Thursday, June 27, 2024

'ဆူးလေတံတားပေါ်က ဆုတောင်းသံ'

 ဆူးလေတံတားပေါ်က ဆုတောင်းသံ



စာရေးသူ ..A nyo...(အညို)


^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^


    "  ဖောက်သည်များများရ ရပါလို၏ အရှင်ဘုရား"


     ဆူးလေတံတားပေါ်ရပ်ကာ ဆူးလေဘုရားကို လက်ဆယ်ဖြာထိပ်မှာမိုး၍ ဆုတောင်းမိသည်။ ဘာကုသိုလ်မှမလုပ်ပါဘဲ ဆုတောင်းမိနေသော သူ့ကိုတော့ မြင်တဲ့သူတွေက နှာခေါင်းရှုံ့ကြလိမ့်မည်။ 


     သူသည် ဒီတံတားကိုပတ်နေသည်မှာ အခေါက်ပေါင်းမရေနိုင်တော့။ ပတ်သည့်အခေါက်တိုင်းမှာလည်း အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက်အရပ်လေးမျက်နှာလုံးကို တစ်ဖက်သူသဘော ပေါက်လွယ်သော အကြည့်ဖြင့် ကြည့်ရသည်။ ထိုသို့ လုပ်နေပါလျက်နဲ့ သူဒီနေ့ဖောက်သည်မရသေးပေ။


      သူသည် တံတားပေါ်တွင်ထိုင်ချလိုက်ပြီး အိတ်ထဲမှ မှန်ကိုထုတ်လိုက်သည်။ ပြီးတော့ မျက်နှာရှေ့တွင်ထားကာ လိုအပ်သည့်အရာများကိုရှာဖွေနေမိသည်။ သူ၏မျက်နှာသည်တော့ ပုံမှန်အတိုင်းပင်။ ယောကျ်ားတစ်ဦးဖြစ်သောကြောင့် အထွေးအထူးတော့ပြင်စရာမလို။ သူ၏မျက်နှာပေါ်တွင် စျေးပေါပေါ နှုတ်ခမ်းနီကို ဆိုးထားသော နှုတ်ခမ်းတစ်စုံမှအပ အခြားအရာတွေသည် ပုံမှန်အတိုင်း ဖြစ်သည်။ မှန်ကိုအိတ်ထဲပြန်ထည့်ကာ တံတားကိုနောက်တစ်ကြော့ပတ်ရန် ထွက်ခဲ့သည်။


      ဒီတစ်ခါမှာတော့ သူ၏သားကောင်ကိုတွေ့ရပြီ။ သားကောင်ဟုသာပြောသော်လည်း တစ်ခါတစ်လေကျ ထိုသားကောင်ဟာ မုဆိုးဖြစ်နေတက်ပြန်သည်။ လုပ်သက်ရင့်နေပြီဖြစ်သော နိုင်နိုင်အတွက်ကတော့ ဤအရာတွေကိုမမှု။


      နိုင်နိုင်သည် သားကောင်နားသို့ချဥ်းကပ်ကာ မာယာအားလုံးကို တစ်ပြိုင်နက်တည်း လွှတ်ဖို့ပြင်နေသည်။ သိပ်မကြာလိုက်ပါ။ သားကောင်သည် သူ့နားသို့ရောက်လာလေသည်။


     သားကောင်သည် လက်အမှုအရာဖြင့် `စျေးဘယ်လောက်လဲ´ဟုမေးသည်။ နိုင်နိုင်ကလည်း လက်သုံးချောင်းထောင်ပြလိုက်သည်။ သူသည် နိုင်နိုင့်အနားကိုကပ်လာပြီး 


     "နှစ်သောင်းရမလား..."


      နိုင်နိုင် ထောင်းခနဲစိတ်တိုသွားမိသည်။ ပြည့်တန်ဆာစီကတောင် စျေးစစ်နေသောသူ့ကိုလည်း အံ့သြမိသည်။


     "မရဘူး နှစ်သောင်းခွဲတော့ပေး"


      "မရရင်တော့ နိုးပဲ"


      သူသည် နိုင်နိုင်ရှေ့မှလှည့်ထွက်သွားဖို့ပြင်နေသည်။ နိုင်နိုင်ဘာလုပ်ရမလဲ စဥ်းစားနေသည်။ ဒီနေ့ညအဖို့တစ်ယောက်မှလည်းမရသေး။ လက်ကနာရီကိုကြည့်တော့ နှစ်နာရီထိုးပြီ။ လေးနာရီထိုးထိမှ မရရင် အိမ်ကိုလက်ဗလာနဲ့ပြန်ရတာ့မည်။ သူလက်ဗလာနဲ့တော့ မပြန်နိုင်။ ရတဲ့စျေးနဲ့ပဲလိုက်ရတော့မည်။


