်ဖြန် မနက်မဟုတ်လား"

" ဟုတ်ပါ့သဗျာ"

" ခင်ဗျားကလဲ ခင်ဗျားရဲ့အုပ်ထိန်း သူကိုအ ရင်မေးကြည့်ဦးလေဗျာ သူ့ဆီကခွင့်ပြုချက်တော့ယူသင့်တာပေါ့ဗျ"

အောင်စိုးကပြောပြီး ဒေါင်းဝေထံသို့မေးဆတ်ပြလိုက်တော့ ကံကောင်းက

" ခွင့်တောင်းစရာမလိုပါဘူးဗျာ ဒေါင်းဝေကခွင့်ပြုပြီးသားပါ ဟုတ်တယ်မလားဒေါင်းဝေ"

ဒေါင်းဝေဘာမှပြန်မပြောပဲ အိုးထဲမှထန်း ရည်အားခပ်ယူကာ မော့သောက်လိုက်ပြီးဝါးခွက်အား အောက်သို့ဆောင့်ကာချလိုက်သည်။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

မိုးကသဲသဲမဲမဲကို ရွာနေသည်။ လေပြင်းများတိုက်ခက်နေပြီး ကျောင်းဝန်းထဲကခရေပင်ကြီးမှာလဲ အဆက်မပြတ်ယိမ်း ထိုးနေသည်။

ဒေါင်းဝေနှင့် ကျောင်းသားတစ်ယောက်က ပြတင်းပေါက်တွေအား လိုက်ပိတ်နေ ၏။

" ကိုကြီးဒေါင်းဝေ ကြားပြီးပြီလား"

" ဘာကိုလဲ ငါက ဘာကိုကြားရမှာတုန်း"

" ဟိုဟာလေ... မနေ့ညက ဒေါ်စိန်ပုကို လူဝင်ကုတ်လို့တဲ့လေဗျာ..."

အခန်းတစ်နေရာတွင်ထိုင်နေတဲ့ကျောင်း သားတစ်ယောက်က

" လူဝင်ကုတ်တာ မဟုတ်ပါဘူးကွ လူဝံကုတ်တာပါဟ"

" မသိပါဘူးကွာ... လူဝံကုတ်တာလား လူဝင်ကုတ်တာလား ပြီးတော့ ဘယ်ကိုကုတ်တာလဲမသိပါဘူး ညသန်းခေါင်ကျော်ကြီးထအော်လို့တဲ့ သူ့ကိုမေးကြည့်တော့ လူဝင်ကုတ်တာ အဲ...မဟုတ်ပါဘူး လူဝံကုတ်တာတဲ့"

" ဒီမှာ ဘယ်က လူဝံက လာရှိမှာလဲကွာ...
မဟုတ်တာတွေ"

" သူပြောတာတော့ တစ်ကိုယ်လုံးအမွှေးတွေနဲ့တဲ့ ကျုပ်တို့ရွာလဲ ဘာတွေဖြစ်နေလဲမသိပါဘူးဗျာ သရဲခြောက်ခံရတဲ့လူနဲ့ အ ပမိတဲ့လူနဲ့ ဒီကြားထဲ ဘယ်က လူဝံကပေါ် လာလဲမသိဘူး ငါ့အထင်တော့ လူဝံတော့မဖြစ်နိုင်ဘူးကွ လူဝင်တာပဲဖြစ်ရမယ်"

" ကဲ...လူဝံပဲဖြစ်ဖြစ် လူဝင်ပဲဖြစ်ဖြစ် အဲ့ဒါမင်းတို့နဲ့ဘာမှမဆိုင်ဘူး ကိုယ်လုပ်စရာရှိတာသာလုပ်"

" အင်းပါကိုကြီးဒေါင်းဝေရ ဒါနဲ့ ကိုကံ ကောင်းကြီး တစ်ယောက်လဲ မတွေ့ပါလား"

" သူကျောင်းပေါ်မှာ ဆရာတော်ဘုရားနဲ့စ ကားပြာနေတယ် "

ထိုစဥ်မှာပဲ ကံကောင်းတစ်ယောက် အ ဆောင် ပေါ်သို့ပြေးတက်လာသည်။

ခန္ဓာကိုယ်တစ်ခုလုံး ရေတွေရွှဲစိုလို့ ဒေါင်း ဝေ၊ကံကောင်းအနားသွားလိုက်ပြီး

" ဘယ်လိုဖြစ်တာလဲ တစ်ကိုယ်လုံးစိုရွှဲလို့"

ကံကောင်း မိုးရေစိုနေတဲ့ ဆံပင်တွေအားလက်ဖြင့် ခါယမ်းလိုက်တော့ ရေစက်အ ချို့က ဒေါင်းဝေရဲ့မျက်နာအား အနည်း ငယ် စင်သွားသည်။

" ဆောင်းစရာမှမရှိတာ ဘာမှမဖြစ်ပါဘူးရေချိုးပြီးသား ဖြစ်သွားတာပေါ့"

ပြောပြီးတော့ မျက်နာကိုပြုံးဖြီးဖြီးလုပ်နေသည်။

ကံကောင်း အင်္ကျီကြယ်သီးတွေအား တစ်စေ့ချင်းဖြုတ်လိုက်ပြီး ဒေါင်းဝေပေးလာတဲ့ ပုဆိုးခပ်နွမ်းနွမ်းတစ်ထည်အားယူကာလဲလိုက်၏။

ဒေါင်းဝေ ကံကောင်းအားကြည့်ပြီး ခေါင်းကို အသာရမ်းကာ သက်ပြင်းတစ်ချက်ချလိုက်သည်။

ဒါကို ကံကောင်းတစ်ယောက် မသိပါ။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အချိန်က ညသန်းခေါင်းလောက်ပဲ ရှိဦးမယ်။ မိုးကလဲအဆက်မပြတ် သဲသဲမဲမဲကိုရွာနေဆဲပင်။

ဒေါင်းဝေ နိုးလာတော့ ကံကောင်းအားဘေးနားမှာမတွေ့ အိပ်ယာမှ လူးလဲထကာ ဘေးဘီအား ကြည့်လိုက်တော့ ကျောင်း ဆောင်ရဲ့တံခါးမကြီးကပွင့်နေ၏။ ထို့စဥ်လျှပ်စီးတစ်ချက်လတ်သွားပြီး,ထိုတံခါးဝတွင်လူတစ်ယောက်ထိုင်နေတာကိုလဲတွေ့လိုက်ရသည်။

ဒေါင်းဝေ တံခါးမကြီးရှိရာ လျှောက်သွားလိုက်၏။

" အမှောင်ထဲမှာ ဘာထိုင်လုပ်နေတာလဲ မိုးတွေဒီလောက်ရွာနေတာ"

" သြော်...ဒေါင်းဝေ အစ်ကို...အိပ်မပျော်လို့ပါ"

ဒေါင်းဝေ ကံကောင်းနံဘေးတွင် ဝင်ထိုင်လိုက်သည်။

" ဘာလဲ အိမ်ကိုလွမ်းလို့လား"

ဒေါင်းဝေ ပြောလိုက်တော့ ကံကောင်းထံမှရယ်သံတိုးတိုးလေးကို ဒေါင်းဝေကြား လိုက်ရသည်။

" အင်း...ရင်ထဲမှာတော့ တစ်ခုခုကိုလွမ်းနေ သလိုမျိုးပဲ ဒါပေမယ့်...ဘာကိုလွမ်းနေမှန်းတော့မသိဘူး"

" .................."

" ဒီနေ့ရွာထဲမှာတွေ့ခဲ့တယ်...ကလေးတစ်ယောက်ကို သူ့အမေက ရိုက်ပြီးဆုံးမနေတာ ဒါတောင် ကလေးက တစ်စက်က လေးမငိုဘူးနော် ဟင်း...အစ်ကိုတော့အဲ့ကလေးကိုတကယ်သဘောကျမိတယ်"

" ခွေး"

" ဟင်"

" အဲ့ကောင်လေးနာမည်ကငခွေးတဲ့ ဘာကြောင့်လဲ တော့မသိဘူး သူ့ကိုအဲ့ဒီလိုပဲခေါ်ကြတာ ဟုတ်တယ်...အဲ့ကလေးကအဲ့လိုပဲ အရမ်းခေါင်းမာတာ ပေတေ‌တေ ကပ် တက်တက်နဲ့ တအားပြောရခက်တာ"

" ဟုတ်လား..."

" အင်း......"

လ" ဒေါင်းဝေ ငယ်ငယ်တုန်းကရော ဘယ်လိုပုံစံမျိုးလဲ မှတ်မိလား"

ဒေါင်းဝေ တိုးတိုးလေး တစ်ချက်ရယ်လိုက်သည်။

" မှတ်မိတာပေါ့ ကျွန်တော်ငယ်ငယ်က ငခွေးထက်တောင် ဆိုးသေးတယ်"

" ဟား......ဟုတ်လားကွ"

" ဟုတ်တယ် ငယ်ငယ်ကဆို ကလေးချင်းရန်ခဏခဏဖြစ်တယ် အများဆုံးကတော့မိန်းကလေးတွေနဲ့ပေါ့"

" ဟား...."

" အိမ်အထိကို ရန်သွားရှာတာနော်...ဟိတ်ကောင်မ နင်ထွက်ခဲ့စမ်းဆိုပြီးတော့ ရန်သွားတွေ့တာ မှတ်မိသေးတယ် ကောင်မ လေးတစ်ယောက်နဲ့ နပမ်းလုံးတာ ဟား....

ဒါပေမယ့် ကျွန်တော်ရှုံးသွားတယ် အဲ့ကောင်မလေးက တော်တော်လဲစွာတာကို..."

" ညီက တော်တော် ဆိုးတာပဲကွ"

" ကျွန်တော်...ရှစ်...ကျွန်တော်ဆိုချင်တိုင်း ဆိုးလို့မရတော့ဘူးပေါ့ တစ်ယောက် တည်းကျန်ခဲ့တဲ့ ကျွန်တော့်ကို ဘယ်ဆွေ မျိုးမှ လက်မခံချင်ကြဘူး ဒါကိုကျွန် တော် နားလည်ပါတယ် သူတို့ဝမ်းတောင် သူတို့အနိုင်နိုင်ရှာစားနေကြရတာ။

ဘာမှမလုပ်တက်တဲ့ ကလေးတစ်ယောက်ကိုခေါ်ထားဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ အဲ့တော့....ဆရာတော်ဘုရားကပဲ ကျွန်တော့်ကိုမွေးစားခဲ့တာ..."

ကံကောင်း ဒေါင်းဝေရဲ့ ပုခုံးအားဖက်ထားလိုက်သည်။ ကံကောင်း စိတ်ထဲမကောင်း

" ဂျိန်း!"

မိုးချိန်းသံနှင့် အတူ လျှပ်စီးကြောင်းတစ်ခုကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးလင်းလက်သွား၏။

ကံကောင်း ဒေါင်းဝေအား တင်းကျပ်စွာဖက်ထားမိသည်။

ဆက်ရန်ရှိသေးသည် .......

---------------------------------------------------
စာကြွင်း။   ။ ကျွန်တော့်ကိုယ်ပိုင် စာတွေရေးပြီး မတင်နိုင်သေးခင် စာဖတ်သူ သူငယ်ချင်းတို့ အပျင်းပြေ ဖတ်ရအောင် အခြားသော စာရေးသူ အချို့ရဲ့ စာတွေကို ပြန်တင်ပါတယ်။

No comments: