အပိုင်း - ၁
ရေးသားသူ - Shine (ရှိုင်း)
..............................................
မနေ့ညက ကျွန်တော် လူတစ်ယောက်ကိုအိပ်မက်မက်တယ်။ သူ့မျက်နာကိုတော့သဲသဲကွဲကွဲမမြင်ရပါ။
ညစဥ်ညတိုင်း အဲ့ဒီလူကို အိပ်မက်ထဲမှာအမြဲလိုလိုတွေ့ရတယ်။ အိပ်မက်တိုင်းကထပ်တူမကျပေမယ့် ကျွန်တော့် အိပ်မက်တွေထဲကို ဝင်လာတဲ့သူကတော့ တစ် ယောက်တည်းဆိုတာသေချာတယ်။
မျက်နာမမြင်ရပေမယ့်လဲ သူပဲဆိုတာသိတယ်။ တစ်ခါတစ်လေမှာ ဒါကိုအိပ်မက်တစ်ခုလိုပဲ သဘောထားလိုက်လို့ရပေမယ့် တစ်ခါတစ်လေကျတော့လဲ ထိုလူအကြောင်းကို နက်နက်နဲနဲတွေးမိပြန်တယ်။
ဘာကြောင့်ကျွန်တော့်အိပ်မက်တွေထဲကိုအမြဲလိုလိုဝင်လာရတာလဲ သူဟာ အပြင်မှာရောတကယ်ရှိရဲ့လား ကျွန်တော့်ကပဲအိပ်မက်တစ်ခုကိုစိတ်စွဲပြီး အဲ့ဒီအိပ်မက်ထဲကလူကို ထပ်တလဲလဲပြန်မြင်နေမိတာလား။
•••••••••••••••••••••••••••••••••••••••
ကျွန်တော်ရေချိုးခန်းထဲက ထွက်လာတော့ မွေ့ရာပေါ်မှာတင်ထားတဲ့ဖုန်း screen လင်းနေတာကိုတွေ့လိုက်ရသည်။
မက်ဆေ့ဂျ် ပို့လာတာပဲ။
" ကို ၉နာရီကျ ကြောင့်ကမ်လာဘ် သွားမလို့ ကို လိုက်ခဲ့ပေးနော်" တဲ့
ကျွန်တော် "လိုက်မယ်" လို့ပြန်ရေးပို့လိုက်တယ်။
သြော်...ပြောရဦးမယ်။
ကျွန်တော်က ဘားအံသားတစ်ယောက်ပါ။ ဒါပေမယ့် ဘားအံသားစစ်စစ်တော့မဟုတ်ဘူးပေါ့လေ။ ကျွန်တော့် ဇာတိက တောင်ငူအရှေ့ဘက်ရွာတစ်ရွာက။
ကျွန်တော်ဆယ်နှစ်သားလောက်က ဖြစ်မယ်ထင်တယ် ကျွန်တော်တို့ တစ်မိသားစုလုံး ဘားအံဘက်ကိုပြောင်းလာတာ ဘယ် လိုအကြောင်းကြောင့်ရယ်တော့မသိပါ။
ဖုန်းက နာရီကိုကြည့်လိုက်တော့ ၈ နာရီ ၁၄ မိနစ်ရှိပြီ။
ကျွန်တော် ဘုရားသွားလို့ အဆင်ပြေမယ့်အဝတ်အစားအားရွေးဝတ်လိုက်သည်။
ပုဆိုးက ဝတ်လေ့ဝတ်ထမရှိတော့ဘောင်း ဘီပဲဝတ်သွားလိုက်တယ်။
ကာကီရောင်ဘောင်းဘီရှည်နှင့် ကော်လံရှပ်အဖြူရောင်နဲ့ ကျွန်တော့်ပုံစံက သူမမျက်စိထဲမှာ ကြည့်ကောင်းမယ်လို့တော့ထင်တယ်။
ကျွန်တော် သူမအိမ်ရှေ့မှာ ကားကိုရပ်လိုက်သည်နှင့် ခြံတံခါးဖွင့်ကာထွက်လာတဲ့သူမ၊ သူမကတော့ မြန်မာဆန်ဆန်လေးပဲဝတ်ထားတာပါ။
သူမ ကားထဲဝင်ထိုင်လိုက်ပြီး
" ကို အိမ်ထဲ မဝင်တော့ဘူး မဟုတ်လား"
" ဟင်အင်း မဝင်တော့ဘူးလေ တော်ကြာနှင်း ဘုရားသွားတာ နောက်ကျနေမယ်"
သူမကပြုံးနေသည်။
ကျွန်တော်ကားကိုမောင်းထွက်ခဲ့လိုက်သည်။
သူမနဲ့ ကျွန်တော်ချစ်သူဖြစ်တာ သုံးနှစ်ကျော်ပြီ။ တက္ကသိုလ်နောက်ဆုံးနှစ်မှာချစ် သူတွေဖြစ်ခဲ့ကြတာ။
အခုဆိုကျောင်းပြီးလို့ အလုပ်ကိုယ်စီနဲ့ဖြစ်နေကြပြီ။ လူကြီးတွေကလဲကျွန်တော်တို့အကြောင်းကိုသိထားပြီးသားပါ။
မိဘချင်းကလဲရင်းနှီးနေတော့ ကျွန်တော်တို့နှစ်ယောက်ကို သဘောတူကြတယ် ပြီးတော့...သူတို့ကကျွန်တော်တို့ နှစ်ယောက်ကိုလက်ထပ်စေချင်တယ်။
သူမကလဲကျွန်တော်နဲ့အမြန်ဆုံးလက်ထပ်ချင်ပြီတဲ့လေ။
ကျွန်တော်ကတော့.....
" ရတယ် ရတယ်နှင်း ကိုယ်ပေးလိုက်မယ်"
သူမက ပိုက်ဆံအိတ်ကို ဖွင့်မည်ပြုစဥ်ကျွန်တော်တားလိုက်ပြီး ကျွန်တော့်အိတ်ထဲကပဲ တစ်ထောင်တန်တစ်ရွက်အား ထုတ်ကာ ကောင်လေးတစ်ယောက်အားကားရပ်နားရာအတွက် အခွန်ဆောင်ငွေပေးလိုက်သည်။
နှစ်ယောက်သား ကားပေါ်ကဆင်းပြီးကြောင့်ကမ်လာဘ်စေတီရှိရာဘက်သို့ဦးတည်လျှောက်လာခဲ့ကြသည်။
လမ်းလျှောက်နေရင်းနှင့်ပင်
" ကို..."
" ဟင်"
" နှင်းတို့ ဘယ်တော့လက်ထပ်ကြမှာလဲ"
ရုတ်တရက်ကြီးမေးလာတဲ့ သူမမေးခွန်းကြောင့် ကျွန်တော်ကြောင်အမ်းအမ်းဖြစ်သွားရသည်။
" ဘာဖြစ်လို့လဲနှင်းရဲ့ကိုတို့အခုလိုနေနေတာ အဆင်ပြေနေတာပဲ မဟုတ်လား"
" ဘာလို့လဲ ကိုက နှင်းနဲ့ လက်မထပ်ချင်တာလား လက်ထပ်ဖို့ကိစ္စပြောလိုက်တိုင်းကို့ဘက်က အဲ့လိုချည်းပဲ ကိုနှင်းနဲ့လက်မထပ်ချင်ဘူးဆိုလဲ ရှင်းရှင်းပြောနော်"
" အဲ့လိုမဟုတ်ပါဘူးကွာ၊ကိုက..."
" တော်ပြီ တော်ပြီ အဲ့ကိစ္စမပြောတော့ဘူး"
ပြောပြီး သူမရှေ့ကနေ ခပ်မြန်မြန်လေးလျှောက်သွားသည်။ စိတ်ဆိုးသွားပြန်ပြီ။
ဘုရားက ပြန်လာတဲ့အထိ သူမကျွန်တော့်ကိုစကားမပြောဘူး။ သူမမျက်နာက စူပုတ်နေတာပဲ။
ကျွန်တော် ကမ်းနားလမ်းတစ်နေရာတွင်ကားကိုရပ်လိုက်သည်။
" ကဲ... နှင်း ကို့ကိုဘယ်တော့မှစကားပြောမှာလဲ"
သူမဘာမှပြန်မပြောပဲ ကားမှန်ဘက်ကိုသာမျက်နာလှည့်ထားသည်။
" ကို... ဒီလကုန်ရင် လက်ထပ်ဖို့စီစဥ်လိုက်မယ် ဟုတ်ပြီလား"
သူမ ကျွန်တော့်ဘက်ကို လှည့်ကြည့်လာသည် မျက်နာကလဲ အနည်းငယ်ရွှင်ပျနေ ၏။
" မနောက်နဲ့နော်"
" ဟောဗျာ... ကိုဘယ်တုန်းက အဲ့လိုမျိုးစနောက်ဖူးလို့တုန်း ပြီးတော့...ဒီကိစ္စကနောက်စရာကိစ္စမှမဟုတ်တာ ကိုတကယ်ပြောနေတာ ဒါပေမယ့်...ဒီတစ်လတော့စောင့်ပေးဦး ကို့မှာမပြတ်သေးတဲ့အလုပ် ကိစ္စတွေရှိသေးတယ် ဒီတစ်လပြီးရင်တော့ ကို့ရဲ့အချိန်တွေအားလုံးက နှင်းအတွက်ပဲ"
•••••••••••••••••••••••••••••••••••••••••
ဟူး..........
ကျွန်တော်အိပ်ယာပေါ် ပစ်လှဲချလိုက်ပြီးလေပူတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။နောက်လ အနည်းငယ်ဆိုရင် ကျွန်တော်အိမ်ထောင်သည်ဘဝကို ရောက်တော့မှာပေါ့။
ဒါကပျော်ရွှင်စရာကိစ္စပဲမဟုတ်လား။ ကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်ရမှာပဲလေ။ ဒါကို ကျွန်တော်က ဘာလို့ မပျော်ရွှင်နိုင်ဖြစ်နေရတာလဲ အမှန်တိုင်းပြောရရင်
ကျွန်တော် လက်မထပ်ချင်သေးဘူး။
ဟုတ်တယ်ကျွန်တော်လွတ်လွတ်လပ်လပ် ပဲနေချင်သေးတယ်။ အောင်မြင်တဲ့ အခြေ အနေတစ်ခုထိ ရောက်အောင်ကြိုးစားချင်သေးတယ်။
ဟူး....စိတ်မောတယ်ဗျာ....
ကျွန်တော်မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး စိတ်ထဲမှာဘာမှမတွေးတော့ပဲ ခဏနေလိုက်တယ်။
ထိုခဏမှာပဲ ဘယ်လိုကြောင့် အိပ်ပျော်သွားမှန်းမသိ။ လောကကြီးတစ်ခုလုံးကိုမေ့မျောသွားပြီး ကမ္ဘာသစ်တစ်ခုဆီသို့ရောက်ရှိသွားသည်။
ရေကန်လို့ထင်ရတဲ့ နေရာတစ်ခု ထိုဘေးပတ်ပတ်လည်မှာ အရောင်အသွေးစုံတဲ့ပန်းပင်တွေရှိနေတယ်။
ကျွန်တော်ထိုရေကန်ရဲ့ဘေးမှာရပ်နေမိတယ်။ ထိုစဥ် ကျွန်တော့်ဆီသို့ လူတစ်ယောက်လျှောက်လာနေတာကို သတိထားမိလိုက်တယ်။
ကျွန်တော်လှည့်ကြည့်လိုက်တော့ တခြားသူမဟုတ် ကျွန်တော့်အိပ်မက်တွေထဲကိုအမြဲလိုလို ဝင်လာတက်တဲ့လူပဲပေါ့။
သူ့မျက်နာကိုတော့ ခါတိုင်းလိုပဲသဲသဲကွဲ ကွဲမမြင်ရဘူး။
" မင်းငါ့ဆီကိုဘယ်တော့ ပြန်လာမှာလဲ"
" ဗျာ..."
" မင်းဘယ်တော့မှ ဒီနေရာကို ပြန်လာမှာလဲ ငါမင်းကိုစောင့်နေတယ်ဆိုတာ မင်းမသိဘူးလား"
ထိုလူရဲ့အသံကမာလာပြီး ကြောက်စရာကောင်းလာသည်။ သူကျွန်တော့် လက် မောင်းနှစ်ဖက်ကိုကိုင်လိုက်ပြီး
" ငါမင်းကိုစောင့်နေတာဘယ်လောက်ကြာနေပြီလဲသိလား ဟမ်...ငါမင်းကိုစောင့်နေတာဘယ်လောက်ကြာပြီလဲ ငါမင်းကိုစောင့်နေတယ်! ငါမင်းကို စောင့်နေတယ်!"
" အား.........ဟာ.....ဟာ....."
ကျွန်တော့် တစ်ကိုယ်လုံးချွေးတွေ စိုရွှဲနေပြီး လူလဲမောဟိုက်နေသည်။
နေ့ခင်းကြောင်တောင်ကြီးဘာလို့ အိပ် မက် မက်နေရတာလဲ။ ညရောက်တဲ့အထိတောင်မစောင့်နိုင်တော့ဘူးလား။
သူ့ပုံစံကခါတိုင်းနဲ့မတူပဲ ဒေါသထွက်နေပုံရတယ်။ ပြီးတော့...သူဘာတွေပြောသွားတာလဲ။
ကျွန်တော် ချွေးတွေစိုနေတဲ့ အင်္ကျီအားချွတ်လိုက်ပြီး ရေချိုးခန်းထဲဝင်လာခဲ့လိုက်သည်။ ကျွန်တော်ရေချိုးနေချိန်အတွင်းမှာလဲ အိပ်မက်ထဲက လူရဲ့အ ကြောင်းကိုပဲတွေးနေမိတယ်။
ဒီလူ့စိတ်နဲ့ ကျွန်တော်ရူးတော့မယ်။
••••••••••••••••••••••••••••••••••••••••••
ဖုန်းချလိုက်သည်နှင့် အဖေ့ပုံစံကယောက် ယက်ခတ်နေတာ။ မျက်နာကလဲသိသိသာ သာကိုပျက်နေသည်။
" ဘာဖြစ်တာလဲကိုအောင်"
" အဖေဆုံးသွားပြီတဲ့ အဲ့ဒါအခုညတွင်း ချင်းပဲရွာကိုပြန်မယ် ကဲ...အဝတ်အစားတွေ ထည့်စရာရှိတာထည့်တော့ သား...
မင်းလဲလိုက်ခဲ့ရမယ် သွား...အထုတ်အပိုးတွေသွားပြင်ချေ"
" ဟုတ်ကဲ့ အဖေ"
" ကိုအောင် သားကိုရွာပြန်ခေါ်သွားလို့ဖြစ်ပါ့မလား"
" ဘာမှမဖြစ်ပါဘူးကွာ အချိန်တွေလဲ ကြာပြီပဲ"
ကျွန်တော်အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်။ ထူးတော့ထူးဆန်းတယ် ကျွန်တော်ဆယ်နှစ်သားအရွယ်က ဘားအံကိုပြောင်းလာတာ။ အခုချိန်ထိ ကျွန်တော့်ဇာတိမြေကို တစ်ခါမှမပြန်ရဘူး။ အဖေနဲ့အမေရွာပြန်ရင်တောင်မှ ကျွန်တော်ကတော့ ဘားအံမှာပဲနေခဲ့ရတာ။
ကျွန်တော်ကလဲ အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီးအမေ့ကို တစ်ခါမှ မေးခွန်းမထုတ်ခဲ့ဘူး။
ကျွန်တော် သင့်တော်မယ့် အဝတ်အစားတွေကို ခရီးဆောင်အိတ်ထဲ ထည့်လိုက်ပြီး အိမ်အောက်သို့ ဆင်းခဲ့လိုက်သည်။
အမေတို့က အဆင်သင့်ဖြစ်နေပြီ။
" သမီး နွယ်နှင်းကိုရော ပြောပြီးပြီလားသား"
" ပြောပြီးပြီအမေ အစောက ဖုန်းဆက်ပြီးပြောလိုက်တယ်"
ကျွန်တော်ရွာဘက်သွားမယ်ဆိုတော့ နှင်းကလိုက်ချင်နေတာ။ ဒီမှာလဲအလျင်လိုနေတာကြောင့် သူ့ကိုနောက်မှလိုက်ခဲ့ဖို့၊မနည်းဖျောင်းဖျရတယ်။
••••••••••••••••••••••••••••••••••••••••••••
ကားကိုတော့ အဖေပဲမောင်းတယ်။ ကျွန် တော်တို့ရွာပြန်ရောက်တော့ မနက်၆နာရီတော့ရှိပြီဖြစ်သည်။
" ဒါ အမေတို့ရွာပဲလေ သား"
အမေ့စကားကြောင့် ကျွန်တော်ရွာရဲ့မုဒ်ဝကိုတစ်ချက်ကြည့်လိုက်မိသည်။
"သစ်သုံးခွရွာ" ဟု ကျွန်တော်အသံထွက်ရွတ်လိုက်မိသည်။ ရွာနာမည်ကိုတော့ကျွန်တော်သိပြီးသားပါလေ။
ရွာထဲဝင်လာတော့ ကျွန်တော့်စိတ်ထဲမှာ ဒီနေရာတွေနဲ့ရင်းနီးသလိုခံစားလိုက်ရတယ်
။ ဒါကလဲ ကျွန်တော်ငယ်ငယ်က ဒီရွာမှာနေခဲ့ဖူးတာကြောင့်ပဲဖြစ်မှာပါ။
တစ်နေရာ အရောက်မှာ အဖေက ခြံတစ်ခြံထဲသို့ ကားကို ချိုးကွေ့ဝင်လိုက်သည်။
ထိုခြံထဲမှာလဲ လူတွေက ရုတ်ရုတ်သဲသဲနဲ့ကိုဖြစ်နေကြသည်။
" ကိုထင်အောင်တို့ ရောက်လာကြပြီပဲ"
အိမ်ထဲမှ လူတစ်ယောက်အပြင်သို့ ထွက်လာသည်။
ထိုလူက အဖေ့ရဲ့ညီ ကျွန်တော့်ရဲ့ဦးလေးဦးမြင့်မောင်သာဖြစ်သည်။ ဦးလေးမြင့်မောင်ကိုတော့ကျွန်တော်သိပါတယ်။ သူဘားအံကို နှစ်ခါလာလည်ဖူးတယ်။
သူကလူပျိုကြီး အဘိုးကိုသူပဲ စောင့်ရှောက်နေရတာ။ အခုတော့...
" ငါ့တူကြီးလဲပါတာပဲ လာကွာ...အိမ်ထဲဝင်"
ကျွန်တော့်တို့ မိသားစုသုံးယောက်ဦးလေးမြင့်မောင် ခေါ်ရာနောက်သို့ လိုက်သွားကြသည်။
အိမ်ထဲတစ်နေရာအရောက်မှာတော့ လူအနည်းငယ်ဝိုင်းအုံနေတဲ့ အဘိုးရဲ့အလောင်းကိုတွေ့လိုက်ရသည်။
ထိုစဉ်
" ဟယ်...မစံပယ် ဒါ...မစံပယ်သား 'ဒေါင်းဝေ' လား"
" ရှင်ဘာတွေပြောနေတာလဲ ကျွန်မသားနာမည်က 'ထင်သာ' ပါ"
ထို မိန်းမခမျာ ကြောင်အမ်းအမ်းဖြစ်သွားပြီး
" ဟို...ဟို...ကျွန်မက ယောင်သွားလို့ပါ"
ပြီးတော့ အမေ့ကို မျက်စောင်း မသိမသာထိုးသွားပြီး တခြားဖက်သို့ မျက်နာလှည့်သွားသည်။
ဒေါင်းဝေ...၊
သူကဘယ်သူလဲ......။
..............................................
အဘိုးဖြစ်သူရဲ့အလောင်းကသုံးရက်ထားပြီးမှ သင်္ဂြိုဟ်မှာဖြစ်သည်။ ဒီနေ့ဆိုနှစ်ရက် ရှိပြီပေါ့။ ထင်သာတစ်ယောက် ကိစ္စတစ်ချို့ကို ဝိုင်းကူလုပ်ပေးရ၏။
" ကျွန်တော် ဘာကူလုပ်ပေးရဦးမလဲဗျ"
ထမင်း၊ဟင်းချက်နေတဲ့ အနားသွားကာလူကြီးတစ်ယောက်အား မေးလိုက်ခြင်းပါ။
" ဟိုနားကထင်းတွေသွားခွဲချည် ဒီမှာထင်းကုန်တော့မယ်"
ထိုလူကြီးလက်ညိုးထိုးပြရာ ကြည့်လိုက်တော့ လွှနဲ့ဖြတ်ထားတဲ့ ထင်းပုံတစ်ပုံထင် သာတစ်ယောက်ခေါင်းကိုကုတ်နေမိ သည်။
" အကိုကြီးကလဲဗျာ သူကဘယ်လိုလုပ်ပြီး ပေါက်ဆိန်ကိုင်တတ်မှာလဲဗျ"
ဘေးကလူ တစ်ယောက်ပြောလိုက်တော့မှထိုလူကြီးကထင်သာကိုကြည့်ကာ
" မင်းက ထင်အောင်ရဲ့သားလား"
" ဟုတ်ပါတယ်ဗျ ကျွန်တော့်နာမည်ထင်သာပါ"
" သြော်...ဒါဆို မင်းငါ့သားကြီးကို ရောမှတ်မိသေးရဲ့လား"
" ဗျာ..."
" ထင်သာ ဒီကိုခဏလာပါဦးကွာ "
အိမ်ရှေ့ဘက်မှ ဦးလေးမြင့်မောင်ခေါ်နေတာကြောင့် ထင်သာ အနားမှထွက်လာခဲ့လိုက်သည်။
ထိုလူကြီးကတော့ ထင်သာကိုသာမျက်စိ တစ်ဆုံးလိုက်ကြည့်နေ၏။
သူ့ရဲ့သားက ဘယ်သူလဲဆိုတာ ထင်သာမသိပါဘူး။ အခုဆိုထင်သာရဲ့အသက်ကနှစ်ဆယ့်ငါးနှစ်ရှိပြီ ဆိုတော့ သူရွာကထွက် လာတာ ဆယ့်ငါးနှစ်တောင်ရှိပြီ။
ဒါပေမယ့်လဲ အသက်ဆယ်နှစ်တုန်းကအ ကြောင်းတွေကို မှတ်မိတန်ကောင်းပါရဲ့။
" ဦးလေး ကျွန်တော့်ကို ခေါ်တာဘာခိုင်းစရာရှိလို့လဲ"
" ဦးခေါ်တာမဟုတ်ဘူး သားအမေခေါ်ခိုင်းတာ"
အမေဖြစ်သူဒေါ်စံပယ် အိမ်ထဲက ထွက်လာသည်။
" အမေရွာထဲ သွားမလို့ အဲ့ဒါ သားဦးလေး ဆိုင်ကယ်နဲ့ အမေ့ကို တစ်ချက်လိုက်ပို့ပေးဦး"
" ဟုတ်ကဲ့"
ဦးမြင့်မောင် လှမ်းပေးတဲ့ ဆိုင်ကယ်သော့အားယူလိုက်ပြီး သူညွှန်ပြတဲ့ဆိုင်ကယ်ရှိရာသွားလိုက်သည်။
" အမေက ဘယ်သွားမလို့လဲ"
" အမေ့အမျိုးတွေအိမ်လေ သားမျက်နာကိုလဲ ပြရင်းနဲ့ပေါ့"
ဒေါ်စံပယ် ဆိုင်ကယ်ပေါ်တက်ပြီးသည် နှင့် ထင်သာ ခြံအပြင်သို့ ဆိုင်ကယ်မောင်းထွက်လာလိုက်သည်။
" ညာဘက်ကို သား"
ထင်သာ ညာဘက်ကို ချိုးကွေ့လိုက်ပြီးလမ်းအတိုင်းမောင်းလာလိုက်သည်။ ရွာ က မဖွံ့ဖြိုးသေးတာကြောင့် ရွာလမ်းကမြေကြီးလမ်းသာဖြစ်သည်။ တစ်ချို့နေ ရာတွေဆို ဖုန်လူးနေတာကြောင့်ဆိုင်ကယ်မောင်းရတာအဆင်မပြေ။ နွေရာသီလဲဖြစ်တာကြောင့် ပိုဆိုးသည်။
တစ်နေရာအရောက်မှာ အမေဖြစ်သူရဲ့စကားကြောင့် ခြံတစ်ခြံထဲ ချိုးကွေ့ဝင်လိုက်သည်။
" ဟယ်...အစ်မစံပယ် လာ လာ အိမ်ပေါ်တက်ဦး"
ခြေတံရှည် အိမ်မျိုးဖြစ်တာကြောင့်သား အမိနှစ်ယောက်စလုံး အိမ်ပေါ်သို့တက်သွားလိုက်သည်။
" ဒါက ဘယ်သူလဲ အစ်မ"
" ဟဲ့ ဒါ ငါ့သားလေ"
" ဟယ် ထင်သာလား ကြည့်ပါဦးဟယ်ထွားလာလိုက်တာဆိုတာ"
" သူရွာက ထွက်သွားတုန်းက ဆယ်နှစ်ပဲရှိသေးတာလေ"
" ဟုတ်တယ်နော်အစ်မ ဟိုကောင်လေးကြောင့်သာမဟုတ်ရင် ညီမတို့တူရီးတွေလဲ အခုလိုခွဲနေရမှာမဟုတ်ဘူး"
ဒေါ်စံပယ် သူမအား လက်သဲနဲ့တစ်ချက်ဆိတ်လိုက်သည်။ သူမလဲ ဒီတော့မှ အသံတိတ်သွားရ၏။ ဘယ်ကကောင်လေးလဲထင်သာ ရွာကထွက်သွားရတာ အဲ့ဒီကောင်လေးကြောင့်လား....
" ဘယ်သူ..."
ထင်သာမေးမည်ပြုလိုက်စဥ်မှာပဲ ခြံရှေ့မှလူတစ်စု ရုတ်ရုတ်သဲသဲဖြတ်သွားတာကြောင့် အသံတိတ်နေလိုက်ရသည်။
" ဟဲ့ ဘာဖြစ်ကြတာတုန်း"
" အရှေ့ပိုင်းက မိအေးလေ သရဲဝင်ပူးလို့တဲ့ ဆရာလဲရောက်နေတယ်ဆိုပဲ အဲ့ဒါကျုပ်တို့သွားကြည့်မလို့"
" ဟုတ်လား ငါလဲလိုက်... အယ်...အစ်မတို့ရှိနေတာပဲ မလိုက်တော့ဘူး မလိုက်တော့ဘူး"
စပ်စုရတာသူမရဲ့ဝါသနာဖြစ်မယ်ထင်တယ်။
" သရဲဝင်ပူးတာ..."
" ဟုတ်တယ်လေငါ့တူရဲ့ ဒီရွာဘက်တွေမှာ အဲ့ဒီလိုမကြာခဏတွေ့နေရတာပဲ"
" ကျွန်တော်ကတော့ အဲ့လိုမျိုးတစ်ခါမှမတွေ့ဖူးဘူး"
" ငါ့တူသွားကြည့်မလား အဒေါ်လိုက်ပို့ပေးရမလား"
" တော်ပြီ ငါတို့အခုပဲပြန်တော့မှာ ထသား,သွားရအောင်"
" အစ်မကလဲ အခုပဲလာတယ် အခုပဲပြန်တော့မလို့လား"
" တခြားအိမ်တွေသွားစရာရှိသေးတယ်လေ နောက်မှပဲ အေးဆေးလာတော့မယ်"
" ဟုတ် ဟုတ်အစ်မ"
ထင်သာတို့ သားအမိထွက်လာတော့ သူမက ခြံအဝထိလိုက်ပို့ပေးသည်။ပြီးနောက်အမေ ညွှန်ပြရာလမ်းအတိုင်းမောင်းလာခဲ့လိုက်သည်။
••••••••••••••••••••••••••••••••••••
နေက ဦးခေါင်းပေါ်ရောက်နေပြီး မျက်နာမှာလဲ ချွေးသီးများစို့နေပြီ။
အမေ့အမျိုးတွေ အိမ်လဲစုံနေပြီ။ခြံတစ်ခြံထဲ မောင်းဝင်သွားလိုက်သည်။
ဒါနောက်ဆုံးဝင်ရမယ့် အိမ်လို့တော့ ပြောတာပဲ။ နောက်ဆုံးမဟုတ်လို့လဲမရတော့ဘူး။ အခုကရွာအပြင်တောင်ရောက်နေပြီ။ လူလဲ တကယ်ကို ငြီးငွေ့လာပြီ။
ဒေါ်စံပယ် သားဖြစ်သူနှင့် အမျိုးတွေကိုမိတ်ဆက်ပေးပြီး သူတို့ လူကြီးချင်း စ ကားပြောနေကြသည်။
" အမေ ကျွန်တော် ရွာပြင်ခဏလျှောက်ကြည့်လိုက်ဦးမယ်"
" အေး အေး သား အဝေးကြီးလျှောက်မသွားနဲ့နော်"
ထင်သာ ခေါင်းညိမ့်ပြပြီး ခြံအပြင်သို့ထွက် လာခဲ့လိုက်သည်။
သိပ်မလျှောက်လိုက်ရပါ အိမ်ခြေမဲ့ပြီးလယ်ကွင်းတွေသာရှိတဲ့ ရွာအပြင်သို့ရောက်လာခဲ့သည်။
ထိုရွာအပြင်တစ်နေရာတွင်တော့ တစ်ပင်တည်း ထီးထီးကြီးပေါက်ရောက်နေတဲ့၊ကုက္ကိုပင်ကြီးတစ်ပင်ကိုတွေ့ရသည်။
ထင်သာထိုအပင်အောက်၌သွားထိုင်လိုက်ပြီး လယ်ကွင်းဘက်မှ တိုက်ခက်လာတဲ့လေညှင်းတွေအား မျက်လုံးမှိတ်ကာခံစားနေလိုက်သည်။
" ဟား...အမောကိုပြေသွားတာပဲ"
ထိုစဥ် ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းကအသံ မြည်လာသည်။ ထင်သာ ဖုန်းအား ယူကြည့်လိုက်တော့ တခြားသူမဟုတ်။ဘားအံမှာ ကျန်ခဲ့တဲ့ သူ၏ချစ်သူပင်ဖြစ် သည်။
" ဟယ်လို နှင်း"
" ............."
" ဟင်၊နှင်းလိုက်လာမလို့လား"
" ..............."
"ကိုတို့က၊အဘိုးအသုဘပြီးတာနဲ့ပြန်လာတော့မှာ၊နှင်းမလိုက်ခဲ့နဲ့တော့နော်"
" ..............."
" မဟုတ်ပါဘူး ကိုက နှင်းပင်ပန်းမှာစိုးလို့ပြောနေတာပါ"
သူမ ဖုန်းချသွားသည်။ ထင်သာ ဖုန်းပြန်ခေါ်ပေမယ့်လဲ သူမမကိုင်တော့ပါ။
ဒါကြောင့် စာပို့ပြီးတော့သာ ထင်သာ သူမအား နားဝင်အောင်ရှင်းပြရသည်။ ဒါပေမယ့်လဲ သူမဘက်ကစာမပြန်ပါ။
ထင်သာ ဖုန်းကိုဘောင်းဘီ အိတ်ကပ်ထဲပြန်ထည့်လိုက်ပြီး ကုက္ကိုပင်တွင် ကျောမှီလိုက်သည်။
" ဟင်!"
ထင်သာတစ်ယောက် ရုတ်တရက်ဆိုတော့ လန့်သွားရပြီး မတ်တတ်ထရပ်လိုက်မိ သည်။ ကုက္ကိုပင်ရဲ့တစ်ဖက်ခြမ်းတွင်အိပ် ပျော်နေတဲ့လူတစ်ယောက်။
ဂျင်းဘောင်းဘီအပြာရောင် ခပ်နွမ်းနွမ်းတစ်ထည်ကို ဝတ်ထားပြီး အပေါ်ပိုင်းကလဲ အရောင်နွမ်းနေတဲ့ လိမ္မော်ရောင်ရှပ် အင်္ကျီအကွက် လက်ရှည်ကို ဝတ်ထား သည်။
မျက်နာကိုတော့ ကောင်းဘွိုင် ဦးထုပ်နဲ့အုပ် ထားတာကြောင့် ဘယ်သူဘယ်ဝါမှန်းမသိရ။ မျက်နာမြင်ရရင်တောင်မှ သူဘယ်သူမှန်း ထင်သာသိမှာမဟုတ်ပါဘူး။
ထင်သာ ထိုနေရာမှ ထွက်လာခဲ့လိုက်သည်။ တခြားလူတစ်ယောက်ရှိနေတယ်ဆိုတော့ သူဆက်နေဖို့မသင့်တော့ဘူး။ အမေဖြစ်သူလဲ သူ့ကိုစောင့်နေလောက်ရောပေါ့။
•••••••••••••••••••••••••••••••••••
ညနေစောင်းနေပြီမို့ ဖဲရိုက်တဲ့သူတွေက ပိုများလာသည်။ ရွာဘက်တွေမှာ အခုချိန်ထိ ဒီလိုအလ့အထတွေရှိနေတုန်းပဲ ထိုလူတွေထဲမှာ မိန်းမတွေတောင်ပါတယ်။ တစ်ချို့ကောင်လေးတွေဆို ထင်သာထက်တောင်ငယ်ဦးမယ်ထင်တယ်။ ဆယ်ကိုးနှစ်ဆယ်အရွယ်တွေ။ ထင်သာ သူတို့ကိုကြည့်ပြီး စိတ်ပျက်မိတယ်။
အသုဘစရိတ်အတွက် ကာမိတယ်ဆိုပေမယ့် အခုလို လောင်းကစားလုပ်တာကိုတော့ ထင်သာ သဘောမကျ။
ထိုစဥ် လူတစ်ယောက် ခြံထဲဝင်လာတာကို ထင်သာသတိထားမိလိုက်ပြီး ထိုလူအားမျက်ခြေမပျက်လိုက်ကြည့်နေမိသည်။
ကြည့်မိဆို ခြံထဲဝင်လာတဲ့သူက အခြားသူမဟုတ်ပဲလေ။ ထင်သာ ကုက္ကိုပင်အောက်မှာတွေ့ခဲ့တဲ့သူပင်။
သူ့အဝတ်အစားတွေကိုကြည့်ရင် ထိုလူဆိုတာသေချာတယ်။
အခုသူ့မျက်နာကိုတွေ့လိုက်ရတော့ စိတ်ထဲမှာ ရင်းနီးသလို ခံစားလိုက်ရသည်။
ထိုလူ ဖဲဝိုင်းတစ်ခုတွင် ထိုင်လိုက်တာကိုထင်သာတွေ့လိုက်ရ၏။ သူလဲ ဒီပုတ်ထဲကဒီပဲ ပါပဲ။
တဖြေးဖြေးနဲ့ နေအလင်းရောင်အစား လျှပ်စစ်မီးရောင်တွေကို အားကိုးရမယ့်အချိန်ရောက်လာချေပြီ။
" ဟာ ကွာ"
လူတစ်ယောက် စိတ်ပျက်လက်ပျက်နဲ့လက်ထဲက ဖဲချပ်တွေအား ဖျာပေါ်သို့ အ သံမြည်အောင် အားနဲ့ပစ်ချလိုက်သည်။
" ဒီညတော့ လှခိုင်ကံဆိုးတာပဲကွာ တစ်ပွဲမှကို မနိုင်သေးဘူး"
" ကံဆိုးမှာပေါ့ကွ မင်းနာမည်က မိန်းမနာမည်ကြီး ဖြစ်နေတာကိုး"
လူတစ်ယောက် ပြောလိုက်တဲ့စကားကြောင့် ဖဲရိုက်နေတဲ့ လူတော်တော်များများ ထရယ်ကုန်ကြသည်။
" ဟိတ်ကောင် စောလူ ငါ့ကိုလာမပြောင်နဲ့ဒီမှာကရှုံးနေရတဲ့ကြားထဲ မင်းသတ္တိရှိရင်လူချင်းယှဥ်ထိုးမလား"
" ဟာ...ဟိတ်...ဟိတ်... ဒါကနာရေးအိမ်နော် မင်းတို့ရန်ဖြစ်ချင်ရင်အပြင်မှာသွားဖြစ်ကြ"
ဦးမြင့်မောင်က ကြားကဝင်ပြောလိုက်တော့
" လူပျိုကြီးကလဲဗျာ ဘာလို့အပြင်မှာသွားဖြစ်ခိုင်းနေတာလဲ သူများရန်ဖြစ်နေရင်၊ကြားထဲကခွဲပေးရမှာလေဗျာ"
ထိုအချိန်မှာပဲ စောလူဆိုသည့်လူက မတ်တပ်ထရပ်လိုက်ပြီး
" ဘယ်သူ့မှခွဲပေးစရာမလိုဘူးဒါကရန်ဖြစ်စရာကိစ္စလဲမဟုတ်ဘူး ကျွန်တော်လဲ အခုပြန်တော့မှာ"
ထိုလူက သူနိုင်ထားတဲ့ ပိုက်ဆံတစ်ချို့ကိုယူကာ နေရာမှထွက်သွားသည်။
ထိုလူလမ်းလျှောက်နေတဲ့ပုံစံက ယိုင်တိယိုင်တိုင်ဖြစ်နေသည်။
ဖဲဝိုင်းမှာက အရက်လဲ အဆင့်သင့်ရှိနေတာကြောင့်သူလဲသောက်ထားပုံရတယ်။
" ကိုစောလူကြီး ထမင်းမစားသွားတော့ဘူးလား"
စောလူ လမ်းလျှောင်ရင်းနဲ့ပင်
" နင်တို့ပဲစား ငါက ကိုယ့်အိမ်မှာကိုယ်ချက် စားနိုင်တယ်"
" ဟယ်...."
ထမင်းစားခေါ်တဲ့ကောင်မလေး ပါးစပ်အ ဟောင်းသားနဲ့သာကျန်ခဲ့၏။ စောလူတစ်ယောက် ရွာလမ်းအတိုင်းလျှောက်လာခဲ့လိုက်သည်။
ရွာကလျပ်စစ်မီးရနေပြီဆိုပေမယ့် လမ်းမီးတွေကတော့ မှိန်ဖျော့ဖျော့သာလရောင်တောင် သူ့ထက်လင်းဦးမယ်။
စောလူ အိမ်ပြန်ရောက်သည်နှင့် အိမ်ရှေ့မှာနှီးထိုင်ဖြာနေတဲ့ အဖေဖြစ်သူအားတွေ့လိုက်ရသည်။
" အဖေကလဲဗျာ.မိုးချုပ်ခါမှဘာတွေလုပ် နေပြန်ပြီလဲ"
" အားတဲ့အချိန်လုပ်ထားရတာလေကွာနောက်ဆို အချိန်လုလုပ်နေရမယ်"
" ဒါတွေထားလိုက်စမ်းပါ နောက်မှကျွန် တော်လုပ်ပါ့မယ် အခုကျွန်တော်ဗိုက်ဆာလာပြီ အဖေလဲမစားရသေးဘူးမဟုတ်လား သြော်...ခဏ"
စောလူ သူ့အင်္ကျီအိတ်ကပ်ထဲအား လက်နှိုက်လိုက်ပြီး
" ဒီမှာ ကျွန်တော်ဖဲနိုင်လာတာ"
" မယူပါဘူးကွာ...ဖဲနိုင်ပြီးရလာတဲ့ပိုက်ဆံတွေကို"
ပြောပြီး ဦးလူမော် အိမ်ပေါ်သို့တက်သွားသည်။ စောလူ သက်ပြင်းတစ်ချက်ချလိုက်ပြီး ပိုက်ဆံကို အိတ်ကပ်ထဲပြန်ထည့်ထားလိုက်သည်။
" ဒါဆို...မင်း အသုဘအိမ်ကိုရောက်ခဲ့သေးတယ်ပေါ့"
" ဟုတ်တယ်လေအဖေ ရောက်ခဲ့လို့ဖဲနိုင်လာတာပေါ့ဗျ"
" ဒါဆို...မင်းကောင် ကိုရော တွေ့ခဲ့သေးလား"
စောလူ နားမလည်
" ဘယ်ကောင်လဲ အဖေရ တစ်ခါတည်းရှင်းအောင်ပြောလိုက်ပါလားဗျာ..."
စကားပလ္လင်ခံတာတွေကို စောလူသဘောမကျပါ။
" ထင်အောင်ရဲ့သားလေကွာ ထင်သာဆိုတဲ့ ကောင်လေးကိုပြောတာ မင်းတို့ငယ်ငယ်တုန်းက တောထဲကို အတူတူသွားတဲ့ကောင်လေး"
..............................................
ဒီနေ့က အဘိုးကို သင်္ဂြိုဟ်တဲ့နေ့ ဒီဘက်အရပ်မှာက မီးသင်္ဂြိုဟ်တာမျိုး မဟုတ်ပဲမြေမြုပ်ပြီးတော့သာ သင်္ဂြိုဟ်ခြင်းဖြစ် ၏။ အဘိုးကိုမြေချပြီး မြေကြီးများပြန်ဖို့ပြီးနောက်
" လိပ်ပြာ ဘယ်သူခေါ်သွားမှာလဲ"
" ကျုပ်ခေါ်သွားမယ်"
လူလတ်ပိုင်း အရွယ် ယောကျ်ားတစ်ယောက်က လူအုပ်ရှေ့သို့ထွက်လာသည်။
မြေပုံပေါ်မှ ခဲလုံးတစ်လုံးအား ထိုလူလက်ထဲသို့ ထည့်ပေးလိုက်ပြီး
" မင်း သူနဲ့လိုက်သွားခုနှစ်ရက်ပြည့်ပြီးရင်ပြန်လာခဲ့"
ထိုလူက ခဲလုံးအားယူကာ ဘာစကားမှမပြောပဲ သင်္ချိုင်းထဲမှ ထွက်သွားသည်။ကိစ္စအားလုံးပြီးလို့ အိမ်ပြန်လာတော့ ထင် သာ အမေဖြစ်သူကို မေးခွန်းထုတ်ရတော့ သည်။
" ဒီဘက်မှာက ဘာလို့ မီးသင်္ဂြိုဟ်တာမျိုးမလုပ်တာလဲ"
" ဒါက ဒီဘက်က ထုံးစံပဲလေသေတဲ့လူကိုအဲ့လိုပဲမြေမြုပ်ပြီးတော့ပဲ သင်္ဂြိုဟ်လေ့ရှိတာ"
" ဒါဆိုဘာလို့ အုတ်ဂူမလုပ်ပေးတာလဲ"
" သင်္ချိုင်းမြေနေရာက အရမ်းမကျယ်ဘူးလေသားရဲ့ လူသေတိုင်း အုတ်ဂူလုပ်မယ်ဆို ရင် တစ်ချိန်ကျရင် မြေနေရာ အခက် အခဲဖြစ်လာမှာ ဒါကြောင့် အုတ်ဂူမလုပ်ပဲမြေမြုပ်ပြီးတော့ပဲသင်္ဂြိုဟ်ကြတာ"
" ဒါဆို...မြုပ်ထားတဲ့မြေပုံတွေက တစ်ချိန်ကျပြန်ဖယ်ပေးရတာပေါ့"
ဒေါ်စံပယ် ခေါင်းညိမ့်ပြလိုက်သည်။
ထင်သာ တစ်ယောက် ခေါင်းကိုကုတ်လိုက်ပြီး
" အမေတို့ရွာကလဲ ဘယ်လိုကြီးလဲမသိဘူး"
သူပြောလိုက်တော့ ဒေါ်စံပယ်ကရယ်နေ ၏။
•••••••••••••••••••••••••••••••••••••••••
ဒီညတော့ ထင်သာစောစောပင် အိပ်ယာဝင်ခဲ့သည်။ ဦးထင်အောင်နဲ့ ဒေါ်စံပယ်က တော့ ဧည့်သည်တချို့နဲ့ စကားပြောနေဆဲပင်။
ဒီညကျမှ လေကတဖြူးဖြူးနဲ့ တိုက်နေ ၏။ အရင်ညတွေကဆို တိတ်ဆိတ်ငြိမ်သက်နေတာ။ ထင်သာ အိပ်ယာမဝင်မှီ ပြတင်းပေါက်တွေအား လိုက်ပိတ်လိုက်သည်။
ပြတင်းပေါက်နှစ်ခုရှိရာ နောက်ဆုံပြတင်း ပေါက်ကို ပိတ်မည်ပြုစဥ်မှာတော့ သူတစ် စုံတစ်ခုကို တွေ့လိုက်ရသည်။
အဲဒါကတော့ လမ်းပေါ်မှ လူတစ်ယောက်အုန်းပင်တစ်ပင်တွင်မှီကာ သူ့အားကြည့်နေခြင်းပင်။ ဓာတ်တိုင်က မီးရောင်ကမှိန်ဖျော့ဖျော့ဖြစ်နေတာကြောင့် ထိုလူရဲ့မျက်နာကိုတော့ သဲသဲကွဲကွဲ မမြင်ရပါ။
ထင်သာပြတင်းပေါက်ကိုအမြန်ပိတ်လိုက် ပြီး အိပ်ယာထဲဝင်ခဲ့လိုက်သည်။
ခေါင်းအုံးပေါ်ခေါင်းချကာ ခေါက်လျက်သားစောင်တစ်ထည်ကို ပေါင်ကြားညှပ်ကာ ဘေးတစောင်း အိပ်လိုက်သည်။
ခေါင်းထဲမှာအတွေးတချို့က ပေါ်လာ၏။ဒီနေ့အဘိုးကို သင်္ဂြိုဟ်တော့ လူကြီးတော် တော်များများက သူ့အားကြည့်နေကြတာကိုသတိထားမိတယ်။ ဒီရွာကလူတွေ သူ့အပေါ်ဆက်ဆံတာက တစ်မျိုးပဲလို့ ထင်သာ စိတ်ထဲတွေးမိတယ်။ ဘာကြောင့်များလဲ။ သူငယ်ငယ်က ဘာအမှားတွေလုပ်ခဲ့လို့လဲ။ ဆယ်နှစ်သားအရွယ်ကလေး လေးက ဘယ်လိုအမှားတွေလုပ်နိုင်မှာမို့လို့လဲ။
ထင်သာ သူ့ရဲ့မျက်လုံးတွေကိုမှိတ်လိုက်ပြီး အိပ်ပျော်အောင်အိပ်ဖို့ ကြိုးစားလိုက်သည်။ စိတ်ထဲ ဘာမှမတွေးတော့ဘူး။
ထိုစဥ်မှာပဲ ခေါင်းထဲ အတွေးတချို့ကဝင်ရောက်လာပြန်သည်။ အစောက သူ့ကိုကြည့်နေတဲ့ သူကဘယ်သူလဲ မျက်နာကိုသေ ချာမမြင်ရပေမယ့် သူရှိရာကို ကြည့်နေတယ်ဆိုတာတော့ သေချာတယ်။
ထင်သာအိပ်ယာမှထကာ ခြင်ထောင်အ ပြင်သို့ထွက်လိုက်ပြီး ပြတင်းပေါက်ကိုဖွင့်လိုက်သည်။ စောစောကလူ မရှိတော့ဘူး။
ဒီတော့ ထင်သာ ပြတင်းပေါက်ကိုပိတ်ပြီးအိပ်ယာ ပြန်ဝင်ခဲ့လိုက်သည်။
•••••••••••••••••••••••••••••••••
မနက်မိုးလင်းလို့ မျက်နာသစ်ပြီးတော့ ဦးထင်အောင် တစ်ယောက် ရွာထဲကို ကားနဲ့ထွက်လာလိုက်သည်။
ဇနီးဖြစ်သူကတော့ ညီဖြစ်သူ မြင့်မောင်အိမ်မှာပဲ ကိစ္စတချို့ကို လုပ်ကူရင်းကျန်ခဲ့သည်။ အခုလိုထွက်လာရတာက ကိစ္စတစ်ခုကြောင့်ပါ။ သူလူတစ်ယောက်ကို နှုတ် ဆက်ရဦးမယ်။
ဒီရွာကိုစရောက်ကတည်းက သူနဲ့စကား ပြောဖြစ်ဖို့နေနေသာသာ မျက်နာချင်းဆိုင်တောင်မတွေ့ရသေးဘူး။
ပြီးတော့ သတိပေးစရာကိစ္စတချို့လဲရှိနေသေးသည်။
ဦးထင်အောင် ခြံတစ်ခြံရှေ့တွင် ကားကိုရပ်လိုက်သည်။ ကားပေါ်မှဆင်းပြီး ခြံထဲကို ခဏမျှ၊ခါးထောက်ရပ်ကြည့်နေမိ၏။
အားလုံးကအရင်အတိုင်းပဲဘာမှမပြောင်း လဲ။ အင်ဖက်မိုးပြီး ထရံကာထားတဲ့ ခြေတံရှည်အိမ်လေးတစ်လုံး
" ဘယ်သူများလဲလို့ကွာ ငါ့သူငယ်ချင်းကြီးပါလား"
ထိုအိမ်ပေါ်မှ လူတစ်ယောက်ဆင်းလာကာ ခြံအရှေ့မှာရပ်နေတဲ့ ဦးထင်အောင်အား စကားဆိုသည်။
ဦးထင်အောင် ခြံထဲသို့ဝင်သွားလိုက်၏။
အိမ်ရှင်လူကြီးက စကားဆက်ဆိုသည်။
" ငါကိုကညံ့တာပါ ကားအသံကြားထဲကဘယ်သူလဲတန်းသိလိုက်ရမှာ ဒီရွာမှာ ဒီလိုကားမျိုးပိုင်တာဆိုလို့ ဒီကသူဌေးကြီးတစ်ယောက်တည်းရှိတာ မဟုတ်လား"
" မင်းက အရင်အကျင့်အတိုင်းပဲနော် ဘာမှ မပြောင်းလဲသေးဘူး"
" ငါက ဘာကိုပြောင်းလဲရမှာလဲ ငါကလူတိုင်းကို စိတ်ရင်းအမှန်နဲ့ပဲ ဆက်ဆံတက်တာ ငါဟန်မဆောင်တတ်ဘူး ကဲပါ...မင်းငါ့ဆီကို လာတာ ဘာကိစ္စလဲ ငါ့ကိုသတိရလို့လာတာတော့ မဟုတ်လောက်ဘူး"
" အစကတော့မင်းနဲ့စကားကောင်းကောင်းပြောရအောင် လာခဲ့တာပဲ အခုတော့ လို ရင်း ကိစ္စကိုပဲပြောလိုက်တော့မယ် မင်း သားကို ငါ့သားနဲ့ လာမပတ်သတ်ဖို့ သေ ချာပြောထား ဒီတစ်ခါဆိုရင်တော့ ငါသူ့ကို ညှာနေမှာမဟုတ်ဘူး မင်းသားက အရင်လို ကလေးလဲ မဟုတ်တော့ဘူး"
" နေပါဦး ငါ့သားက အခုဘာလုပ်နေလို့လဲ ဘာလဲ...အခုမင်းရဲ့သားက သေပြီလား"
" ဟိတ်ကောင်"
ဦးထင်အောင် ဦးလူမော်ရဲ့ အင်္ကျီကော်လံစနှစ်ခုအား အားနဲ့ဆုတ်ကိုင်လိုက်သည်။
ဦးထင်အောင်တော်တော်ဒေါသထွက်သွား ပုံရတယ်။
ဦးလူမော်ကပြန်ပြီး ဦးထင်အောင်ရဲ့လက်နှစ်ဖက်ကိုဆုတ်ကိုင်လိုက်ပြီး သူ့အင်္ကျီစမှ၊ဖယ်ခွာစေလိုက်ပြီး
" ဒါဆိုငါ့ကိုပြောလေကွာ ငါ့သားကအခုမင်းသားကို ဘာလုပ်နေလို့လဲ"
" ထားလိုက်တော့... မင်းရဲ့သားပြန်လာရင်သာ သေချာဆုံးမထား"
ဦးထင်အောင် ခြံထဲမှ ချာခနဲလှည့်ထွက်ခဲ့လိုက်သည်။ ကားပေါ်ရောက်သည်အထိစိတ်တွေက မတည်ငြိမ်သေး လွန်ခဲ့တဲ့ဆယ့်ငါးနှစ်က နတ်ဆရာမတစ်ယောက်ပြောခဲ့တဲ့စကားကိုသာ နားထဲပြန်ကြားယောင်နေမိသည်။
" နင့်တို့ရဲ့သားက အဲ့ဒီကောင်လေးကြောင့်ပဲသေလိမ့်မယ်"
ဦးထင်အောင် ထိုစကားတွေကို မယုံချင်ပါဘူး။ ဒါပေမယ့်...ယုံကြည်ရလောက်မယ့် အဖြစ်အပျက်တွေက ဖြစ်ခဲ့ပြီးပြီ။
ထင်သာ အဲ့ဒီကောင်လေးကြောင့်ပဲ တစ်ကြိမ်သေမလိုဖြစ်ခဲ့ပြီးပြီ။ ဒါကြောင့် သားဖြစ်သူကို စိုးရိမ်၍ ဦးထင်အောင်ရွာကထွက် သွားရတာ။ နောက်တစ်ခါ ဒီလိုအ ဖြစ်အပျက်တွေ ထပ်မဖြစ်ဘူးလို့ မပြောနိုင်ဘူးလေ။
တစ်ချို့လူတွေရဲ့ကံကြမ္မာက သူတို့မွေးလာကတည်းက သတ်မှတ်ထားတာမျိုးလဲဖြစ်နေနိုင်တာပဲ။
•••••••••••••••••••••••••••••••••••••••••
" ကျွန်တော် ဘာမှသွားမလုပ်ရပါဘူးဗျာ... သူ့မျက်နာလေးမြင်ဖူးတယ်ရှိအောင် သွားကြည့်ရုံပါပဲ"
" အဲ့တော့ မင်းသူ့ကိုတွေ့ခဲ့လား"
" အင်း တွေ့ခဲ့တယ်"
" တွေ့ပြီးပြီဆိုရင်လဲ ဒီမှာတင်ရပ်လိုက်တော့ ဟိတ်ကောင် သူ့တို့ကို သွားမနှောင့်ယှက်နဲ့တော့"
" ဟာ...အဖေကလဲ နှောင့်ယှက်တယ် ပြောရအောင် ကျွန်တော်က အခုဘာလုပ်နေလို့လဲဗျာ..."
" ဘာပဲဖြစ်ဖြစ်..."
" တော်ပြီဗျာ...တော်ပြီ တော်ပြီ ကျွန်တော့်ကောင်ကြီးကို အစာသွားကျွေးလိုက်ဦးမယ်"
ပြောပြီး စောလူတစ်ယောက်မြင်းစာကျွေးရန် အိမ်ပေါ်မှဆင်းသွား၏။
ဦးလူမော်ကတော့သက်ပြင်းရှည်ကြီးတစ်ချက်ချကာ နေရာမှာတင်ကျန်ခဲ့တော့ သည်။
စောလူရဲ့အသက်က နှစ်ဆယ့်ကိုးနှစ်ရှိပြီ။ဆုံးမလို့ရမယ့်အရွယ်လဲမဟုတ်တော့ဘူး။
အိမ်ထောင်သာကျခဲ့ရင် အဖေရာထူးတောင် တက်နေရလောက်ပြီ။
အဖေဖြစ်သူက အိမ်ထောင်ပြုဖို့ မကြာ ခဏဆိုသလို တိုက်တွန်းပေမယ့်လဲ စောလူကတော့ အိမ်ထောင်ရေးကို နည်းနည်းလေးမှစိတ်မဝင်စား။
ရွာထဲကမိန်းကလေး တော်တော်များများက စောလူကိုသဘောကျပေမယ့် စောလူက ဓားပြဗိုလ်ဝင်စားတယ်ဆိုပြီး ဘယ်သ မီးရှင်ကမှသဘောမတူကြ။
တခါတရံသားဖြစ်သူရဲ့နောင်ရေးကိုတွေးပြီး၊ဦးလူမော်စိတ်ပူမိတယ်။ စောလူဆိုတဲ့နာမည်ကလဲ ရွာသားတွေပေးခဲ့တဲ့နာမည်သူ့နာမည်အရင်းတောင် မေ့နေပြီ။
သူကိုယ် တိုင်ကလဲ " သားနာမည်က စောလူ" ဆိုပြီးပြောခဲ့တာ။
••••••••••••••••••••••••••••••••••••••••••
စောလူ မြင်းပေါ်သို့တက်ခွကာ ရွာအပြင်သို့ ဦးတည်မောင်းလာခဲ့သည်။ သူ့ကိုထူး ဆန်းတဲ့လူတစ်ယောက်လို့ထင်မှာပဲ။
အခုခေတ်ကြီးမှာ ဘယ်သူကမြင်းစီးကြလို့လဲ။ ဒီက ရွာသူရွာသားတွေအဖို့တော့။ဒါက ထူးဆန်းတဲ့မြင်ကွင်းမျိုး မဟုတ်
သူ့ ကိုအားလုံးကဗိုလ်စောလူဝင်စားတယ်ဆို ပြီးသိထားကြတာ။
သူကိုယ်တိုင်ကလဲ ငယ်ငယ်လေး က တည်းက မြင်းတွေ မြင်ရင်သဘောကျခဲ့တာ။
ရွာလမ်း အတိုင်းလာခဲ့ပြီး တစ်နေရာအရောက်မှာတော့ လူတစ်ယောက်ကို တွေ့လိုက်တာကြောင့် မြင်းကို ထိုလူရဲ့နံဘေးတွင်ရပ်လိုက်သည်။
" ဟိတ် ဘယ်သွားမလို့လဲ"
ထိုလူ သူ့အားကြောင်တောင်တောင်ကြီးနဲ့ကြည့်နေသည်
" မြင်းပေါ်တက်လေ"
" ရပါတယ်"
ပြောပြီး ထွက်သွားတဲ့ ထိုလူအနောက်သို့ဖြေးဖြေးချင်းကပ်လိုက်သွားပြီး
" ဘာဖြစ်လို့လဲ မြင်းမစီးရဲလို့လား"
" ကျွန်တော် မြင်းစီးဖူးပါတယ်"
" ဒါဆို ငါ့ကို ကြောက်လို့လား"
ထိုလူ ခြေလှမ်းတွေကို တုန့်ခနဲရပ်လိုက်ပြီး စောလူအားမော့ကြည့်လျက်
" ကျွန်တော်က ဘာလို့ခင်ဗျားကိုကြောက်ရမှာလဲ"
စောလူ သွားများပေါ်အောင် ပြုံးလိုက်ပြီး
" မင်းမကြောက်တက်ဘူး ဆိုတာငါသိပါတယ်"
ထိုလူ ဘာမှပြန်မပြောပဲ ရှေ့ကိုဆက်သွားလိုက်သည်။
" အိပ်မက်တွေ မက်သေးလား"
ထိုလူ ဆက်မသွားတော့ပဲ ခြေလှမ်းတွေကို ရပ်လိုက်ပြန်သည်။
" ဘယ်လိုသိလဲ"
" သိချင်လား သိချင်ရင် မြင်းပေါ်တက်လေ"
ထိုလူ ခဏမျှငြိမ်သက်နေပြီး မြင်းပေါ်တက်ရန်ပြင်လိုက်သည်။
" ခင်ဗျားကလဲ နည်းနည်းပါးပါး ကူဦးလေဗျာ"
စောလူပြုံးလိုက်ပြီး ထိုလူရဲ့လက်အားလှမ်းဆွဲထားလိုက်သည်။
မြင်းပေါ် နေရာတကျဖြစ်သွားရင်ပဲ မြင်း ကိုသွားစေဖို့ အမိန့်ပေးလိုက်၏။
" ဟာ ဟာ ခင်ဗျားကလဲ နေဦးလေဗျာ ဒီမှက အဆင်သင့်မဖြစ်သေးဘူး ဘယ်ကိုကိုင် ရမလဲမသိဘူး "
" မင်းကလဲ ငါတစ်ယောက်လုံးရှိနေတဲ့ဟာကို ငါ့ခါးကို ဖက်ထားပေါ့ကွ"
" ဖက်စရာလားဗျ"
" ဒါဆိုလဲ ငါ့အင်္ကျီစကို မြဲအောင်ကိုင်ထား"
ထင်သာ စောလူရဲ့အင်္ကျီစအား မြဲမြဲဆုတ်ကိုင်လိုက်သည်။ စောလူကတော့ မြင်းကိုဖြေးဖြေးပဲသွားစေတာပါ ဒါပေမယ့် ောမြင်းရဲ့ကျောရိုးကြောင့်၊ထိုင်ရသည်မှာကအဆင်မပြေလှ။
စောလူ ရွာအပြင် တောထဲဘက်သို့ မြင်းကိုစီးလာခဲ့သည်။ ထင်သာကတော့ မြင်းပေါ်က ပြုတ်မကျအောင်သာ ဂရုစိုက်နေရတာကြောင့် လမ်းကိုအာရုံမစိုက်မိ။
စောလူ တောစပ်နားတွင် ုမြင်းကိုရပ်လိုက်သည်။ ဒီတော့မှပဲ ထင်သာ တစ်ယောက်မြင်းပေါ်က ဆင်းလိုက်ပြီး နေသာထိုင်သာရှိသွားတော့သည်။
" ဘာလို့ ဒီနေရာကို ခေါ်လာတာလဲ"
စောလူက မြင်းကို သစ်ပင်တွင်ချည်လိုက်ရင်း
" မြင်းကို ဒီနေနေရာမှာထားခဲ့မယ် မင်းနဲ့ငါက ဪ တောထဲဝင်မယ်"
" ခင်ဗျားကျွန်တော့်ကို ဘာလုပ်မလို့လဲ"
" ငါကမင်းကို ဘာလုပ်ရမှာလဲ မင်းပဲအိပ် မက်တွေ အကြောင်းသိချင်တယ်ဆို"
" အဲ့ဒါနဲ့တောထဲခေါ်တာနဲ့ ဘာဆိုင်လို့လဲ"
စောလူ ထင်သာ အနားတိုးကပ်လိုက်ပြီး
" မင်းအခု ငါ့ကိုကြောက်နေတာလား"
ထင်သာ မျက်နာကို အခြားတစ်ဖက်သို့လှည့်လိုက်ပြီး
" ခင်ဗျားရှေ့ကသွား ကျွန်တော် အနောက်ကလိုက်ခဲ့မယ်"
..............................................
တောနက်ထဲသို့ တဖြည်းဖြည်းရောက်လာသည်။ ခုခေတ်မှာ ဒီလိုသစ်တောမျိုးက ရှိသေးတာလား ဒီတောနက်ထဲက သစ်ပင်တွေကိုလဲ တစ်ယောက်မှ လာခုတ်ပုံမပေါ်ဘူး။ အားလုံးက သဘာဝအတိုင်း ပေါက် ရောက်နေပြီး ပြန်လည်ပြုပြင်ထားခြင်းမရှိ။ ဒီတောထဲမှာ တောကောင်တွေ ရောရှိနေမလား ထင်သာ တွေးလိုက်မိသည်။
" ခင်ဗျား ဘယ်အထိ ဆက်သွားဦးမှာလဲ"
" မင်းကို အစဖျောက်လို့ရမယ့် နေရာ အ ထိ"
ထင်သာ ခြေလှမ်းတွေကိုရပ်လိုက်သည်။
စောလူလဲ နောက်သို့ ပြန်လှည့်ကြည့်ကာ
" မင်းကလဲ ငါ့ပုံစံက လူသက်သမား ပုံစံပေါက်နေလို့လား လာပါကွ...ရှေ့နားဆိုရောက်တော့မှာ"
ဝါးတော တစ်ခုကိုဖြတ်ပြီး တစ်နေရာအရောက်မှာ စောလူ ခြေလှမ်းတွေကို ရပ်လိုက်သည်။
" ဒါက ဘာနေရာ လဲ"
" ကြည့်လေ မင်းဒီနေရာကို မမှတ်မိဘူးလား"
ရေကန်လိုလို ချောက်တစ်ခုရှိနေပြီး ထိုချောက်ထဲအား ငုံ့ကြည့်လိုက်တော့
အောက် ဘက်တွင် ရေအနည်းငယ်စီးဆင်းနေတာကိုတွေ့ရသည်။
ချောက်ရဲ့ဘေးပတ်ပတ်လည်မှလဲ တောပန်းမျိုးစုံက ဖူးပွင့်နေပြီး ဝန်းကျင်တစ်ခုလုံးက စိမ်းစိုလန်းဆန်းနေ၏။
ဒါက... ဒီနေရာက...ထင်သာ သူ့အိပ်မက်တွေထဲမှာ တွေ့နေရတဲ့နေရာ တစ်ခုပဲ မ ဟုတ်လား။
" ဒီနေရာက..."
စောလူ ချောက်ကမ်းပါးတွင် သွားရပ်လိုက်ပြီး
" ဒီနေရာက ငါတို့နှစ်ယောက်ပိုင်တဲ့နေရာပဲ ဒီနေရာမှာ ငါတို့အမှတ်တရတွေ အများကြီးရှိခဲ့တယ်"
" ဘယ်လိုမျိုးလဲ ပြီးတော့...ကျွန်တော်ဘာကြောင့်ဒီနေရာကို အိပ်မက်ခဏခဏမက်နေရတာလဲ"
" အိပ်မက်တွေက အရေးမပါဘူးအရေး ကြီးတာက ငါတို့နှစ်ယောက် ဘယ်လိုဆက် ပြီးနေထိုင်သွားမလဲဆိုတာပဲ အရင်ဘဝမှာ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ငါစိတ်မဝင်စားဘူး ဒီဘဝမှာတော့ ငါမင်းကို ပိုင် ဆိုင်ချင်တယ်"
စောလူပြောနေတာကို ထင်သာတစ်ခုမှနားမလည်
" အရင်ဘဝ...ဘာတွေပြောနေတာလဲ"
" မင်းနဲ့ငါက အရင်ဘဝတည်းက သိခဲ့ကြတာ အရင်ဘဝမှာ ငါတို့နှစ်ယောက်တခုခုပတ်သက်ခဲ့ကြတယ်"
" လာနောက်နေတာလား ဒါဆိုခင်ဗျားကဒါတွေကို ဘယ်လိုလုပ်ပြီးသိလဲ"
" အိပ်မက်တွေက တစ်ဆင့်ပေါ့ ငါလဲအား လုံးကိုသေချာမသိပါဘူး ငါပြောခဲ့သလိုပဲ အရင်ဘဝက ဖြစ်ခဲ့တာတွေက အရေးမကြီးဘူး ဒီဘဝမှာ ဘာဆက်ဖြစ်မလဲဆိုတာပဲ အရေးကြီးတာ"
ထင်သာ မဲ့ပြုံး,ပြုံးလိုက်သည်။
သူဘာတွေပြောနေတာလဲ။ သူပြောနေတာတွေက တစ်ခုမှအဓိပ္ပါယ်မရှိဘူး။ သူ နဲ့ ကိုယ်က အရင်ဘဝကတည်းက သိခဲ့ကြတာတဲ့လား။
ပြီးတော့... ဒီနေရာမှာဘယ်လိုအမှတ်တရတွေရှိခဲ့လို့လဲ။ သူနဲ့ကိုယ်က အခုမှစသိကြတာမဟုတ်လား။
" မင်းမှတ်မိသေးလား ငါတို့ငယ်ငယ်တုန်းက ဒီနေရာကို အတူတူလာခဲ့ကြတာ တခါတလေဆိုရင် မင်းလမ်းမလျှောက်နိုင်လို့၊မင်းကို ငါကကျောပိုးရသေးတယ် အဲ့ဒီတုန်း ကဆို မင်းကငါ့အပေါ်သိပ်ဆိုးတာပဲ ငါကလဲမင်းဘယ်လောက်ဆိုးဆိုး မင်းပျော် နေတာလေးမြင်ရရင်ကို ကျေနပ်နေမိတာ"
•••••••••••••••••••••••••••••••••••••••••
အဲ့ဒီအချိန်တုန်းက စောလူအဖေ ဦးလူမော်နဲ့ ထင်သာရဲ့အဖေ ဦးထင်အောင်တို့က အရမ်းချစ်ကြတဲ့သူငယ်ချင်းတွေပဲထင်သာရဲ့ အသက်က ငါးနှစ်လောက်ပဲရှိဦးမယ် သူ့ထက်လေးနှစ်ကြီးတဲ့ စောလူကို အရမ်းခင်တွယ်နေတာ စောလူခမျာလဲ ညီဖြစ်သူ ထင်သာလေးကို အရမ်းဂရုစိုက်တယ်။ဧ
ဒါကိုလဲ၊မိဘတွေက သဘောတကျရှိကြ ၏။
" ကိုကိုနဲ့ညီညီက အရင်ဘဝတည်းက သိခဲ့ကြတာ ညီညီ့နာမည်က ဒေါင်းဝေ ကိုကို့နာမည်ကစောလူ"
ဆိုပြီး သူအမြဲပြောလေ့ရှိသည်။ ဒါကိုလဲတရွာလုံးသိကြသည်။ ထင်သာက ဒေါင်းဝေဝင်စားတာ ဟုတ်မဟုတ်မသိပေမယ့်စောလူကတော့ အရင်ခေတ်အခါကသောင်း ကျန်းခဲ့တဲ့ဓားပြဗိုလ်ဝင်စားတယ်ဆိုတာတော့ ရွာထဲက အသက်ကြီးတဲ့သူတွေပြောလို့ အားလုံးသိကြသည်။
သူကိုယ်တိုင်ကလဲ သူ့ကိုယ်သူဗိုလ်စောလူအဖြစ်ခံယူထားသည်။
" ဟိတ်ကောင် လူမော် ငါ့သားဒီမှာလား"
" စောလူ ရွာထဲကို ကစားဖို့ဆိုပြီးခေါ်သွားတာပဲ ငါကမင်း အိမ်မှာရောက်နေတယ်ပဲထင်နေတာ"
" ဘယ်ကသာကွာ မနက်ကတည်းက စောလူလာခေါ်ပြီးကတည်းက အိမ်ကိုတစ်ခေါက်မှပြန်မလာသေးဘူး အခုနေတောင်ဝင်တော့မယ် နေဦး...ငါရွာထဲမှာလိုက်ရှာကြည့်လိုက်ဦးမယ်"
" အေး အေး မင်းရွာအနောက်ပိုင်းကို သွားရှာကြည့်လိုက် ငါအရှေ့ပိုင်းမှာသွားရှာကြည့်လိုက်မယ်"
ထင်အောင်က ရွာအနောက်ပိုင်းကို ထွက်ခဲ့ပြီး လူမော်ကတော့ ရွာအရှေ့ပိုင်းကိုထွက် လာခဲ့သည်။ သို့သော် တစ်ရွာလုံးသာနှံ့သွားတယ်။ ကလေးနှစ်ယောက်ကို၊ဘယ်နေရာမှာမှမတွေ့။ အခုဆို ညတောင်မှောင်နေပြီ။
" ဒီကလေးတွေကွာ ဘယ်ကိုလျှောက်သွားနေလဲမသိဘူး လူမော် မင်းသားက ငါ့သားကို ဘယ်ကိုခေါ်သွားတာလဲကွ အခုချိန်ထိပြန်မလာသေးဘူး ငါ့သား တစ်ခုခုဖြစ်လို့ကတော့ကွာ..."
" ထင်အောင်ရာ...အဆော့လွန်နေလို့ဖြစ်မှာပါ သူတို့ပြန်လာမှာပေါ့"
" ဒါပေမယ့် အခုချိန်ထိ..."
" ဖေဖေ"
အသံကြားရာကြည့်လိုက်တော့ သားဖြစ်သူက သူ့ဆီပြေးလာတာကို တွေ့လိုက်ရသည်။ ထင်အောင် သားဖြစ်သူအနားရောက်သည်နှင့် ပုခုံးနှစ်ဖက်အားကိုင်ကာ
" သား ဘယ်တွေ သွားနေတာလဲ စောလူမင်း ငါ့သားကို ဘယ်ခေါ်သွားတာလဲ "
" ကျွန်တော် ညီညီ့ကို တောထဲ ခေါ်သွားတာ"
" ဘာကွ!"
ထင်အောင် မတ်တပ် ထရပ်လိုက်သည်။
" မင်းငါ့သားကို ဘာလို့တောထဲခေါ်သွားရတာလဲ ငါ့သားတစ်ခုခုဖြစ်သွားရင် ဘယ် လိုလုပ်မလဲ မင်းတော့ကွာ..."
ထင်အောင် မလှမ်းမကမ်းမှာရှိတဲ့ ထင်း ချောင်း အား သွားကောက်ယူလိုက်ပြီးစောလူအား ရိုက်မည်ပြုစဥ် လူမော်ကထင်အောင်လက်ထဲမှထင်းချောင်းအားဆွဲယူလိုက်ကာ
" ထင်အောင် ငါ့သားကို ငါဆုံးမပါ့မယ်ကွမင်းရိုက်စရာ မလိုပါဘူး စောလူ...ညီလေးကိုဘာလို့တောထဲခေါ်သွားရတာလဲ ညီလေးက အခုငယ်ငယ်လေးပဲရှိသေးတာတောထဲမှာ အကောင်ပလောင်တွေနဲ့တွေ့ရင်မင်းဘယ်လိုလုပ်မလဲ"
" ညီညီ ဘာမှမဖြစ်စေရဘူး သား သူ့ကိုကာကွယ်ပေးမှာ"
ထင်အောင်က
" လူက လက်တောက်လောက်နဲ့ကွာ မင်းကငါ့သားကို ဘယ်လိုကာကွယ်ပေးနိုင်မှာလဲ ငါ့သားသာတစ်ခုခုဖြစ်လို့က တော့မင်းမလွယ်ဘူး"
" စောလူ နောက်တစ်ခါညီလေးကို အဲ့ဒီလိုလျှောက်ခေါ်မသွားရဘူး ကြားလား"
စောလူ ဘာမှပြန်မပြောပဲ မျက်နာထားခပ်တင်းတင်းနဲ့သာရှိနေ၏။
" သား နောက်တစ်ခါ အဲ့ဒီလိုထပ်လုပ်ဦးမှာလား"
စောလူထံမှ ဘာမှမတုံ့ပြန်
" အဖေ မေးနေတယ်လေကွာ"
စောလူ နေမြဲတိုင်းသာနေ နေသည်
လူမော်လဲထပ်မေးမနေတော့ပဲ
" ဟိုဘက် လှည့်"
စောလူလဲ အဖေဖြစ်သူဘက်သို့ ကျောပေးကာရပ်ပေးလိုက်သည်။
စောလူပေကပ်ကပ်နိုင်တာ အခုမှမဟုတ်။သူ့အမေမဆုံးခင် တစ်နှစ်သားအချိန်ကပဲ
မိခင်ဖြစ်သူဆုံးသွားတော့ ဖခင်တစ်ယောက် တည်းသာရှိတော့တဲ့သားအပေါ်အလိုလိုက်ခဲ့တာကြောင့်လဲပါမယ်ထင်တယ်။
ဒီကြားထဲ ရပ်ရွာက သန္ဓေဆိုးလို့ဝိုင်းပြောလို့ ဘာအပြစ်မှမရှိတဲ့သားလေးအပေါ်ဂရုဏာပိုခဲ့ရပြန်သည်။
လူမော် သူ့သားကို မရိုက်ချင်ပေမယ့်လဲတစ်ပါးသူလက်နဲ့ ရိုက်တာကိုကြည့်နေမယ့်အစား၊သူကိုယ်တိုင်ပဲသားဖြစ်သူကိုဆုံးမမည်။ လက်ထဲမှ ထင်းချောင်းနဲ့ စောလူရဲ့ခြေသလုံးကို အားထည့်ကာရိုက်လိုက်သည်။
" ကိုကို့ကိုမရိုက်ပါနဲ့ ကိုကို့ကိုမရိုက်နဲ့"
ငိုနေတဲ့သားဖြစ်သူကို ထင်အောင်ပွေ့ချီကာ
" လာ သား၊ပြန်ရအောင်"
" ကိုကို့ ကို မရိုက်နဲ့လို့၊ကိုကို့ကိုမရိုက်နဲ့"
ထင်သာလေးက ငိုနေပေမယ့် စောလူက တော့ အဖေဖြစ်သူရဲ့လက်ပေါ် နောက်ပြန်ပါသွားတဲ့ ကလေး,လေးကို ပြုံးပြလိုက်သေးသည်။
နောက်နေ့မနက် ခြေသလုံးမှာ အနီရောင်အကြောင်းတွေထင်နေပေမယ့် စောလူက တော့ ပုံမှန် အတိုင်းပင်။
လူမော်ကတော့၊သားဖြစ်သူကိုကြည့်ပြီးစိတ်မကောင်း။
••••••••••••••••••••••••••••••••••••••
" ဘယ်လိုလဲ မှတ်မိပြီလား"
ထင်သာ ချောက်ထဲကိုသာ တွေတွေကြီးကြည့်နေမိသည်။
" ဟိတ် မင်းငါပြောနေတာကြားရဲ့လား"
" ကြားပါတယ် ကျွန်တော်စဥ်းစားနေတာ ဒါပေမယ့် ကျွန်တော်ဘယ်လိုမှစဥ်းစားလို့မရဘူးဖြစ်နေတယ်"
စောလူ ထင်သာ အနားတိုးကပ်သွားလိုက်ပြီး သူ့လက်တစ်ဖက်အား ဆုပ်ကိုင်လိုက် ကာ
" ဟိတ် မင်းမမှတ်မိလဲ ဘာမှမဖြစ်ဘူးနော် ကိုယ်ပြောပြီးပြီ အရင်ကဖြစ်ခဲ့တာတွေကိုကိုယ်စိတ်မဝင်စားဘူး၊ဒါပေမယ့်...အခုရှေ့ဆက်ရမယ့်ဘဝမှာတော့၊မင်းနဲ့သိကျွမ်းခွင့်ပြန်ရချင်တယ်"
" ................."
" ကဲပါ... ဘာမှမစဥ်းစားနဲ့တော့ ကိုယ်အခုမင်းကို အိမ်ပြန်ပို့ပေးမယ် မဟုတ်ရင် မင်းအဖေ ကိုယ့်ကို ရိုက်နေဦးမယ် လာ..."
စောလူ နေရာမှလှည့်ထွက်လိုက်တော့ထင် သာ လဲ အနောက်ကနေ လိုက်လာခဲ့၏။
ဒီ အချိန်မှာပဲ ထင်သာ စောလူရဲ့နောက် ကျော ကိုကြည့်ရင်း ခြေလှမ်းတွေကိုရပ် လိုက်သည်။
" ကျွန်တော် တစ်ခုလောက် မေးလို့ရမလား"
" အင်း မေးလေ"
" ခင်ဗျားက...ကျွန်တော့် အိပ်မက်ထဲကလူလား"
စောလူ ပြုံးလိုက်ပြီး
" ကိုယ်လဲ မင်းကို ညတိုင်းအိပ်မက် မက်တာပဲ"
•••••••••••••••••••••••••••••••••••••••••••••
ထင်သာ ရွာထိပ်မှာပဲဆင်းကာ လမ်း လျှောက် လာခဲ့သည်။ ရွာထဲက လူတွေရှေ့မှာ မြင်းကြီးစီးပြီး လျှောက်မသွားချင်ပါ။ ထင်သာ ဦးမြင့်မောင် အိမ်ပြန်ရောက်တော့ သူ့ရဲ့အဝတ်အစားအိတ်က အိမ်ရှေ့တစ်နေရာတွင်ရှိနေသည်ကို တွေ့လိုက်ရသည်။
" သား အမေတို့ပြန်တော့မယ် သားအိတ်ကို ကားပေါ်တင်လိုက်တော့"
" ချက်ချင်းကြီး ဘယ်လိုဖြစ်တာလဲ အဖိုးရဲ့ရက်လည်တောင် မပြီးသေးဘူးလေ"
" သားအဖေနေခဲ့လိမ့်မယ် သားနဲ့အမေနှစ်ယောက်တည်းပဲပြန်မှာ နောက်မှာလဲ အ လုပ်တွေက ဒီအတိုင်းပစ်ထားခဲ့ရတာဆိုတော့"
" အမေကလဲ အလုပ်တွေက နားထားလို့ရပါတယ် ကိစ္စတောင်မပြီးသေးပဲ အခုလိုပြန်လိုက်တော့ ဘယ်ကောင်းမလဲအမေရ"
" ဘာလဲ မင်းဟိုအကောင်နဲ့မခွဲနိုင်လို့လား"
အိမ်ထဲမှပြောပြီးထွက်လာတဲ့ ဦးထင်အောင်ရဲ့စကားအဓိပ္ပါယ်အား ထင်သာနားမလည်။
" အဖေ ဘာတွေပြောနေတာလဲ ကျွန်တော်က ဘယ်အကောင်နဲ့ မခွဲနိုင်ဖြစ်ရမှာလဲ"
" မင်း ဒီမနက် ဘယ်ကိုသွားခဲ့တာလဲ"
" ကျွန်တော်က ဘယ်သွားရမှာလဲ ဘယ်မှမသွားဘူး ကျွန်တော်ရွာထဲမှာပဲ"
" မင်းငါ့ကို လိမ်မနေနဲ့ မင်းဟိုအကောင်နဲ့မြင်းစီးပြီးထွက်သွားတာ တွေ့တဲ့လူကတွေ့တယ်ကွ"
ထင်သာမှာ ပြောစရာစကားမရှိတော့။
" ဘာပဲဖြစ်ဖြစ် မင်းအခုပဲ ဘားအံကိုပြန်ရမယ် နောက်ထပ်လဲ ဒီကိုဘယ်တော့မှပြန် လာစရာမလိုဘူး"
" အဖေ ဘာဖြစ်လို့ဒီလောက်ထိ ပေါက်ကွဲနေရတာလဲ ဒီကိစ္စကဒီလောက်ထိဖြစ်စရာလဲမလိုပါဘူး သူ့မှာလဲ ဘာအပြစ်မှရှိတာလဲမဟုတ်ပဲနဲ့ အဖေက သူ့ကိုအသားလွတ်ကြီးမုန်းနေတာ"
" ငါက အသားလွတ်ကြီးမုန်းနေတာဟုတ် လား သူ့မှာဘာအပြစ်မှမရှိဘူးဟုတ်လားမင်းကို ချောက်ထဲ တွန်းချခဲ့တာတောင် သူ့မှာ ဘာအပြစ်မှ မရှိဘူးဟုတ်လား"
ထင်သာရဲ့ခန္ဓာကိုယ် အနည်းငယ်ယိုင်သ လိုဖြစ်သွားပြီး ခေါင်းတစ်ခုလုံးထူပူသွားသည်။
ပြီးနောက် လောကကြီးတစ်ခုလုံးအမှောင်ဖုံးသွားပြီး ထင်သာ ကြမ်းပြင်ပေါ်သို့ ပစ်လဲကျသွားသည်။
..............................................
ရွာမှာတာဝန်ကျနေတဲ့ ဆရာဝန်မလေးပြောသွားတာတော့ ထင်သာက အားနည်းနေတာတဲ့။ ဒါ့အပြင် နေပူထဲ သွားထားတာကြောင့်ရော လူကရှော့ဖြစ်သွားတာတဲ့
ဦးထင်အောင်ကတော့ ထင်သာ အခုလိုဖြစ်တာ အခြားတစ်ခုကြောင့်လို့ထင်နေ သည်။
ထင်သာ ကလေးဘဝတည်းက စောလူနဲ့တောထဲကို သွားပြီးပြန်လာတိုင်း အခုလိုအားနည်းပြီး နေမကောင်းဖြစ်တော့တာပဲ။
စောလူအား ထိုတောထဲကို မသွားဖို့အ
ကြိမ်ကြိမ် သတိပေးသော်လဲ အဲ့ဒီဂြိုဟ်ကောင်လေးက ဘယ်တော့မှ ပြောစကားနားမထောင်။ လူမော်ကလဲ ဘာမှမပြောပဲအလိုလိုက်ထားတော့ အဲ့ဒီကောင်လေးကပိုဆိုးနေတာ။
အခုလဲ၊သားဖြစ်သူကို ထိုတောထဲကိုခေါ်သွားတာဖြစ်မယ်။ ဒါကြောင့်ပဲ အခုလိုရုတ်တရက်ကြီးမေ့လဲသွားတာ။
ခဏကြာတော့ သားဖြစ်သူ သတိရလာသည်။ ဒေါ်စံပယ်က ပြာပြာသလဲနှင့်
" သား သတိရလာပြီလား"
" ဟုတ်"
ဦးထင်အောင်က ဘာမှမပြောပဲ မျက်နာကို တစ်ဖက်သို့ လှည့်ထားသည်။
" သား အိပ်ယာမှာပဲ ခဏလှဲနေလိုက်ဦးနော် သားစားဖို့ အမေတစ်ခုခု သွားလုပ်လိုက်ဦးမယ်"
ဒေါ်စံပယ် အိမ်အောက်ထပ်ကို ဆင်းသွားတော့သားအဖနှစ်ယောက်သာ အပေါ်ထပ်မှာ ကျန်ခဲ့တော့သည်။
" ဒီနေ့ မင်း ဘယ်သွားခဲ့တာလဲ"
" ................"
" အဲ့ကောင် မင်းကို ဟိုချောက်ဆီကိုပဲ ခေါ်သွားတာမဟုတ်လား"
" အဖေ သိနေတာပဲ..."
" မင်းဘာလို့အဲ့ဒီကောင်နဲ့ထပ်ပြီးပတ်သတ် နေရတာလဲ ဟမ်... မင်း အဲ့ဒီကောင်နဲ့ ဝေးဝေးနေလို့မရဘူးလား"
" ဒါဆို ကျွန်တော့်ကိုပြောပြ သူပြောသလိုပဲ ကျွန်တော်က လူဝင်စားလား ကျွန်တော်ငယ်ငယ်က ဘာတွေဖြစ်ခဲ့တာလဲ"
" မင်း လူဝင်စားလား မဝင်စားလားငါလဲမသိဘူး ပြီးတော့ အဲ့ဒါတွေကလဲ အရေးမှမပါတာ သေချာတာတစ်ခုက အဲ့ကောင်ကမင်းကို ကောင်းကျိုးပေးမယ့်ကောင် မ ဟုတ်ဘူး မင်းကို ဒုက္ခရောက်အောင်လုပ်မယ့်ကောင် မင်းအဲ့ဒီချောက်နားသွားလို့မရဘူးဆိုတာ သိသိကြီးနဲ့ သူမင်းကိုခေါ်ဖြစ်အောင် ခေါ်သွားသေးတယ် သူသာမင်းကိုဒုက္ခပေးချင်စိတ်မရှိရင် ဒဒဧဧဦအဲ့ဒီနေရာကိုမင်းကိုခေါ်သွားစရာအကြောင်းမရှိဘူး ပြီးတော့.မင်းငယ်ငယ်ကဘာတွေ ဖြစ်ခဲ့လဲဆိုတာ ငါပြောပြရမလားမင်းငယ် ငယ်ကတည်းက သူကမင်းကိုဒုက္ခပေးခဲ့တာ မင်းကိုအဲ့ဒီနေရာကိုမကြာခဏခေါ်ခေါ်သွားတယ် နေသွားပြီးလို့မင်းအိမ်ပြန်လာပြီဆိုရင်နေမကောင်းဖြစ်ပြီ၊အဲ့ဒီနေရာကမင်းကိုအားနည်းစေတယ်၊မင်းကိုနေမကောင်းဖြစ်စေတယ်၊ဒါကိုသူသိသိကြီးနဲ့၊မင်းကိုထပ်ပြီးခေါ်သွားတယ်၊ငါကိုယ်တိုင်တောင်၊မင်းတို့ကိုဘယ်လိုမှတားလို့မရခဲ့ဘူး၊တစ်နေ့...မင်းဆယ်နှစ်သားလောက်မှာ၊သူမင်းကိုအဲ့ဒီချောက်ထဲကိုတွန်းချဖို့ကြံစည်ခဲ့တယ်၊တော်သေးတာပေါ့၊ငါအရောက်မြန်လို့၊မဟုတ်ရင်မင်းအသက်ရှင်လျက်တောင်ရှိမှာမဟုတ်တော့ဘူး"
ဦးထင်အောင် ပြောရင်ဒေါပွလာသည်။
" အခုလဲ မင်းငါ့စကားနားမထောင်လို့အဲ့ဒီကောင်နဲ့ဆက်ပြီးပတ်သတ်ချင်တယ်ဆိုလဲရတယ် ဒီတစ်ခါငါမတားတော့ဘူး ငါ့စ ကားက မင်းအတွက်အရေးမပါဘူး ကိုယ့်အဖေထက် ကိုယ့်ကိုဒုက္ခပေးတဲ့ကောင်ကိုမှ ဆက်ပြီးပတ်သတ်ချင်တယ်ဆိုရင်လဲသဘောပဲ"
ဦးထင်အောင် ပြောပြီးနေရာမှ ထထွက်သွားသည်။
ထင်သာ မျက်လုံးအိမ်မှာ မျည်ရည်တွေဝိုင်းနေပြီ။ သူဘာကြောင့်ဝမ်းနည်းနေရတာလဲ။ အဲ့ဒီလူကတကယ် ပဲသူ့ကိုချောက်ထဲတွန်းချဖို့ကြံခဲ့တာလား။
မျက်လုံးတွေကို မှိတ်ကာ သူ့အကြောင်းမတွေးပဲနေကြည့်မိတယ် မရပါ။ ဦဘသူအ ကြောင်း ကအတွေးထဲအလိုလိုရောက်လာတယ်၊ပြီးတော့...သူကကိုယ့်အိပ်မက်ထဲကလူဆိုတာသေချာသလောက်ရှိတယ်ကိစ္စ တွေကသူထင်သလောက်မရိုးရှင်းဘူး တကယ်ပဲသူနဲ့အရင်ဘဝတည်းကသိခဲ့ကြတာလား။
••••••••••••••••••••••••••••••••••••••••
ထင်သာ ညစာစားပြီး အိမ်ပေါ်ထပ်သို့ပြန်တက်လာခဲ့သည်။ ဤ မိဘနှစ်ပါးနဲ့ ဦးလေး မြင့်မောင်ကတော့အိမ်အောက်ထပ်မှာသာအိပ်ကြတာဖြစ်သည်။
သူအိမ်ယာထဲဝင်ကာ အိပ်ဖို့ကြိုးစားလိုက်သည်။ ဒါပေမယ့် အိပ်မ၇ အချိန်အတော်ကြာတဲ့ထိ I'mအတွေးတို့နယ်ချဲ့နေမိသည်။
" ညီညီ..."
ပြတင်းပေါက်ဘက်မှ၊း အသံဖျော့ဖျော့ကိုကြားလိုက်ရတာကြောင့် ထင်သာ ခြင် ထောင်အပြင်ဘက်သို့ထွက်ကြည့်လိုက်သည်
" ဟင်... ခင်ဗျား"
ထိုလူက ပြတင်းပေါက်မှ ကျော်ခွကာ အိမ်ထဲသို့ ဝင်ရောက်လာသည်။ ထင်သာပြတင်းပေါက် မပိတ်မိလိုက်တာက သူအခုလိုရောက်လာဖို့အတွက် အခွင့်အရေးဖြစ်သွားတာလား။
" ခင်ဗျား ဘာလာလုပ်တာလဲ အဖေတို့သိရင်..."
"သူတို့မသိပါဘူး စိတ်ချ"
နှစ်ယောက်သားရဲ့အသံတွေက ကြားရရုံလောက်သာ။
" အပေါ်ကို ဘယ်လိုတက်လာတာလဲ"
" ဒီလိုပဲပေါ့ မင်းနေမကောင်းဘူးဆိုလို့လာကြည့်တာ"
" အဲ့တာ ဒီလိုပုံစံနဲ့လာရလား"
" ပေါ်တင်လာရင်ရော မင်းအဖေက ခွင့်ပြုမှာမို့လို့လား"
" ပြန်တော့"
" ဟင်"
" ပြန်တော့...ကျွန်တော့်အဖေသိသွားရင်မလွယ်ဘူး"
" မသိပါဘူးကွ...စိတ်ချပါ"
" သား..."
အိပ်ခန်းအပြင်ဘက်မှ အမေဖြစ်သူရဲ့အ သံကို ရုတ်တရက်ကြားလိုက်ရတာကြောင့် ထင်သာတစ်ယောက်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်သွားရသည်။
" သွားတော့၊မြန်မြန်"
"မနက်ဖြန်မနက် သင်္ချိုင်းထဲမှာစောင့်နေမယ်"
ပြောပြီး၊ပြတင်းပေါက်မှခုန်ဆင်းသွား၏
" ဟာ..."
" သား..."
ထင်သာ အခန်းတံခါးဆီသွားကာ အမြန်ဖွင့်လိုက်သည်။
" အမေ"
" ဒီမှာသားရဲ့ဖုန်း ထမင်းစားဝိုင်းမှာကျန်နေခဲ့တာ အမေလဲ အစောကတည်းက လာပေးမလို့ပဲ တစ်ခြားကိစ္စလေးတွေလုပ်နေတာနဲ့ လာပေးဖို့မေ့သွားတာ"
" ဟုတ်ကဲ့ အမေ"။
ထင်သာ အမေဖြစ်သူလက်ထဲမှ ဖုန်းအား ယူလိုက်ပြီး တံခါးအားပြန်ပိတ်လိုက်သည်။
ဟူး...တော်သေးတာပေါ့။
ထင်သာခြင်ထောင်ထဲ ပြန်ဝင်လာလိုက်ပြီး ဖုန်းအားဖွင့်ကြည့်လိုက်တော့ နွယ် နှင်းထံမှ miss call ဆယ်၃ကြိမ်ကို တွေ့လိုက်ရသည်။
သူဖုန်းမကိုင်လို့ သူမဘယ်လောက်တောင်ဒေါပွနေလိုက်မလဲ။ ထင်သာ နွယ်နီထံသို့ဖုန်းခေါ်လိုက်ပေမယ့် ဖုန်းက စက်ပိတ်ထားသည်တဲ့။
သူလဲထပ်ခေါ်မနေတော့ပဲ ဖုန်းကိုဘေးသို့ချထားလိုက်သည်။
နေပါဦး။ သူအခုမှ စောလူပြောသွားတာကိုသတိရလိုက်တယ်။
" မနက်ဖြန် မနက်သင်္ချိုင်းထဲမှာစောင့်နေမယ်"
ဒီလူချိန်းစရာရှားလို့ သင်္ချိုင်းထဲမှာမှ ချိန်းရလား။ ပြီးတော့သူကရောအဲ့ဒီလူခေါ်တိုင်း သွားစရာလား။
အဲ့ဒီလူ၊သူ့ဖာသာတစ်ယောက်တည်းစောင့်နေပါစေ၊သူကတော့သွားမှာမဟုတ်ဘူး။
••••••••••••••••••••••••••••••••••••••••••••
ထင်သာ သင်္ချိုင်းမြေပေါ်သို့ ခြေချလိုက်ပြီ။ မလာဘူးလို့တွေးထားပေမယ့်သူဘာပြောမလဲသိချင်တာကြောင့် လာခဲ့လိုက်သည်။ ပြီးတော့ ထင်သာဘက်ကလဲ သူ့ကိုမေးစရာတွေရှိနေတယ်။
သူအခုသင်္ချိုင်းထဲ တောင်ရောက်နေပြီ။ ခဏစောင့်နေမယ်ဆိုတဲ့ သူကိုဒအခုထိမတွေ့သေး။
ဘေးပတ်ပတ်လည် ကြည့်လိုက်တော့လဲ လူသေမြုပ်ထားတဲ့မြေပုံတွေကို သာတွေ့ရသည်။
ပြီးတော့ ထူပိန်းနေတဲ့ ချုံနွယ်တွေကြားထဲမှ မြွေထွက်လာမှာကိုလဲကြောက်ရသေးတယ်။
ထင်သာ မြေပုံတွေအလယ်မှာ ထီးထီး ကြီးရပ်နေမိ၏။ သူဘာဆက်လုပ်ရမလဲမသိတော့ပါ။ အခုအခြေအနေနဲ့ အိမ်ကထွက်လာရဖို့ ဆိုတာ လွယ်တာမဟုတ်ဘူး။ ရောက်လာခဲ့ပြီဆိုတော့ သူနဲ့တွေ့ပြီးမှပဲပြန်ချင်တယ်။
" အဲ့ဒီမှာ ဘာရပ်လုပ်နေတာလဲ လာခဲ့"
ဘယ်ကနေ ဘယ်လိုပေါ်လာမှန်းမသိတဲ့ထိုလူက ထင်သာရဲ့လက်ကိုဆွဲကာသင်္ချိုင်းကုန်းထဲမှာပဲရှိနေတဲ့ ညောင်ပင်ကြီးရဲ့အနောက်သို့ ခေါ်ဆောင်သွားသည်။
နေရာ ရောက်တော့ ထိုလူကဘာမှမပြောပဲ ထင်သာကိုသာ ပြုံးပြီးကြည့်နေသည်။
ပြီးတော့မှ
" မင်း တကယ်လာတာပဲ"
" ဘာလဲ ခင်ဗျားက ကျွန်တော်လာမယ်လို့မထင်ထားဘူးလား"
" ဟုတ်တယ် မင်းလာလိမ့်မယ်လို့မထင်ထားဘူးအခုလို မင်းရောက်လာတာကိုတွေ့ရတော့ ငါတကယ်ဝမ်းသာတယ်"
" ကဲပါ... ခင်ဗျားကျွန်တော့်ကိုဘာပြောစရာရှိလို့လဲ"
" နေဦး... ငါ့ကိုခင်ဗျား,ခင်ဗျားနဲ့မခေါ်နဲ့အစ်ကိုလို့ မခေါ်ရင်တောင်မှ နာမည်ကိုတော့ခေါ်သင့်တယ် ငါ့နာမည်စောလူ အဲ့တော့..."
" စကားတွေရှည်မနေနဲ့ဗျာ...ဘယ်လိုခေါ်ခေါ်ပေါ့ အခုကျွန်တော်အချိန်သိပ်မရဘူးခင်ဗျားမှာ ပြောစရာရှိလား မရှိရင်လဲကျွန်တော့်မှာ မေးစရာတွေရှိတယ်"
စောလူ ညောင်ပင်အရင်းတွင်ထိုင်ချကာ ညောင်ပင်အား ကျောမှီထားလိုက်ပြီး သူ့ရဲ့ကောင်းဘွိုင်ပုံစံဦးထုပ်ကို ဒူးတစ်ဖက်ထောင်ထားတဲ့အပေါ်တင်လိုက်သည်။
" ဘာလဲ မင်းအဖေက ငါ့တို့ငယ်ငယ်ကအကြောင်းတွေကို ပြောပြလိုက်ပြီလား"
" ခင်ဗျားဘာဖြစ်လို့"
" ငါမင်းကိုချောက်ထဲတွန်းချခဲ့တာမဟုတ်ဘူး မင်းဖာသာခြေချော်ပြီးကျသွားတာ ငါ့အချိန်မှီလှမ်းဆွဲလိုက်နိုင်လို့ မင်းဘာမှမဖြစ်သွားပေမယ့် မင်းအဖေကတော့ ငါ့ကို အထင်လွဲသွားခဲ့တယ်"
" ဒါဆို ခင်ဗျားက သူ့ကိုမရှင်းပြဘူးလား"
" မရှင်းပြပဲနေမလား မင်းအဖေကငါ့ကိုအ စကတည်းကမုန်းနေတော့ ငါပြောတာကိုသူဘယ်လိုမှလက်မခံဘူး ငါ့ကိုရဲတိုင်ဖို့အ ထိတောင်ဖြစ်သွားခဲ့တယ် ငါ့အဖေကကြားထဲက တောင်းပန်လို့သာပေါ့"
ထင်သာ စောလူနံဘေးတွင် ထိုင်ချလိုက်ပြီး
" ကျွန်တော် ဘာလို့အဲ့ဒါတွေ မမှတ်မိတော့တာလဲ"
" မင်းချောက်ထဲပြုတ်ကျတုန်းက မင်းရဲ့ခေါင်းက ကျောက်တုံးနဲ့ရိုက်မိသွားတယ်၊မင်းအသက်မသေပေမယ့် ခေါင်းမှာတော့ဒဏ်ရာအကြီးအကျယ်ရသွားတယ် အဲ့ဒါကြောင့်လဲ မင်းအဖေ ငါ့ကိုပိုမုန်းသွားတာဖြစ်မယ်"
" ဒါပေမယ့် ခင်ဗျားက ကျွန်တော့်အသက်ကိုကယ်ခဲ့တာလေ"
" မဟုတ်ဘူး ဒီလိုဖြစ်လာရတာတွေအား လုံးကငါ့ကြောင့်ပဲ ငါက မင်းကိုအဲ့ဒီနေရာကိုခေါ်သွားခဲ့မိတာ မင်းအဲဒီနေရာကိုသွားလို့မရမှန်းသိသိကြီးနဲ့ကို ထပ်ခါထပ်ခါခေါ်သွားခဲ့မိတာ မင်းအတွက်မကြည့်ပဲ ငါစိတ်ပျော်ဖို့ တစ်ခုတည်းအတွက်နဲ့ မင်းကိုအန္တရယ်ထဲတွန်းပို့ခဲ့မိတာ ငါကမင်းအ တွက်ဒုက္ခတွေပဲပေးခဲ့တဲ့ကောင်ပါ ဘယ် တုန်းကမှလဲ မင်းအပေါ်ကောင်းကျိုးမပေးခဲ့ဘူး"
" အရင်ဘဝမှာ ရောပဲလား "
စောလူ ဘာမှပြန်မပြောပဲ ထင်သာရဲ့မျက် လုံးတွေကိုသာစိုက်ကြည့်နေသည်။
" သြော်...ကျွန်တော်မေ့နေတာ ခင်ဗျားပြောခဲ့တာပဲ အရင်ကဖြစ်ခဲ့တာတွေကအ ရေးမကြီးတော့ဘူး ဒီဘဝမှာဘာဆက်ဖြစ်မလဲဆိုတာပဲ အရေးကြီးတာဟုတ် လား"
" ဟုတ်တယ်"
" ဟုတ်ပြီ ဒါဆိုအရင်က ဖြစ်ခဲ့တာတွေအားလုံးကို မေ့လိုက်တော့ ကျွန်တော်တို့ရှေ့ဆက်ပြီး ဘာဆက်လုပ်မလဲဆိုတာပဲတွေးကြရအောင် ဟုတ်ပြီလား"
" အင်း... ဘာဆက်လုပ်ရမလဲဆိုတာက တော့ ငါတွေးထားပြီးသားပါ"
" ဘာလဲ"
" အခုပြောဖို့အချိန်မတန်သေးဘူး ဒါပေမယ့်...ငါ့ရဲ့အတွေးတွေအားလုံးက မင်းနဲ့ငါနှစ်ယောက်တည်းအတွက်ပဲ"
..............................................
ထင်သာ ဘားအံသို့ ပြန်ရောက်လာခဲ့ပြီဖြစ်၏။
ပြန်ရောက်ရောက်ချင်း နွယ်နီထံသွားတွေ့သည်။ နွယ်နှင်းက သူ့ကိုတွေ့လိုက်ရတော့ ပျော်သလိုရှိသွားပေမယ့် စိတ်ဆိုးတဲ့ အမူအရာအဖြစ်သို့ ချက်ချင်းပြောင်းသွားသည်။
" ကို့ကိုစိတ်ဆိုးနေတာလား ကိုတောင်းပန်ပါတယ်ကွာ ကိုလဲဟိုမှာ အလုပ်တွေရှုပ်နေတာနဲ့ နှင်းကို ဂရုမစိုက်သလိုဖြစ်သွားတယ်"
" အလုပ်တွေရှုပ်နေတာလား အရှုပ်တွေလုပ်နေတာလား ဖုန်းဆက်တိုင်းဖုန်းမကိုင်ဘူး ကိုင်ပြန်တော့လဲ စကားကို ကောင်း ကောင်းမပြောရဘူး ဘာလဲ...ကိုကအနေဝေးလို့ သွေးအေးသွားတာလား"
ထင်သာ သူမရဲ့လက်အစုံအားကိုင်လိုက်ပြီး
" မဟုတ်ပါဘူးနှင်းရာ... ကိုတကယ်တောင်းပန်ပါတယ်ကွာ နော်"
သူမ ဘာမှပြန်မပြော
" နှင်း ကိုတကယ်တောင်းပန်ပါတယ်ကွာ..."
" ပြီးရော ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ်"
သူမဆီက ခွင့်လွှတ်မှုကို ရပြီးသည်နှင့် သူတို့နှစ်ယောက် မြို့ထဲမှ ကော်ဖီဆိုင်တစ်ခုသို့ထွက်လာခဲ့ကြသည်။
သူမနဲ့ပြန်အဆင်ပြေသွားပေမယ့် သူ့စိတ်တွေက လန်းဆန်းမနေပါ။တစ်စုံတစ်ခုကသူ့အတွေးထဲဝင်ပြီး နှောက်ယှက်နေတယ်။ ရွာက ပြန်ထွက်လာတဲ့ အချိန်က တည်းက သူ့အနားမှာတစ်ခုခုက ကပ်ပါလာတယ်လို့ခံစားမိတယ်။
" ကို"
သူမ သူ့ရဲ့လက်အားကိုင်ပြီးခေါ်လိုက်တော့မှပဲ ထင်သာ အသိပြန်ဝင်လာသည်။
" ဟင် ဘာလဲနှင်း"
" နှင်းခေါ်နေတာ အကြိမ်မနည်းတော့ဘူးကို ဘာတွေတွေးနေတာလဲ စိတ်နဲ့ လူနဲ့မကပ်သလိုပဲ"
" မဟုတ်ပါဘူးကွာ ဒီအတိုင်းအလုပ်ကိစ္စစဥ်းစားနေတာ"
" ကို ဘာသောက်မှာလဲ"
" နှင်း အဆင်ပြေတာပဲ မှာလိုက်ပါ"
" Espresso တစ်ခွက်နဲ့ affogato တစ်ခွက်ပေးနော်"
waiter ကောင်လေးထွက်သွားသည်နှင့်သူက ထင်သာရဲ့လက်အားအသာအယာကိုင်လိုက်ပြီး
" နှင်းတို့လက်ထပ်ဖို့ကိစ္စရော ကိုဘယ်လိုစဥ်းစားထားလဲ"
" အခုလောလောဆယ်တော့ ကိုဘာမှမစဥ်းစားရသေးဘူး နှင်းစိတ်ချပါ ကိုအ ကောင်းဆုံးဖြစ်အောင်ကြိုးစားပါ့မယ်"
နွယ်နှင်း ဆုပ်ကိုင်ထားတဲ့ သူမရဲ့လက်တွေကို ဖယ်ခွာလိုက်ပြီး
" နှင်းဘက်က အတင်းမတိုက်တွန်းပါဘူးကို့ဘက်က လက်မထပ်ချင်သေးဘူးဆိုရင်လဲ သဘောပါ"
" အဲ့လိုမဟုတ်ပါဘူးကွာ ကိုနှင်းနဲ့ လက် ထပ်ချင်တာပေါ့ အခုချိန်ကအဆင်မပြေသေးလို့ပါ ကိုတို့လက်ထပ်ပြီးလို့ ကိုကမိသားစု တာဝန်တွေကို မထမ်းဆောင်နိုင်ရင် ကိုတို့နှစ်ယောက်စလုံးစိတ်ညစ်ရမှာ"
" အင်း..."
သူမခေါင်းသာညိတ်လိုက်ပြီး ဘာမှဆက်မပြောတော့ပဲ waiterကောင်လေး လာချပေးမယ့် ကော်ဖီကိုသာ စောင့်နေလိုက်သည်။
••••••••••••••••••••••••••••••••••••••••••
ဒီနေ့ဆို ဘားအံပြန်ရောက်တာ သုံးရက်ရှိပြီ။ စောလူနဲ့လဲ ဘာအဆက်သွယ်မှမရ သူ့ဖုန်းနံပါတ်တောင် မယူထားမိဘူး အဲ့ကောင်က ဖုန်းရောသုံးရဲ့လားတောင်မသိပါဘူး။
ထင်သာ အိမ်မှာ လိုအပ်တဲ့ပစ္စည်းတစ်ချို့ဝယ်ရန် city martတစ်ခုရှေ့တွင် ကားကိုရပ်လိုက်သည်။
ဆိုင်ထဲဝင်ပြီး အသုံးအဆောင်ပစ္စည်းတစ်ချို့ရှာနေစဥ်မှာပဲ ဆိုင်ထဲမှာတွေ့လိုက်ရတဲ့လူတစ်ယောက်ကြောင့် သူ့ကိစ္စကိုခဏထားလိုက်ပြီး ထိုလူထံသို့ လျှောက်သွားလိုက်သည်။
" ဟန်ထူး"
" ကိုထင်ပါလား ဈေးလာဝယ်တာလား"
" ဟုတ်တယ် မင်းရောအခုဘာတွေလုပ်နေလဲ"
" ကျွန်တော်အခု ဖုန်းဆိုင်တစ်ခုမှာအလုပ်ဝင်နေတယ်"
" သြော်...အဆင်ပြေတယ်မလား"
" ဒီလိုပဲပေါ့ အကိုရာ..."
သူ့နာမည်က ဟန်ထူး သူကသစ်သုံးခွရွာအနီး မန်ကျည်းတောရွာကပါ။ထင်သာ နဲ့ဘားတစ်ခုမှာတွေ့ပြီးသိခဲ့ကြတာ။
ကောင်လေးက စိတ်ရင်းကောင်းတယ်။ထင်သာ ဘားတစ်ခုမှာ လူတစ်စုနဲ့ပြဿ နာ ဖြစ်တော့ ထိုကောင်လေးက ထင်သာဘက်က ဝင်ပြီးကူညီပေးဖူးတယ်။
" ဟန်ထူး...အခုအချိန်ရလား ကိုယ်တို့တစ်ခုခုသောက်ရင်းနဲ့ စကားပြောရ အောင်"
" ရပါတယ် အကို"
" အိုကေ"
ထင်သာ ဝယ်စရာရှိတာဝယ်ပြီး ဟန်ထူးနဲ့အတူတူ စားသောက်ဆိုင်တစ်ခုသို့ကားကိုမောင်းလာခဲ့သည်။ ဘီယာနဲ့ အမြည်းတစ်ချို့မှာပြီးတော့ ထင်သာဘက်ကပဲ စကားစလိုက်သည်။
" ဟန်ထူး ရွာကိုပြန်ဖြစ်သေးလား"
" ပြန်ဖြစ်တယ် ကျွန်တော်ဒီကို ပြန်ရောက်တာ ငါးရက်လောက်ပဲရှိဦးမယ်"
ဟန်ထူး စကားပြောပုံက အသက်မဲ့နေတယ်။ မျက်နာကလဲ မှိုင်တွေနေပြီး သူ့စိတ်က တစ်ခြားနေရာသို့ရောက်နေပုံပဲ။
" ဟုတ်လား ရွာက မိသားစုတွေရော အ ဆင်ပြေရဲ့လား"
" ပြေပါတယ် သူတို့ကအေးဆေးပဲ"
" အင်း... အစ်ကိုတစ်ခုလောက်မေးမယ်နော် ဟန်ထူးမဖြေချင်လဲရပါတယ်"
" ဟုတ်"
" ဟန်ထူးမှာ အခုပြဿနာတစ်ခုခုရှိနေတာလား အစ်ကို့ကို ပြောပြလို့ရရင် ပြောပြလေ အစ်ကိုကူညီနိုင်တာရှိရင်ကူညီပေးမယ်"
ဟန်ထူးပြုံးလိုက်သည်။ သို့ပေမယ့်လဲအပြုံးတွေမှာ အသက်မပါလှ။
" အစ်ကို မကူညီပေးနိုင်ပါဘူး"
" ဘာဖြစ်လိုလဲ ဟာ...ဟန်ထူး မင်း...မင်းလူသက်ခဲ့တာလား"
" ဟား....."
ထင်သာကရွှတ်နောက်နောက်နဲ့ ပြောလိုက်တော့ ဟန်ထူးဇော် သဘောကျကာ ရယ်လိုက်သည်။
" အစ်ကိုကလဲဗျာ...မဟုတ်ပါဘူး"
" ဒါဆိုဘာလဲ မိန်းမကိစ္စလား သြော်...ငါကလဲ တုံးလိုက်တာ မင်းကအသဲကွဲနေတာပဲ"
" ဟုတ်တယ် အသဲကွဲနေတာ ဒါပေမယ့်မိန်းမကိစ္စတော့မဟုတ်ဘူး"
" ဟင် ဘယ်လိုကြီးလဲကွ"
ထိုအချိန်မှာပဲ waiterကောင်လေး ဘီယာနှင့် အကင်တစ်ချို့လာချပေးသည်။
waiter ကောင်လေးထွက်သွားသည်နှင့်
" ကျွန်တော် ယောကျာ်းတစ်ယောက်ကိုချစ်မိနေပြီ"
ဟန်ထူး ပြောပြီး ဖန်ခွက်ကိုစောင်းကာဘီယာကို ငှဲ့ထည့်လိုက်ရင်း
" ကျွန်တော့်ကို အထင်သေးသွားလား"
" မဆိုင်ပါဘူး ဒါကအထင်သေးစရာကိစ္စမှမဟုတ်တာ"
" မသိဘူးလေ အစ်ကိုက ဘာမှမပြောပဲအသံတိတ်သွားတော့ ကျွန်တော်ထင်တာ..."
" ငါက အဲ့လို လူစားမျိုးမဟုတ်ပါဘူး လူတစ်ယောက်နဲ့ တစ်ယောက်ချစ်တာကယောကျ်ားမိန်းမခွဲခြားနေဖို့မှမလိုတာ ကိုယ့်နှလုံးသားကရွေးချယ်တဲ့သူကို...ချစ်ရမှာပဲ"
ဘာဖြစ်လို့ ဒီလူအကြောင်းကို တွေးနေမိပါလိမ့်။ ထင်သာ ထိုစကားပြောနေရင်းစောလူဆိုတဲ့လူက အတွေးထံရောက်လာတယ်။
" ကျွန်တော့်ကို နားလည်ပေးလို့ အစ်ကို့ကိုကျေးဇူးတင်ပါတယ်"
ထင်သာက ဟန်ထူးထည့်ပေးထားတဲ့ ဘီ ယာခွက်အား မော့သောက်လိုက်ပြီး
" မင်းကောင်လေးက ဘားအံကပဲလား"
" အင်း ဟုတ်တယ် ဒါပေမယ့် ကောင်လေးမဟုတ်ဘူး သူက ကလေးအဖေ"
" ဟင်..."
" ဟုတ်တယ် သူ့မှာသမီး တစ်ယောက်ရှိတယ် ဒါပေမယ့်အိမ်ထောင်မရှိဘူး သူကတစ်ခုလပ် မိန်းမနဲ့ ကွာရှင်းထားတာ"
" ဒါဆို...မင်းတို့အခုအဆင်ပြေရဲ့လား"
" ကျွန်တော့်ပုံစံက အဆင်ပြေတဲ့ပုံပေါက်နေလို့လား"
ဟန်ထူး ဘီယာကို တစ်ကျိုက်ထဲမော့သောက်ချလိုက်သည်။
" သူ့ဘက်က မင်းကို ပြန်မချစ်လို့လား"
" သူကတော့ ချစ်တယ် ပြောတာပဲဗျာ ဒါပေမယ့် ကျွန်တော် သူ့အချစ်တွေကို မခံ စားရဘူး ကျွန်တော်နဲ့ သူ့သမီးနဲ့ယှဥ်လိုက်ရင် ကျွန်တော်က ဒုတိယနေရာမှာပဲ"
မိဘနဲ့သားသမီးကြားကကိစ္စနဲ့ ပတ်သက်လာတော့ ထင်သာ ဘာမှဝင်မပြောလိုပါဘူး။ ဒါကို မိဘနေရာကို ရောက်သွားတဲ့သူတွေပဲ နားလည်လိမ့်မယ်။
" ကျွန်တော်နားလည်ပါတယ် အဖေတစ်ယောက်အနေနဲ့ သားသမီးကို ဦးစားပေးရမယ်ဆိုတာ ကျွန်တော်နားလည်တယ် ဒါပေမယ့်ဗျာ...အခုဟာက သူ့သမီးနဲ့ပတ် သက်လာရင် ကျွန်တော်က မရှိတော့သလိုပဲ"
ဟန်ထူး နောက်ထပ်ပုလင်းထဲက ဘီယာကို ထပ်ငှဲ့လိုက်ပြန်သည်။ ပြီးတော့ တစ်ကျိုက်မော့သောက်ရင်း
" ကျွန်တော် သူ့ကိုလမ်းခွဲလိုက်တော့မယ်"
" မင်းသေချာရဲ့လား"
ဟန်ထူး ခဏငြိမ်သက်နေပြီး
" သေချာတာပေါ့ ဘာလို့ မသေချာရမှာလဲ သူနဲ့ ထပ်ပြီးပတ်သက်နေလဲ ကျွန်တော်စိတ် ဆင်းရဲနေရုံပဲရှိမှာအဲ့ဒီတော့ ကျွန် တော် တို့ စောစောလမ်းခွဲလိုက်တာပဲကောင်းပါတယ်"
" မင်းဘက်က သေချာရင်ပြီးတာပါပဲ ဒါက မင်းတို့ကိစ္စဆိုတော့ အစ်ကိုက ဘာမှ မပြောတက်ဘူး"
ဟန်ထူး ဘီယာကို မော့သောက်လိုက်ပြန် သည်။
" ကျွန်တော် အခုပဲ သူ့အိမ်ကိုသွားမှာ အစ် ကိုကျွန်တော့်ကို လိုက်ပို့ပေးလို့ရလား"
" အစ်ကိုက လိုက်ပို့လို့ရပါတယ်မင်းဘက်က သေချာရော ဆုံးဖြတ်ပြီးပြီလား"
" သေချာတာပေါ့ လုံးဝသေချာတယ်"
•••••••••••••••••••••••••••••••••••••••••
ဟန်ထူးပြောတဲ့ လိပ်စာအတိုင်း ထင်သာကားကို မောင်လာခဲ့လိုက်တယ်။
" အဲ့ဒီရှေ့မှာ ရပ်လိုက်အစ်ကို"
ဟန်ထူးပြောတဲ့နေရာ၌ ကားကိုရပ်လိုက်သည်။
" ဒီအိမ်လား ဒါက..."
ဒါက နွယ်နှင်းရဲ့အစ်ကိုအိမ်ပဲ ဟန်ထူး ကားပေါ်ကဆင်းပြီး ခြံတံခါးအားဖွင့်လိုက်သည်။ သို့သော် တံခါးကမပွင့်
" ဒုန်း!...၊ဒုန်!...ဒုန်!..."
တံခါးကိုဖွင်မရတော့ လက်တီးဆုပ်ကာတံခါးကို ခပ်ပြင်းပြင်းနဲ့ထုနေတော့သည်။
မကြာပါ လူတစ်ယောက် တံခါးလာဖွင့်တယ်။ ထိုလူကနွယ်နှင်းရဲ့ အစ်ကိုဖြစ်သူ၊ကို'မင်းညို'သာဖြစ်သည်။
" ညီ...ဘယ်လိုဖြစ်တာလဲဘာဖြစ်လို့တံခါးကိုအဲ့ဒီလောက်ထုနေရတာလဲ"
" ကျွန်တော်တို့ လမ်းခွဲရအောင်"
ဟန်ထူးပြောလိုက်ပေမယ့် မင်းညိုမှာအံ့သြသွားပုံမပေါ်
" လာ အိမ်ထဲဝင်ခဲ့"
" ကျွန်တော်အိမ်ထဲဝင်ဖို့ လာတာမဟုတ်ဘူး ခင်ဗျားနဲ့ ကိစ္စအပြတ်ရှင်းချင်လို့လာတာ"
" ဘာကိစ္စကိုလဲ..."
" ကျွန်တော် ခင်ဗျားနဲ့လမ်းခွဲမယ်ပြောနေတာ မကြားဘူးလား"
" ကြားတယ်လေ အဲ့တော့ကိုက ဘာလုပ်ရမှာလဲ"
" ဘာလုပ်ရမှာလဲခင်ဗျားဘက်ကသဘော တူ ပေးရမယ်လေ"
မင်းညို ဘာမှပြန်မပြောပဲ ကားရှိရာသို့လျှောက်လာသည်။ ကားနားရောက်တော့ထင်သာ ကားတံခါးမှန်ကို ချလိုက်သည်။
" ထင်သာပါလား"
" ကိုမင်းညို"
ထင်သာ ကားပေါ်ကဆင်းရန်ပြင်လိုက်သည်။
" မဆင်းနဲ့ထင်သာ ငါ့ညီပြန်လိုက်တော့"
" ဗျာ..."
ထင်သာ ဟန်ထူးရှိရာသို့ တစ်ချက်ကြည့်လိုက်သည်။
" သူ့ကို ထားခဲ့လိုက်တော့"
" သြော်... ဟုတ်ကဲ့ ဒါဆို...ကျွန်တော်ပြန်လိုက်ဦးမယ်နော်"
" ခဏနေဦး မင်း...သူနဲ့ငါ့အကြောင်းသိပြီးလောက်ရောပေါ့"
" စိတ်ချပါကိုမင်းညို ကျွန်တော်ဘယ်သူ့ကိုမှမပြောပါဘူး"
" အင်း ငါမင်းကိုယုံပါတယ်"
" ဒါဆို ကျွန်တော့်ကိုခွင့်ပြုပါဦး"
ထင်သာ ကားမောင်းထွက်သွားတော့ မင်းညို ဟန်ထူးရဲ့လက်ကိုဆွဲကာ ခြံထဲသို့ဝင်ခဲ့လိုက်သည်။
တော်သေးတယ်။ သမီးဖြစ်သူက အိမ်မှာမရှိလို့ မနက်ကတည်းက သူ့တီတီလေးလာခေါ်သွားတာ
" ကျွန်တော့်လက်ကို လွှတ်"
မင်းညို အတင်းရုန်းနေတဲ့ဟန်ထူးရဲ့လက်အားလွှတ်ပေးလိုက်သည်။
" ညီ ဘာဖြစ်နေတာလဲ"
" ကျွန်တော်ခင်ဗျားနဲ့ လမ်းခွဲချင်တယ်"
" ဘာကြောင့်လဲ ဘာကြောင့်လမ်းခွဲချင်ရတာလဲ"
" အစ်ကိုကမှ ကျွန်တော့်ကို တကယ်မချစ်တာ"
" ဘာဖြစ်လို့ အဲ့ဒီလိုထင်ရတာလဲ"
" ထင်တာမဟုတ်ပါဘူး အစ်ကို ကျွန်တော့်ကို မချစ်တော့တာ သေချာနေတာပဲလေ"
မင်းညို ဟန်ထူးရဲ့လက်အား ဆုတ်ကိုင်လိုက်ပြီး
" ကိုယ် မင်းကိုချစ်တာပေါ့ကွာ ကိုယ်မင်းကိုအရမ်းချစ်တာပေါ့ အခု ညီဘယ်လိုခံ စားနေရလဲဆိုတာ အစ်ကိုနားလည်တယ်ပြီးတော့...အစ်ကို့ခံစားချက်တွေကိုလဲ ညီ့ကို နားလည်စေချင်တယ် ညီနဲ့ သမီးလေးရဲ့ကြားထဲမှာ အစ်ကိုဘယ်လောက်တောင်ဗျာများနေရလဲဆိုတာ သိလား"
" ဘာပဲဖြစ်ဖြစ် ကျွန်တော်က အချိန်တန်ရင် ထွက်သွားပေးရမယ့်သူပဲ"
" အစ်ကိုနှစ်ယောက်စလုံးကို ရွေးချယ်နိုင်ဖို့ကြိုးစားနေပါတယ်ကွာ... တစ်ယောက်ကြောင့် တစ်ယောက်ကို စွန့်လွှတ်လိုက်ရတာမျိုးလဲမဖြစ်စေချင်ဘူး"
" အစ်ကို...ကျွန်တော်အခုပြောနေတာကတစ်ယောက်ယောက်ကို ရွေးချယ်ခိုင်းနေတာမဟုတ်ဘူးနော် အစ်ကို ကျွန်တော့်ကိုလူရှေ့ချပြစရာလဲမလိုဘူး ကျွန်တော်တို့ပတ်သက်မှုကို အစ်ကို့မိသားစုကို ပြောပြဖို့လဲမမျှော်လင့်ဘူး ကျွန်တော်လိုချင်တာအစ်ကို့ဆီကအချစ်တစ်ခုပဲ ကျွန်တော်အ ချစ်ခံရတဲ့လူတစ်ယောက်ပဲ ဖြစ်ချင်တာပါ"
မင်းညို ဟန်ထူးဇော်အား ရင်ခွင်ထဲထွေးပွေ့လိုက်သည်။
" ကိုယ်မင်းကို တကယ်ချစ်ပါတယ်"
" ချစ်တယ်ဆိုတဲ့စကားကတော့ ပါးစပ်ပါတဲ့ သူတိုင်းပြောတက်တာပေါ့ဗျာ"
" စိတ်ချပါ ဒီနေ့ကစပြီးအစ်ကိုညီ့ကိုမချစ်တော့ဘူးဆိုတဲ့ အတွေးမျိုး မတွေးစေရတော့ဘူး"
ဟန်ထူးတစ်ယောက် မင်းညိုရဲ့ရင်ခွင်၌ မျက်နာကို အပ်ထားလိုက်သည်။
ဆက်ရန်
---------------------------------------------------
Note: ထုံးစံအတိုင်း ကျွန်တော့် စာတွေ မတင်ဖြစ်သေးခင် စာဖတ်သူသူငယ်ချင်းတွေ မပျင်းရအောင် အခြားသော စာရေးသူတွေရေးတဲ့စာကို ကူးတင်ပေးတာပါ။
No comments:
Post a Comment