     "ဟေ့လူ ခဏ"


      နိုင်နိုင်နဲ့သူတို့ စျေးတည့်သွားပြီး တစ်နေရာသို့ထွက်ခဲ့ကြသည်။ ကိစ္စတွေပြီးတော့ ညသုံးနာရီ။ တစ်ယောက်လောက်ရလျှင်လိုက်ချင်သေးသော်လည်း ခုအခြေအနေနဲ့ဆို ရဖို့လမ်းမမြင်တော့။ သူသည် လက်ထဲမှ နှစ်သောင်းကိုကျစ်ကျစ်ပါအောင်ဆုတ်၍ အိတ်ကိုဆွဲကာ တံတားပေါ်မှဆင်းခဲ့သည်။


        နိုင်နိုင်တို့နေသော ကျူးကျော်ရပ်ကွက်တွင် နိုင်နိုင့်လိုလူတွေများလှသည်။ တစ်ခါတစ်ခါ ရပ်ကွပ်ထဲတွင် မိန်းမကြီးများစကားပြောကြရင်းက သူကစျေးပိုရသည်...ငါက စျေးလျော့ရသည် နဲ့ငြင်းနေကြသေးသည်။ 


       ဤအလုပ်ကို မိန်းမများသာမက နိုင်နိုင်တို့လိုယောကျ်ားများကပါ လုပ်ကြသည်။ နိုင်နိုင်ကို ဒီအလုပ်ဘာလို့လုပ်တာလဲဟုမေးရင်တော့ `အမေက ဖာဖြစ်တော့ သားကလည်း ဖာဖြစ်တာ ဘာစမ်းသလဲ´ ဟု ခပ်တင်းတင်းပြန်ပြောမိမည်။


       တစ်ခါတစ်လေ နိုင်နိုင်စိတ်အချဥ်ပေါက်နေတဲ့အချိန် ဒီအလုပ်ကိုဘာကြောင့်လုပ်တာလဲဟုမေးရင်တော့ `ခံလည်းခံရတယ် ပြီးတော့ပိုက်ဆံလည်းရတယ်လေ´ ဟု ခပ်ရွဲ့ရွဲ့ပြောတက်သည်။ 


      တကယ်တော့ နိုင်နိုင် ဒီအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းမပြုချင်ပါ။ သို့သော်မတတ်ရနိုင်။ ပညာကိုတစ်စွန်းတစ်စမျှမသင်ခဲ့ရသော နိုင်နိုင်သည် ပြည့်တန်ဆာအမေဖြစ်သူလက်အောက်တွင် ကြီးပြင်းလာခဲ့ရသည်။သူဆယ်ကျော်သက်အရွယ်ကတော့ တွေ့မြင်နေရသော ပြည့်တန်ဆာအလုပ်ကိုသာ လုပ်လိုသည်။ ရေသာခိုအချောင်လိုက်ချင်သောစိတ်သည် သူ့ကိုဒီအသူရာချောက်နက်ထဲကိုဆွဲခေါ်ခြင်းဖြစ်သည်။


       ညတိုင်း ဆူးလေတံတားပေါ်တွင် အခေါက်ပေါင်းမရေနိုင်အောင် လျှောက်ခဲ့ရသော သူ၏ခြေထောက်တို့အသားမာတက်နေခဲ့ပြီ။ ခြေထောက်ကအသားမာထက် နှလုံးသားမှာ တက်နေသောအသားမာက ပို၍ခံရခက်သည်။ သူ့အသက်နှစ်ဆယ်ကတွေ့ခဲ့ရသောအချစ်သည် သူ့ဘဝတွင် ပထမဆုံးအချစ်နဲ့နောက်ဆုံးအချစ်ဖြစ်ခဲ့သည်။ 


      ထိုနေ့က သူသည် တံတားပေါ်ကို ညနေခြောက်နာရီလောက်ရောက်သွားသည်။ သူရောက်ပြီး ခဏအကြာမှာ တံတားပေါ်သို့ လူနှစ်ယောက်တက်လာသည်။ တစ်ဦးက ကောင်လေး ၊ ကျန်တစ်ဦးကတော့ ထိုကောင်လေးလက်ကို ဆွဲဆွဲမြဲမြဲ ချိတ်၍ လိုက်ပါလာသော ကောင်မလေး။ ထိုကောင်လေးကို မြင်လိုက်ရချိန်မှာ သူ့ရင်တစ်စုံမှာ ပြောမပြတက်လောက်အောင်ခုန်သွားရသည်။ အဲ့တာဟာ အချစ်လား။ မြင်မြင်ချင်းအချစ်လား။ သူ့တို့လိုလူတွေထံတွင်ရှိသော အချစ်သည်လည်း ဆားမပါသော ဟင်းလိုပဲဖြစ်လိမ့်မည်ဟု အများစုက ကောက်ချက်ချလိမ့်မည်။


      ထိုနေ့က ပထမဆုံးနဲ့နောက်ဆုံးတွေ့ခဲ့ရသော ကောင်လေးသည် သူ့နှလုံးသားထဲတွင် အသားမာတက်နေခဲ့ပြီ။ ထိုအသားမာကိုခွာမချရက်ပါ။ ထိုကောင်လေးကို ထပ်တွေ့ချင်လာမေးရင်တော့ သူငြင်းရလိမ့်မည်။ မဖြစ်နိုင်တဲ့အရာကိုမျှောင်လင့်ပြီး မငေးမောချင်ပါ။ ဒီတိုင်း နှလုံးသားလေးထဲမှာပဲထားချင်သည်။ 


       ညဆယ့်တစ်နာရီထိုးတော့ နိုင်နိုင်တံတားပေါ်သို့တက်လာခဲ့သည်။ ညနက်နေပြီဖြစ်သောကြောင့် တံတားပေါ်တွင်လူသိပ်မရှိတော့။ ရှိနေသောလူတွေသည်လည်း နိုင်နိုင်တို့လို လူတွေ။ 


      နိုင်နိုင်သည် ပုံမှန်တိုင်း တံတားပေါ်တွင် ခြေစုံရပ်၍ ဆူးလေဘုရားကိုကြည့်ကာ လက်အုပ်ချီရင်းက


      " ဖောက်သည်များများရ ရပါလို၏ ဘုရား အဖမ်းအဆီးတွေမှလည်းလွတ်ကင်းရပါလို၏"


       နိုင်နိုင်သည် အသံကိုပုံမှန်ထက်ကျယ်ကာ ဆုတောင်းမိသည်။ အရင်ကတောင်းခဲ့တဲ့ဆုတွေ မပြည့်သည်မှာ သူရဲ့ဆုတောင်းသံတိုးနေလို့ဟု သတ်မှတ်ခဲ့သည်။ ထို့ကြောင့် ဒီနေ့တော့ ကျယ်ကျယ်လေး ဆုတောင်းမိသည်။


       ဖောက်သည်များများရဖို့ထက် အဖမ်းအဆီးကလွတ်ဖို့က ပိုအရေးကြီးသည်။ ရဲတွေကို လိုင်းကြေးပေးထားသော်လည်း သူတို့အမှုလိုလျှင် နိုင်နိုင်တို့ကိုရှာဖွေ၍ ဖမ်းတက်သည်။ နိုင်နိုင်လည်း အဖမ်းခံရတာ ဘယ်နှခါမှန်းမသိတော့။ ခံရတာများသော်လည်း အရေမထူသေးပါ။ သူ ရဲတွေကိုတော့ ကြောက်သည်။ဒီနိုင်ငံမှာနေသူတွေအတွက်အကြောက်တရားဟာ ဘုရားတစ်ဆူပင်။ ငယ်စဥ်ကတည်းက အကြောက်တရားနဲ့ ရင်းနှီးခဲ့သူတွေမလို့ အထွေးအထူးပြောစရာမလိုပါ။


         သူ တံတားကိုပတ်ဖို့ခြေလှမ်းကို ပြင်လိုက်သည်။ ထိုအချိန် သူ့ဆီသို့ လာနေသော


ထိုအချိန် သူ့ဆီသို့ လာနေသော လူသုံးဦး။ သူ ဒီညအတွက် ဖောက်သည်ရပြီဟုတွက်လိုက်သည်။ ရှိသမျှ မာယာများကိုထုတ်သုံးရတော့သည်။ ခဏကြာတော့ စျေးညှိကြသည်။


      "သုံးယောက်ကို ငါးသောင်းထားလိုက်"


       "ဘယ်ရမလဲ တစ်ယောက်ကိုနှစ်သောင်းထက်တော့ မလျော့နိုင်ဘူး"


       နိုင်နိုင်သည် သူ၏ သတ်မှတ်စျေးကို စိတ်အတွင်းမှာပြုံးမိသည်။ ဒီအလုပ်စလုပ်တုန်းက တစ်သိန်းလောက်ရသော ခန္ဓာကိုယ်သည် ခု နှစ်သောင်းတောင်မတန်တော့ပါ။ 


      "ဟုတ်ပြီ ခြောက်သောင်းနဲ့စျေးတည့်ပြီနော်"


      နိုင်နိုင်ရှေ့မှလူသည် အိတ်ထဲမှပိုက်ဆံကိုထုတ်နေသည်။  သူထုတ်နေတာက ပိုက်ဆံမဟုတ်ဘူးဆိုတာကို နောက်မှသိလိုက်ရသည်။ 


      "ဟိုကောင်တွေချုပ်လိုက်တော့"


       ဘယ်ချိန်ကတည်းက နောက်ကိုရောက်နေမှန်းမသိသော လူနှစ်ယောက်က နိုင်နိုင်ကို ချုပ်လိုက်သည်။


      "ဘာလုပ်တာ...."


       နိုင်နိုင်စကားမဆုံးခင်မှာပဲ သူ့လက်ကို စွပ်သွားသော လက်ထိပ်။ သူ့မျက်လုံးတစ်စုံပြူးကျယ်သွားသည်။ သွားပြီ...ဒီတစ်ခါလည်း ထောင်ထဲမှာနေရတော့မည်။ သို့သော်..ဒီတစ်ခါရောက်ခြင်းသည် သူ့အတွက် နှစ်ချီပြီးကြာနိုင်သည်။ သူဖမ်းခံလို့မဖြစ်။ ထွက်ပြေးရမည် ။ ဟုတ်တယ် ...ထွက်ပြေးရမည်။


      နိုင်နိုင်သည် ချုပ်ထားသော လက်တွေအတွင်းမှ အားကုန်ရုန်းကာ ထွက်ပြေးလာသည်။ နောက်မှ`လိုက်ဟ´ `မလွတ်စေနဲ့နော်´ ဟူသော အသံတွေကို လျစ်လျူရှုကာ အားကုန်သုံး၍ ထွက်ပြေးသည်။


       တံတားအဆင်းမှာတော့ သူအရှိန်မထိန်းနိုင်တော့။ သူ၏ ကိုယ်သည် ပုလင်းတစ်လုံးပမာ လှေကားပေါ်မှ တစ်လိမ့်ချင်းကျသွားသည်။ တံတားအောင်ဆုံးထစ်မှာတော့ သူ့ခေါင်းသည် တမံတလင်းနဲ့ထိကာ သွေးအလိမ့်လိမ့်ထွက်လာသည်။ သူ့အနားသို့ လမ်းပေါ်မှလူများ ပြေးလာကြသည်။


       "မထိကျနဲ့နော် HIVပိုးကူးလိမ့်မယ်"


       တကယ်လည်း သူ့ကိုပွေ့ယူ၍ ဆေးရုံးပို့မယ့်သူမရှိပါ။ သူ့ခေါင်းသည် သေမတက်နာနေခဲ့သည်။ သွေးအထွက်လွန်နေသော  သူ့ခန္ဓာကိုယ်သည် သွေးတွေဖြင့် စိုထိုင်းနေသည်။ ဤသွေးတွေထဲတွင် လူအများကြောက်ကြသော ရောဂါဆိုးကြီး ရှိနေနိုင်သည်။ မကြာခင်မှာ အသားမာတက်နေသော သူ၏နှလုံးသားသည် ငြိမ်သက်သွားရတော့မည်။ 


     သူ၏နားထဲမှာတော့ ခုနကတောင်းခဲ့သော ဆုတောင်းသံတွေ ပြန်ကြားနေရသည်။ ဆုတောင်းသံက ကျယ်သော်လည်း မြတ်စွာ ဘုရားမကြားနိုင်ပါ။


      သူ့လို ဆုတောင်းသံကျယ်လျှင် ဘုရားကြားမည်ဟု ထင်ခဲ့သော လူများ ဒီနိုင်ငံတွင် ဘယ်နယောက်ရှိနေပြီလဲ...


     ဆူးလေတံတားပေါ်က ဆုတောင်းသံကျယ်ကျယ်ကိုရော ကြားခဲ့သူ ဘယ်နယောက်ရှိမလဲ....


     ဘုရားကရော သူတို့ရဲ့ဆုတောင်းသံတွေကို တကယ်ရော ကြားပါရဲ့လား....


#thevoiceofpride

#lgbtqpride

#lgbtrights

No comments: