Friday, November 11, 2011

အကြင်နာ တကယ်စစ်ရင်

မည်သည့်ဝန်ထမ်းကိုမှ ဘယ်တုန်းကမှ မပေးခဲ့ဖူးတဲ့ အခွင့်အရေးတွေ၊ ပြီးတော့ အခြေအနေ အသစ်တွေကို ဒီကလေးကိုကြမှ ဘာကြောင့်များ ပေးနေမိပါလိမ့်လို့ ပြောခဲ့တဲ့ စကားတွေ တော်တော်ကျွံသွားမှ မိမိကိုယ်ကို သတိထားလိုက်မိတယ်။

The Myanmar Express News လို့ အမည်ပေးထားတဲ့ Media အုပ်စုကြီးတစ်ခုရဲ့ GM အဖြစ် တာဝန်ထမ်းဆောင်နေသော ကိုဒေးဗစ်၊ အလုပ်ထွက်ပါရစေလို့ လာပြောနေသော Reporter ကောင်လေး တစ်ယောက်အပေါ်မှာ စိတ်တွေယိမ်းယိုင် နေမိပြီလေ။

"အကို ကျွန်တော် အလုပ်မှာ အားလုံးအဆင်ပြေပါတယ်။ ကုမ္ပဏီအနေနဲ့လည်း ဝန်ထမ်းတွေအပေါ် ပေးထားတဲ့အခွင့်အရေးတွေ အားလုံးပြည့်စုံပါတယ်အကို။ ဒါပေမယ့် ကျွန်တော် အဆင်မပြေတော့လို့ပါ"

"ကောင်းပြီလေငါ့ညီ မင်းနည်းပညာအကြောင်းရေးရတာ အဆင်မပြေလို့လား။ ဘောင်ကျဉ်းတယ်လို့ ခံစားရလို့လား။ သတင်းဂျာနယ် ပြောင်းရေးမလား။ အားကစားပြောင်းရေးမလား။ မင်းဆန္ဒရှိရင် ဘယ်ဌာနမဆို ပြောင်းလို့ရတယ်။ ကို တို့အနေနဲ့လည်း ဝန်ထမ်းတွေ ဒီလိုမျိုးထွက်သွားတာ မဖြစ်စေချင်ဘူး။ ကို စီစဉ်ပေးလို့ ရပါတယ်"

HR Department ကနေတင်ပေးလိုက်တဲ့ reassign ဖောင်မှာ GM လက်မှတ်ထိုးပေးလိုက်ရုံသာ။ ဒါပေမယ့် ဘာအကြောင်းကြောင့်နဲ့မှ အဲဒီကလေးကို အလုပ်မထွက်စေချင်တာ အမှန်ပဲ။

အင်တာဗျူးစခေါ်တဲ့ နေ့ကတည်းက သတိထားမိနေတယ်။ အင်တာဗျူးခံရဖို့ ကိုယ့်အလှည့်ကို စောင့်ဆိုင်းနေတဲ့ အဲ့ကလေး အလွန်ဆုံးရှိလှ သူ့အသက် ၂၂ ပေါ့။ အင်တာဗျူးလာဖြေတဲ ပုံစံမျိုးမဟုတ်ပဲ သူငယ်ချင်းတွေစုပြီး လက်ဘက်ရည်ဆိုင်ထွက်တဲ့ ဖက်ရှင်မျိုး။ တီရှပ်ခပ်နွမ်းနွမ်းနဲ့ ဂျင်းဘောင်းဘီ အရောင်ဖျော့ဖျော့ ပြီးတော့ အမှတ်အရဆုံးက အဲဒီကလေးရဲ့ ဘယ်ဘက်ပါးပေါ်က ပါးချိုင့်လေး။ ပြီးတော့ ခပ်နွမ်းနွမ်း အဝတ်အစားအောက်က စနစ်တကျ အချိန်ယူပုံသွင်းထားတဲ့ သူ့ကိုယ်လုံးကိုယ်ပေါက်။ ထိုအချိန်က ကိုဒေးဗစ် ကိုယ့်ဖာသာတွေး ကိုယ့်ဖာသာပြုံးပြီး ဘာရယ်မသိတဲ့ ခံစားချက်တစ်ခု ဖြစ်ဖူးခဲ့တာပဲလေ။

ဒါတောင် သူ့နာမည်ကို ကြားဖြစ်အောင် ကြားလိုက်သေးတယ်။

"ကိုမိုးငယ် လူတွေ့စစ်ဆေးရန် ကြွပါရှင်"

ရုံးတွင်း Sound System မှ တိုးတိုးလေး ဖိတ်ခေါ်လိုက်တဲ့ အသံပါ။ ဧည့်ခန်းရဲ့ မျက်စောင်းထိုးနေရာမှာရှိတဲ့ ကိုဒေးဗစ်ရဲ့ ရုံးခန်းမှ ဧည့်ခန်းအပါအဝင် ဌာနတိုင်းကိုမြင်နိုင်သော နေရာပုံစံ ဖွဲ့စည်းထားသဖြင့် လှုပ်ရှားမှုတိုင်း အားလုံးကို မြင်နေရသည်။

မိုးငယ်-- မိုးငယ်-- သူ့မိဘတွေက သူတို့သားလေးကို ရုပ်လေးနဲ့လိုက်အောင် နာမည်ပေးတတ်လိုက်ကြတာ။ ထိုနေ့က မှတ်မှတ်ရရပင် မိုးငယ်ဆိုသော နာမည်လေးကို မှတ်ထားလိုက်မိသည်။

"ဟုတ်ပါပြီကွာ ငါ့ညီမင်းအလုပ်ကထွက်ပြီး ဘာလုပ်မှာလဲ။ အခြားအလုပ်တစ်ခု ဝင်မှာလား။ ဒါမှမဟုတ် နိုင်ငံခြားသွားမှာလား။ မင်းအေးအေးဆေးဆေး စဉ်းစားပြီးမှ ဖြေပါ။ ကိုယ်က ပုဂ္ဂိုလ်ရေးသဘောအရ မေးတာပါ"

"ကျွန်တော် ကလောကို ပြန်မှာပါအကို။ ကျွန်တော်ဝါသနာပါတာကို မဟုတ်ပဲ မိသားစုအတွက် အလုပ်လုပ်ပေးရမယ့်အချိန် ရောက်နေလို့ပါအကို။ တကယ်ကို မတတ်နိုင်လို့ပါ"

အင်တာဗျူးအဖွဲ့ကနေ ရွေးချယ်ပြီး အတည်ပြုပေးဖို့ စားပွဲပေါ် လာတင်ထားပေးတဲ့ CV ဖောင်တစ်ထပ်ကြီးကို ရုံးရောက်ရောက်ချင်း စားပွဲပေါ်မှာ တွေ့လိုက်ရတော့ မနက်အိပ်ယာထကတည်းက မူးနောက်နောက် ဖြစ်နေတဲ့ ကိုဒေးဗစ်တယောက် ပိုပြီးမူးလာသလားလို့ ခံစားလိုက်ရတယ်။

ဟာ-- လို့ ပါးစပ်နေ အသံထွက်သွားအောင်အထိ ရေရွတ်လိုက်မိရင်း CV တစ်ထပ်ကြီးထဲကနေ နာမည်တစ်ခုကို အသည်းအသန် ရှာနေမိတယ်။ ပြီးတော့ အဲ့နေက ဘယ်တော့မှ မလုပ်ဖူးခဲ့တဲ့ အလုပ်တွေကို ဆက်တိုက်လုပ်လိုက်မိတယ်။ အဲဒီ ကလေးရဲ့ အရည်အသွေးစစ် ရလဒ်စာရွက်ကို တစ်စက်လေးတောင် မကြည့်ပဲ အလုပ်ခန့်ဖို့အတွက် လက်မှတ်ထိုး အတည်ပြုလိုက်ပြီးသား ဖြစ်သွားတယ်။

ပြီးတော့ သူ့ရဲ့ personal profile ထဲကနေ သူ့မွေးနေ့နဲ့ သူ့ Gmail လိပ်စာကို ဘာကြောင့်မှန်းမသိ အလွတ်ကျက်ထားလိုက်မိတယ်။ တစ်ချက်ပြုံးလိုက်မိပြီး တစ်မနက်လုံး ခံစားနေရတဲ့ ခေါင်းမူးခြင်းဝေဒနာက ကိုယ်နဲ့ မသက်ဆိုင်တော့သလို ပြီးတော့ ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူးဆိုတဲ့ ကျေနပ်ပြုံး ပြည့်စုံခြင်းဆိုတာကိုတွေကို ကိုဒေးဗစ်ရဲ့ ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ ခံစားလိုက်ရတော့တယ်။

"ကောင်းပါပြီကွာ မင်းကို မတားတော့ပါဘူး။ ဒါပေမယ့် ရုံးမှာတာဝန်ကျေခဲ့တဲ့ ဝန်ထမ်းတစ်ယောက် ဖြစ်တဲ့အတွက် ကြိုက်တဲ့အချိန် ပြန်လာပါ။ ပြီးတော့ အကူအညီလိုရင်လဲ ကိုယ့်ဆီကဖြစ်ဖြစ် ကုမ္ပဏီကပဲဖြစ်ဖြစ် တောင်းနိုင်ပါတယ်"

"ကျေးဇူးတင်ပါတယ်အကို။ ကျွန်တော့်မှာ မိသားစုကိစ္စတင်မဟုတ်ပဲနဲ့ ဒီမှာဆက်နေလို့ မရချင်လောက်အောင် ဖြစ်နေတဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုလဲ ရှိနေလို့ပါအကို။ အဲဒီဟာကတော့ ပြောပြလို့ မဖြစ်လို့ပါ။ ဘာပဲပြောပြော ကျွန်တော် အားလုံးအတွက် ကျေးဇူးတင်ပါတယ်"

ကိုဒေးဗစ် အတွေးတွေက လွန်ခဲ့သော လများဆီသို့။ အလှဆင်ထားတဲ့ မီးရောင်တွေအောက်မှာ ဖက်ရှင်မျိုးစုံကို အလှပဆုံးဖြစ်အောင် ဝတ်ဆင်ထားကြတဲ့ ကိုဒေးဗစ် တို့ရဲ့ဝန်ထမ်းများ The Myanmar Express News ကုမ္ပဏီကြီးရဲ့ Staff party ညကိုကြည့်ရင်း ကိုဒေးဗစ်တစ်ယောက် ဝမ်းသာကျေနပ်နေမိတယ်။ ပြီးတော့ ဝန်ထမ်းတွေကြားမှာ တစ်စုံတစ်ယောက်ကိုလည်း ရှာနေမိတယ်။ အဲဒီကလေး မလာဘူးလား လာရင်ရော အခြားဝန်ထမ်းတွေလို ဖက်ရှင်တွေထွင်ပြီး ဝတ်လာမှာလား။ တွေးသာတွေးရတာ အဲဒီကလေးကို အဝတ်အစားအကောင်းဝတ်တာ တစ်ခါမှ မမြင်ဖူး။ ဘာပဲဖြစ်ဖြစ် လာလောက်ပါတယ်လေလို့ တွေးမိတာပါပဲ။

အားလုံးနေရာယူကြပါလို့ အစီအစဉ်ကြေညာသူရဲ့ ပြောလိုက်တဲ့အသံအဆုံးမှာ ကိုဒေးဗစ် သတ်မှတ်နေရာမှာ ဝင်ထိုက်လိုက်တယ်။ အာရုံတွေက ကိုဒေးဗစ်ဆီကို တစ်ခုမှမလာ။ အစီအစဉ်ကြေညာသူက MD ရဲ့ မိန့်ခွန်းပြောပေးဖို့အတွက် စင်မြင့်ပေါ်ကို ဖိတ်ခေါ်နေတဲ့အသံကိုလည်း ကိုဒေးဗစ်တယောက် ဘာမှမကြားလိုက်မိပဲ ကောင်လေးကိုပဲ မျှော်နေမိတယ်လေ။ မိမိဘေးမှ ဌာန မှူးတစ်ယောက်က ဆရာ့ကို စကားပြောပေးဖို့ ခေါ်နေပြီဆိုမှ သတိပြန်ဝင်လာမိတယ်။

တာဝန်တစ်ခုလို့ သတ်မှတ်ပြီး စင်ပေါ်က သတ်မှတ်နေရာမှာရပ်ရင်း ဝန်ထမ်းတွေကို ကျေးဇူးတင်ကြောင်း စပြောမိသည်။ ဘုရားရေလို့ အသံမထွက်မိအောင် အမြန်ထိန်းလိုက်ပြီး ခန်းမရဲ့ ဟိုးအနောက်မှာ မတ်တပ်ရပ်ပြီး နားထောင်နေတဲ့ အဲဒီကလေး ဘယ်တုန်းက ရောက်နေပါလိမ့်။

ကိုယ်ကျပ် စွပ်ကျယ်အဖြူလေးနဲ့ အောက်က ပေါင်နဲ့ခြေသလုံးသားတွေရဲ့ အတွင်းသားတွေထိ မြင်နိုင်လောက်တဲ့ အစုတ်အပြဲ ဖာရာတွေ ပြည့်နေတဲ့ ဂျင်းဘောင်းဘီ။ ပြီးတော့ အဲ့ကလေးပုခုံးမှာ လွယ်ထားတာ ဘာပါလိမ့်။ ဂစ်တာအိတ်လေးပါလား။ ဒါဆိုသူက ဖျော်ဖြေရေး အစီအစဉ်မှာ ပါဦးမှာပေါ့။

ကိုဒေးဗစ် တစ်ယောက် ဒီညဟာ ငါ့ဘဝအတွက် ပြီးပြည့်စုံတဲ့ညလို့ သတ်မှတ်လိုက်မိသည်။ အခြားအစီအစဉ်တွေကို စိတ်မဝင်စားတော့ပဲ အဲဒီကလေး နာမည်ခေါ်မယ့် အချိန်ကိုပဲ စောင့်နေမိသည်။

နောက်ဆုံးမှာ ကိုမိုးငယ်ကို စင်မြင့်ပေါ်ကို ဖိတ်ခေါ်ပါတယ်ရှင်ဆိုတဲ့ အစီအစဉ်ကြေညာသူရဲ့ အသံကိုကြားလိုက်တော့ နောက်ဆုံးမှ သူ့နာမည် ခေါ်သံကြားရသည်။ အဲ့ကလေးစင်ပေါ်ရောက်လာပြီး သူဘယ်လိုမှထင်မထားတဲ့သီချင်းကို ဆိုပြီး နောက်ဘယ်တော့မှ ပြန်မမြင်ရမယ့် အကြည့်နဲ့။

အမျိုးသမီးအဆိုတော် ဆုန်သင်းပါရ်ရဲ့ "အကြင်နာစစ်ရင်" ဆိုတဲ့သီချင်းကို ဂစ်တာတစ်လက်တည်းနဲ့ ကီးတွေ ပြောင်းဆိုရင်း၊ ငါလိုတာ ငါဆွဲတွေးတာပါလို့ တွေးလိုက်ရတဲ့ အဲဒီကလေးရဲ့ အကြည့်။ Stage ရဲ့ အနီးဆုံးစားပွဲဝိုင်းမှာ နေရာယူထားတဲ့ ကိုဒေးဗစ် တို့စားပွဲဝိုင်းကနေကြည့်ရင် အဲဒီကလေးရဲ့ အကြည့်တွေကို သေသေချာချာ မြင်နိုင်ရုံမက သီချင်းမှာ ကီးမြင့်သွားလို့ အော်လိုက်ရင် သူ့လည်ပင်းကပေါ်လာတဲ့ သွေးကြောကောက်ကြောင်းလေးတွေကအစ ကိုဒေးဗစ် မြင်နိုင်တယ်လေ။ အဲဒီကလေး ဘာဖြစ်လို့ အဲဒီသီချင်းကိုဆိုပြီး အဲ့လိုအကြည့်မျိုးနဲ့ ငါ့ကိုကြည့်ရတာလဲဆိုတဲ့ အတွေးတွေနဲ့ အိမ်အပြန်လမ်းမှာ အဲ့ကလေးရဲ့အကြည့်တွေ တစ်လမ်းလုံး ကပ်ပါလာခဲ့တာ ကိုယ့်ကိုယ်ကို အသိဆုံးပဲလေ။

တွေးလက်စ အတွေးတွေကိုဖယ်ပြီး လက်တွေ့ဘ၀ထဲကို လေးလံစွာဖြင့် ကိုဒေးဗစ် ပြန်ဝင်လာခဲ့သည်။

"ငါ့ညီ မင်းပြောတဲ့ personal ကိစ္စ ကိုယ့်ကိုယ် ပြောပြလို့ ရမလားညီ။ ကူညီလို့ရရင် ကူညီရတာပေါ့"

"တောင်းပန်ပါတယ် အကို၊ ကျွန်တော် ပြောပြလို့ မဖြစ်လို့ပါ။ ပြီးတော့ အကိုမှမဟုတ်ပါဘူး ကျွန်တော်ဘယ်သူ့ကိုမှ ပြောပြလို့ ရမှာမဟုတ်ဘူး။ နားလည်ပေးပါဗျာ"

လူမှုရေး ပရဟိတလုပ်ငန်းတွေ ဘက်ကိုလဲ ဦးစားပေးတဲ့ ကိုဒေးဗစ်တို့ ကုမ္ပဏီက "Novel Blood Donation Group" လို့ အမည်ပေးထားတဲ့ သွေးအလှူရှင်အဖွဲ့ရဲ့ သွေးလှူပွဲမှာလဲ အဲဒီကလေး ပါနေပြန်တယ်လေ။ တစ်ဖွဲ့လုံး လှူလို့ပြီးခါနီးမှ အဲဒီကလေး ရောက်လာပြီး သွေးလှူပါရစေလို့ ပြောလာတယ်။

သွေးလှူပြီးတဲ့အချိန်က ညနေခြောက်နာရီ ထိုးလုထိုးခင်။ အချို့ဝန်ထမ်းတွေ ပြန်သွားပြီး လူအနည်းအကျဉ်းသာ ကျန်ခဲ့တဲ့ ကိုဒေးဗစ်တို့အဖွဲ့။ ကျွန်တော်ပြီးပြီလို့ပြောရင်း ဖြူဖတ်ဖြူရော် မျက်နှာနဲ့ အခန်းထဲကထွက်လာတဲ့ အဲဒီကလေး။ ကိုဒေးဗစ် ဘယ်သူမှ အမိန့်ပေးစရာမလိုပဲ အမြန်အဆန်ပဲ အဲဒီကလေးနား ပြေးသွားလိုက်ပြီး ပခုံးနှစ်ဘက်ကို အလိုက်သင့် ထိန်းထားပေးလိုက်တယ်။

"မူးတယ်အကို"လို့ အားကိုးတကြီးနဲ့ ပြောလာတဲ့ အဲဒီကလေးရဲ့အသံ၊ ပြီးတော့ တင်းတင်းကျပ်ကျပ်နဲ့ ကိုဒေးဗစ်လက်ကို ဆုပ်ထားတဲ သူ့လက်ကလေး။

တဝန်ကျ သူနာပြုများရဲ့ ပြုစုမှုဖြင့် ဆေးတစ်လုံးသွင်းရန် လိုအပ်သောကြောင့် အခြားဝန်ထမ်းများကို ပြန်ခိုင်းလိုက်ပြီး အဲဒီကလေးရဲ့ ဌာနမှူးက "ဆရာ ကျွန်တော်စောင့်ပေးပါမယ်" ဆိုတာကိုတောင် လက်မခံပဲ မိမိကိုယ်တိုင် စိတ်ပူပန်စွာနဲ့ စောင့်နေမိတယ်။

ဆေးပိုက်တန်းလန်းနဲ့ အိပ်ပျော်သွားတဲ့ သူ့မျက်နှာကိုကြည့်ရင် လက်ကအလိုလို သူ့နဖူးက ဆံပင်လေးတွေကို သပ်ပေးမိတယ်။ ပြီးတော့ ကိုဒေးဗစ် သတိလက်လွတ် ဖြစ်သွားသည်။ သတိပြန်ဝင်လာတဲ့ အချိန်မှာ သူ့နှုတ်ခမ်းတွေက အဲဒီကလေးရဲ့ နှုတ်ခမ်းတွေနဲ့ တော်တော်ဝေးသွားနေပြီဆိုတာ သိလိုက်ရတယ်။

အဲဒီနေ့က မိမိကိုယ်ကို လက်မခံနိုင်ခြင်း၊ အလိုမကျခြင်းတွေနဲ့ လှည်းတန်းက အဲဒီကလေးနေတဲ့ အဆောင်ရောက်အောင် ကိုဒေးဗစ် လိုက်ပို့ပေးခဲ့သည်။ ကိုယ့်ကိုယ်ကို မှားလားမှန်လား မသိတော့တဲ့ ဆုံးဖြတ်ချက် တစ်ခုကိုချပြီး အဲဒီညက အိပ်ပျော်ခဲ့လား အိပ်မပျော်ခဲ့ဘူးလား ဆိုတာတောင် မိမိကိုယ်ကို မသိခဲ့တော့ပါ။

ဘယ်သူမှ မသိတဲ့ Gmail တစ်ခုကနေ အဲ့ကလေးရဲ့ Gmail ထဲမှာ သူငယ်ချင်းအဖြစ် ဝင်ထားတာ တော်တော်ကြာနေပါပြီ။ သူ့ရဲ့ custom message တွေက အများအားဖြင့်တော့ နိုင်ငံခြားအဆိုတော် Beyonce ရဲ့ Halo သီချင်းထဲမှာ စာသားများဖြစ်ပြီး ဒီနေ့မှာတော့ ထူးထူးခြားခြား "အထီးကျန်ခြင်းတွေက ငါ့ဆီလာတော့မလို့လား" တဲ့။ လွမ်းချင်စရာ စာသားကြီးပါ။ ကိုဒေးဗစ်တယောက် အဲ့စာသားကို ဖတ်ပြီး လက်ကအလိုလို "ဟိုင်း" မိသွားတယ်။

"ဟိုင်း"

အဲဒီကလေးကို လှမ်းကြည့်လိုက်တော့ ကွန်ပျူတာအရှေ့မှာထိုင်ပြီး အလုပ်လုပ်နေတာကို တွေ့လိုက်ရတယ်။ အဲဒါနဲ့ ထပ်ပြီးတော့

"ဟိုင်း"

"---"

ညနေရုံးဆင်းတဲ့ အချိန်ထိ သူ့ဆီက reply မလာပါ။ လူတကာ ဟိုင်းဆိုတိုင်း ပြန်ပြီးမဟိုင်း တတ်တဲ့ အဲဒီကလေးကို သဘောကျသွားပြီး ပြုံးလိုက်မိတယ်။ ဘာပဲပြောပြော သူတင်ထားတဲ့ custom message အကြောင်းကိုတော့ သိချင်လှပါသည်။

အခန်းတံခါးခေါက်သံ ကြားရပြီး HR depertment မှ Staff ကောင်မလေး ဝင်လာကာ "IT Express News က ကိုမိုးငယ်ရဲ့ ထွက်စာပါဆရာ" လို့ ကြားလိုက်ရတဲ့ အချိန်မှာ အဲဒီကလေး ရေးထားတဲ့ "အထီးကျန်ခြင်းတွေက ငါ့ဆီလာတော့ မလို့လား" ဆိုတဲ့ စာသားကြီးကို ကိုဒေးဗစ် အပိုင်ရလိုက်သလို ခံစားလိုက်ရပြီး "ထားခဲ့ပါ ညီမ၊ မနက်ဖြန် သူရုံးတက်ရင် ကျွန်တော်ဆီလွှတ်လိုက်ပါဦး" လို့ပြောပြီး အထီးကျန်ဆန်ခြင်းတွေကို စတင်ထိုးစစ်ဆင်မိတာ ကိုဒေးဗစ်ပါ။

ဆုံလည်ကုလားထိုင်ကို ၂ပတ်လောက် လှည့်လိုက်ပြီး ကိုဒေးဗစ်တစ်ယောက် ဆောက်တည်ရာမရတဲ့ အခြေအနေနဲ့ အဲ့ကလေးရဲ့ ထွက်စာကို တွေတွေကြီး ငေးကြည့်မိရင်း မိမိအခြေအနေကို ပြန်သုံးသပ်နေမိသည်။ Media အုပ်စုကြီးတစ်ခုရဲ့ GM အဖြစ် တည်တည်ငြိမ်ငြိမ်နဲ့ နာမည်တစ်ခုရအောင် ကြိုးစားလာခဲ့တဲ့ ကိုဒေးဗစ် အဲဒီကလေးနဲ့ကျမှ မိမိတည်ဆောင်ခဲ့တဲ့ ဂုဏ်သိက္ခာတွေ ပြိုလဲရတော့မလို။ ဂုဏ်သိက္ခာတွေကို ဦးစားပေးပြီး အဲဒီကလေးကို လက်လွှတ်လိုက်ရမယ်ဆိုလဲ မိမိ စိတ်ကူးယဉ်ခဲ့တဲ့ အဲဒီကလေးနဲ့ ပျော်ပျော်ရွှင်ရွှင် နေရမယ့်ဘဝကို ဘယ်တော့မှ မရရှိနိုင်။ ငါဘာလုပ်ရမလဲ။ ငါဘာလုပ်သင့်လဲ။ ငါဘာလုပ်ရင် ကောင်းမလဲဆိုတဲ့ အတွေးပေါင်းများစွာနဲ့ မနက်ဖြန်ဆိုတာကြီးကို ငြင်းဆန်နေမိတယ်။

"ကျွန်တော် မပြောပါရစေနဲ့လို့ပဲ ထပ်ပြောပါရစေ။ ကျွန်တော့် အခြေအနေက ဘယ်သူမှလဲ နားလည်ပေးနိုင်မှာ မဟုတ်ဘူး၊ တော်ပါပြီ အကိုရယ်။ အခုတောင် ကျွန်တော် အများကြီး ပြောမိနေပြီ"

"ပြောပါညီ၊ ကိုနားထောင်ပေးပါ့မယ်။ အခြေအနေကို လက်ခံပြီး နားထောင်ပေးပါ့မယ်။ ညီအစ်ကိုအရင်း တစ်ယောက်လို သဘောထားပြီး နားထောင်ပေးပါ့မယ်"

"အကို ကျွန်တော် ဒီရုံးမှာလုပ်ခဲ့တဲ့ တစ်နှစ်ကျော် ကာလအတွင်းမှာ အဆင်မပြေတာ ဘာတစ်ခုမှ မရှိခဲ့ပါဘူးအကို၊ ဒါပေမယ့် ကျွန်တော် လူတစ်ယောက်ကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ချစ်မိသွားတယ်အကို၊ ကျွန်တော်သူနဲ့ချစ်သူဖြစ်ဖို့ ဘယ်နည်းနဲ့မှ ဘယ်တော့မှ မဖြစ်နိုင်ဘူးအကို။ ကျွန်တော် အကြိမ်ကြိမ် သူ့ကို မေ့ကြည့်တယ်။ အခြားတစ်ယောက်ကိုလဲ အစားထိုးကြည့်တယ်။ ဒါပေမယ့် လုံးဝမရဘူး အကို။ ကြာလာရင် ကျွန်တော်ပဲ စိတ်ဆင်းရဲရမှာအကို၊ ထိန်းချုပ်ထားတာတွေ များလာရင်လဲ ကျွန်တော်ပဲ ခံစားရမှာအကို၊ ပေါက်ကွဲသွားရင်လဲ ကောင်းတာတွေ တစ်ခုမှဖြစ်လာမှာ မဟုတ်ဘူး။ ကျွန်တော့်ကို နားလည်ပေးပါဗျာ"

"မင်းခံစားနေရတာတွေကို ကိုနားလည်ပါတယ် ငါ့ညီ။ ဒါပေမယ့် မင်းထွက်ပြေးမှ အားလုံးပြီးမှာလား။ အခြားနည်းနဲ့ရော ဖြေရှင်းလို့ မရဘူးလား ညီ"

"ထွက်ပြေးတယ် ဆိုတာထက် သူ့ကို မမြင်ရမယ့်နေရာ၊ သူ့အသံကို မကြားရမယ့်နေရာ၊ သူနဲ့ ပတ်သက်တဲ့လူတွေ မရှိတဲ့နေရာတစ်ခုကို ကျွန်တော် တကယ်လိုအပ်နေတာပါ အကို"

"ဘာလဲ သူ့မှာ ချစ်သူရှိနေလို့လား။ အိမ်ထောင်ရှိနေလို့လား။ ငါ့ညီ အဲ့စိတ်တွေကို ဖျောက်ပြီး အလုပ်ထဲမှာ အာရုဏ်နှစ်ကြည့်ပါလား။ အထက်မြန်မာပြည် ရုံးခွဲကို ပြောင်းမလား ညီ၊ ကိုယ် စီစဉ်ပေးပါ့မယ်"

"မဟုတ်ဘူးအကို၊ ကျွန်တော် ဒီကုမ္ပဏီမှာ ဆက်ရှိနေသ၍ ကျွန်တော် သူ့ကို မေ့လို့ရမှာ မဟုတ်ဘူးအကို။ သူ့ကိုပဲ တမ်းတနေမိမှာ။ ကျွန်တော့်ကို ထွက်ခွင့်ပေးပါ အကိုရယ်"

မသိမသာ အေးစက်ပြီး တုန်နေတဲ့ လက်ချောင်းတွေကို ဆောက်တည်ရာရစေဖို့ ကိုဒေးဗစ် ဘောလ်ပင် တစ်ချောင်းကို ကောက်ကိုင်လိုက်သည်။ ပြီးတော့ ဘာရယ်မဟုတ်ပဲ စာရွက်တွေကိုလှန်ပြီး အဲဒီကလေးရဲ့ ထွက်စာကို ရှာနေမိသည်။ အဲဒီကလေးထွက်စာကို အံဆွဲထဲမှာ ထည့်ထားတာကို သိသိကြီးနဲ့ သူများ စိတ်ပြောင်းသွားမလား ဆိုတဲ့အတွေးနဲ့ အချိန်ဆွဲနေမိသည်။

ကလေးကိုမော့ကြည့်မိတော့ ကလေးမျက်ဝန်းမှာ မျက်ရည်တွေဝဲနေသလို။ မဟုတ်ပါဘူး-- အို မဟုတ်ပါဘူး-- ငါ့မျက်လုံးက မျက်ရည်တွေကြောင့် နေမှာပါလို့တွေးရင်း အံဆွဲထဲက ကလေးရဲ့ ထွက်စာကိုဆွဲယူပြီး လက်မှတ်ထိုးပေးလိုက်သည်။

ဘာစကားတစ်ခွန်းမှ မပြောပဲ ကိုဒေးဗစ် လက်ထဲက စာရွက်ကို လှမ်းယူပြီး ပြုံးပြနှုတ်ဆက်သွားတဲ့ ကလေး။ ကိုဒေးဗစ် မျက်နှာချင်းမဆိုင် နိုင်လောက်အောင် ခံစားနေရတဲ့ အချိန်မှာ သူ့လက်ထဲက စာရွက်လေးကို အားကိုးတကြီးနဲ့ ကြည့်နေမိသည်။

"ထောက်"ဆိုတဲ့ အသံလေးနဲ့ စာရွက်ပေါ်ကျလာတဲ့ အရည်လေးတစ်စက်၊ မျက်ရည်လား ချွေးစက်လားဆိုတာ မဝေခွဲနိုင်ခင်မှာ ထွက်သွားတဲ့ ကလေး။

အချိန်အကြာကြီး ထိုင်နေမိပြီး နောက်ဆုံး အပြေးတစ်ပိုင်းနဲ့ reception ကို ထွက်လာခဲ့မိပြီ။

"ညီမ မိုးငယ်ရှိသေးလား၊ ပြန်သွားပြီလား" လို့ အရူးတစ်ပိုင်းနဲ့ မေးခဲ့မိတဲ့ ကိုဒေးဗစ်ပါ။

"ဟုတ်ကဲ့အကို ပြန်သွားတာ ကြာပါပြီ" လို့ ကြားတဲ့အချိန်မှာ ကောင်မလေးကို ပြုံးပြခဲ့တဲ့ ကိုဒေးဗစ် ရင်ထဲမှာ သည်းထန်စွာ ငိုကြွေးနေတာ ဘယ်သူမှ မသိပါဘူးလေ။

ကလေးကတော့ သူ ပြောခဲ့သလို သူချစ်ရတဲ့သူနဲ့ ဝေးနေတဲ့အချိန်မှာ မေ့နိုင်နေပြီလား မမေ့နိုင်ဘူးလားတော့မသိ။ ကိုဒေးဗစ် ကိုယ်တိုင်တော့ အဲ့ကလေး အလုပ်ထွက်သွားပြီး ယနေ့ ခြောက်လကျော် ခုနှစ်လ ဖြစ်ခဲ့သည့်တိုင်အောင် မေ့လို့မရပါ။

ကလေးအကြောင်းတွေ အဲဒီကလေး လုပ်ခဲ့တဲ့အလုပ်တွေ အဆုံးစွန်ဆုံး သူဆိုခဲ့တဲ့ "အကြင်နာစစ်ရင်" ဆိုတဲ့ သီချင်းတောင် ကိုဒေးဗစ် အခန်းထဲမှာ ထပ်ခါတလဲလဲ ဖွင့်ထားတာ အားလုံးသိနေပါပြီလေ။ အဲ့လောက်ထိအောင် ရူးနေပါပြီ မိုးငယ်ရေ။

ဘုရား-- ဘုရား-- ဘယ်တော့မှ ပြန်ပတ်သက်ခွင့်ရတော့မှာ မဟုတ်ဘူးဆိုတဲ့ အတွေးကို ဖျောက်ဖျက်ပေးလိုက်တာက နေ့တိုင်းနေ့တိုင်း ဘယ်သူမှမရှိပဲနဲ့ ဖွင့်ထားခဲ့တဲ့ ကိုဒေးဗစ် ရဲ့ private gmail ထဲမှာ ကလေးဆိုတဲ့ နာမည်လေး ပေါ်လာတဲ့နေ့ကပါ။

"အကြင်နာ တကယ်စစ်ရင် အသွားနဲ့ အပြန်ရှိမှာ" ဆိုတဲ့ Custom message လေးနဲ့ အဲ့ကလေးရဲ့ အကောင့်။ Reply မလုပ်တတ်မှန်း သိရဲ့သားနဲ့ "ဟိုင်း" မိသည်။ ချက်ချင်းပင် typing ဆိုတာ လေးပေါ်လာပြီး "ဟိုင်း" ဆိုသော စာလုံးလေးကျလာသည်။ ဟန်ဆောင်ပြီး ဖုံးလို့မရအောင်ပင် ကိုဒေးဗစ် ရယ်ပစ်လိုက်မိသည်။

"ASL….."

"အောင်အောင်ပါ။ တောင်ကြီးကပါ။ အသက်၂၃ပါ"

ဘယ်လိုဖြစ်လို့ အဲဒီကလေး မေးလ်ကို အောင်အောင် ဆိုတဲ့တစ်ယောက်က တောင်ကြီးကနေ သုံးနေရတာပါလိမ့်။ ဘာပဲဖြစ်ဖြစ် စုံစမ်းသည့် အနေဖြင့် ကိုဒေးဗစ် ဆက်ပြီးပြောမိသည်။

"မင်းက အလုပ်လုပ်လား"

"အင်တာနက်ဆိုင်မှာ အလုပ်လုပ်ပါတယ်"

"မင်း Facebook သုံးလား။ ပြမလား"

".........."

"ဟေး---"

"---"

ကိုဒေးဗစ် နဲနဲလောသွားသည်။ ကလေးကို အဲဒီလိုပုံစံနဲ့ ပတ်သက်လို့ မရဘူးဆိုတာကို ရုတ်တရက် မေ့သွားသည်။ ဘာပဲပြောပြော အဲ့ကလေးဟုတ်တာ ငါးဆယ်ရာခိုင်နှုန်းလောက် ကျိမ်းသေသွားပြီ။ ညနေစောင်းသည်အထိ ဘာမှပြန်မပြော။ ဘာပဲပြောပြော မနက်ဖြန်ကိုကြောက်တဲ့ ကိုဒေးဗစ် အခုတော့ မနက်ဖြန်ကို မျှော်နေမိပြီလေ။

နောက်တနေ့ ရုံးရောက်ရောက်ချင်း gtalk ကို စဖွင့်လိုက်သည်။ အလွန်မင်္ဂလာရှိသော နေ့တစ်နေ့ပါလား ကလေးရေ။ ကလေးဆိုတဲ့ နာမည်လေးနဲ့ မီးအစိမ်းလေးနဲ့တွဲလို့။

"Hi... morning"

တော်တော်လေး ကြာပြီးမှ စာပြန်ဝင်လာသည်။

"Yes fri"

ကိုဒေးဗစ် ဒီအတိုင်းဆက်ပြီး chat နေလို့ မရတော့မှန်းသိပြီး စကားစလိုက်သည်။

"သူငယ်ချင်း မင်းတင်ထားတဲ့စာမိုက်တယ်-- ငါလဲ အဲဒီစာသားကို ယုံကြည်တယ်"

ချက်ချင်းပင် စာပြန်ဝင်လာသည်။

"ဟုတ်လား။ တကယ်ယုံလား။ ဖြစ်နိုင်လား"

အော်--- အဲဒီကလေး သူချစ်တဲ့ လူတစ်ယောက်ကို မမေ့နိုင်သေးပါလားကွာ။ ဘာပဲပြောပြော အွန်လိုင်းမှာ စကားပြောခွင့် ရနေရင်လဲ ကျေနပ်ပါပြီကွာ။ ကိုဒေးဗစ် ဆက်ပြောလိုက်သည်။

"ဖြစ်နိုင်တာပေါ့ကွ။ ငါလဲ အဲဒီစကားကိုယုံလို့ လူတစ်ယောက်ကို ခုထိစောင့်နေတာ"

"တကယ်ဖြစ်စေချင် ပါတယ်ကွာ။ ဒါပေမယ့် ငါ့ဇာတ်လမ်းကြီးက မဖြစ်နိုင်ပါဘူးကွာ"

"ဘာဖြစ်လို့လဲ။ မင်းကောင်မလေးက အိမ်ထောက်ပြုသွားလို့လား။ ဒါမှမဟုတ်"

"မဟုတ်ပါဘူးကွာ။ ငါကကြိုးစားခွင့်ကို မရှိတာကွ။ သူက ငါအရင်အလုပ်လုပ်တဲ့ ရန်ကုန်က ကုမ္ပဏီ ကပါကွာ။ ထားလိုက်ပါတော့"

"အေးပါကွာ ငါတို့ online friend တွေပဲ ရင်ဖွင့်လို့ရပါတယ်ကွာ"

"ကျေးဇူးပဲ သူငယ်ချင်း"

အခုချိန်ထိ တစ်ဖက်လူကို ဘယ်သူလဲမမေးပဲ စိတ်လွတ်ကိုယ်လွတ် ပြောနေတဲ့ အဲဒီကလေး သူတော်တော်ချစ်ခဲ့တာပဲ။ သူရဲ့ ချစ်ခြင်းခံရတဲ့တစ်ယောက် တကယ်ကံကောင်းတာပဲ။ ကိုလဲ ကလေးလိုပဲ ခံစားနေရပါတယ်ကွာ။ ကိုဒေးဗစ် စိတ်ကိုလွှဲလိုက်ပြီး အလုပ်ထဲမှာ အာရုံစိုက်ထားနေခိုက် တောင်—တောင်-- ဆိုသောအသံများဖြင့် စာများတက်လာပြီး လှမ်းကြည့်မိတော့ ကလေးဆီက။

"သူငယ်ချင်း မင်းဘယ်သူလဲ ငါမမေးဘူး။ ငါဘယ်သူလဲလို့လဲ မင်းမမေးနဲ့ ငါရင်ဖွင့်ချင်တယ်ကွာ ရမလား"

ကိုဒေးဗစ် ကျေနပ်ပြုံးလေးပြုံးပြီး

"ရပါ့ကွာ မင်းလဲပြော ငါလဲပြောမယ် ငါမှာလဲ ရင်ဖွင့်စရာရှိတယ်ကွ"

"ဒါပေမယ့် တစ်ခုတော့ရှိတယ်ကွာ။ မင်းငါ့စကားတွေကို အထင်မသေးစေချင်ဘူး။ ပြီးတော့ အဲ့စကားတွေကို ငါပြောပြီးတာနဲ့ မင်း မေ့ပစ်လိုက်ပါ။ အိုကေ"

"ရပါတယ်ကွာ ပြောပါ"

"ငါပြောခဲ့ဖူးတဲ့ ငါချစ်ရတဲ့လူဆိုတာ ငါအရင်အလုပ်ကကွ။ ပြီးတော့ သူက မိန်းကလေးမဟုတ်ဘူး၊ ယောက်ျားလေး။ ပြီးတော့ သူက ငါအရင်လုပ်ခဲ့တဲ့ရုံးက GM ကွ"

"ဟေ---"

ကိုဒေးဗစ် ဘာမှမပြောနိုင်လောက်အောင် ကြက်သေ သေသွားပြီး ငိုချင်သလိုလို ဖြစ်လာကာ မျက်ရည်များပင် ကျမိသလား မိမိကိုယ်မိမိ သတိမထားမိနိုင်အောင် ဖြစ်သွားရသည်။

"ဟေ တကယ်ကြီးလားကွ။ မင်း ငါ့ကို မစပါနဲ့ကွာ"

"ဘာလို့ စရမှာလဲကွာ။ တကယ်ပါ ငါသူ့ကို အရမ်းချစ်ခဲ့တာကွ။ ဒါပေမယ့်ကွာ ငါ့အခြေအနေက ဖွင့်ပြောလို့လဲမရ အခြားသူငယ်ချင်းနဲ့လည်း တိုင်ပင်လို့မရ နောက်ဆုံး ငါမနေနိုင်တော့တဲ့ အဆုံးမှာ အလုပ်ကနေ ထွက်ပြေးလာခဲ့တာပဲ"

ကိုဒေးဗစ် ရင်ထဲမှာ လုံးဝထင်မှတ်မထားတဲ့ကိစ္စ တကယ်တမ်း ဖြစ်လာပြီ ဆိုတော့လဲ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ အဲဒီကလေး လူကို စိတ်ခံစားမှုအမျိုးမျိုး ပေးစွမ်းနိုင်ပါတယ်လေ။ ကလေးရယ် ကိုယ့်ကို ချစ်နေခဲ့တာတဲ့လား။ အမူအရာ အနေအထိုင် တစ်ချက်မပျက်ပဲ ကိုယ့်ကို ချစ်နေခဲ့တာတဲ့လား။ ကိုဒေးဗစ် တစ်ခုခုကို ဆုံးဖြတ်ရတော့မယ်။ အရင်တစ်ခါလို အဆုံးရှုံးခံလို့ မဖြစ်တော့ ဘယ်လိုခံစားရတယ်ဆိုတာ မိမိကိုယ်မိမိ အသိဆုံး။

"အဲ့ဒါ မင်းကဘာလို့ ထွက်ပြေးလာရတာလဲကွ။ ချစ်ရင် ချစ်တယ်ပြောလိုက်ပေါ့။ မပြောရဲရင်တောင် အမူအရာတွေ ပြလိုက်ပေါ့ကွာ"

"ငါမပြောရဲ ပါဘူးကွာ။ ငါတို့ရုံးက ပွဲတစ်ပွဲမှာတော့ သီချင်းတစ်ပုဒ်နဲ့ သူ့ကို ရင်ဖွင့်ဖူးတယ်ကွ။ မင်းငါ့ကို အထင်မသေးပါဘူးနော်"

"မသေးပါဘူးကွာ။ မင်းကိုငါ ဖုန်းဆက်လို့ရလား။ ဖုန်းထဲမှာပြောပြတော့ ပိုကောင်းတာပေါ့ကွာ"

"ဆက်လို့တော့ ရပါတယ်ကွာ။ ဒါပေမယ့် ထားလိုက်ပါ"

"အေးပါ။ ဒါဆိုခဏနော် ငါအပြင်ခဏ ထွက်လိုက်ဦးမယ် ပြန်လာခဲ့မယ်"

"အိုကေ သူငယ်ချင်း"

ကိုဒေးဗစ် gtalk ကို ခဏပိတ်လိုက်ပြီး ခေါင်းအေးအေးထားကာ ခဏစဉ်းစားလိုက်သည်။ ပြီးတော့ ဆုံးဖြတ်ချက်တစ်ခုကို သေချာ ချလိုက်ပြီး ဝန်ထမ်းရေးရာမှာ ကောင်မလေးတစ်ယောက်ကို ဖုန်းဆက်ပြီး ခေါ်လိုက်သည်။

"ဟုတ်ကဲ့အကို၊ ဘာလိုလို့ပါလဲ"

"ညီမ အကို့ကို မနက်ဖြန်ကစပြီး ခွင့်တစ်ပတ် တင်ပေးပါ။ အရေးကြီးလို့ပါ"

"ဟုတ်ကဲ့အကို"

ကောင်မလေး ထွက်သွားသည်အထိ မိမိကိုယ်ကို မှားလားမှန်လားလဲ မဆုံးဖြတ်နိုင်။ တောင်ကြီးကို လိုက်သွားမယ်။ တောင်ကြီးလိုမြို့မျိုးမှာ အင်တာနက်ဆိုင် အရေအတွက် ဘယ်နှယ်ဆိုင် ရှိနိုင်လဲ။ ငါရှာမယ်။ ကလေးကို ရအောင်ရှာမယ်။ ပတ်ဝန်းကျင်ကိုလဲ ဂရုမစိုက်နိုင်တော့ဘူး။ ငါလူတွေအတွက် အလုပ်လုပ်ပေးပြီးပြီ။ ငါ့ဘဝအတွက်လဲ ငါလုပ်ရမယ်၊ ဟုတ်တယ် ငါ့ဘဝအတွက် ငါလုပ်ရမယ်။ တောင်ကြီးကို အရင်တန်းမသွားပဲ ကလေးရဲ့ ကိုယ်ရေးရာဇဝင်ကို ပြန်ကြည့်ပြီး ကလောမှ သူ့အိမ်ကို အရင်လိုက်သွားမိသည်။ ဆင်းရဲပေမယ့် စိတ်ချမ်းသာမှု အပြည့်ရှိပါတယ်ဆိုသော မျက်နှာများဖြင့် ပြည့်ဝနေတဲ့ သူ့မိသားစုလေး။ ကလေးရယ် မင်းတော်တော် စိတ်ပင်ပန်းခဲ့ရမှာပဲနော်။ သူ့အိမ်အတွက် ဝယ်လာသော လက်ဆောင်များထုတ်ပေးပြီး ရန်ကုန်တွင် အလုပ်တူတူ လုပ်ခဲ့သော သူငယ်ချင်းဖြစ်ကြောင်း မိတ်ဆက်လိုက်သည်။

သူတို့သားငယ် အိမ်မှထွက်သွားသည်မှာ ကြာပြီဖြစ်ကြောင်း ဘာသတင်းမှလဲ မရကြောင်း တလောကတော့ အိမ်နီးနားချင်းက တောင်ကြီးတွင်တွေ့ကြောင်း ကလေးနဲ့ ပတ်သက်တဲ့ သတင်းများကို နားထောင်ပြီး လေးလံစွာနဲ့ပဲ ကိုဒေးဗစ် တောင်ကြီးကို ဆက်တက်ရန် ပြင်လိုက်သည်။ ကလေးရဲ့ မိသားစုကို နှုတ်ဆက်ပြီး တောင်ကြီးသို့ သွားသောလမ်းမှာ သူနဲ့တွေ့ရင် ပြောမယ့်စကားတွေ အများကြီးစဉ်းစား နေမိသည်။

အရမ်းချစ်တယ်ကလေးရယ်။ တောင်ကြီးသို့ ရောက်ရောက်ချင်း ဟိုတယ်တွင် ဝန်စည်စလွယ်များချကာ အင်တာနက်ဆိုင် တစ်ဆိုင်ကို အပြေးသွားမိသည်။ ဟုတ်တယ်ကလေး အကြင်နာတကယ်စစ်ရင် အသွားနဲ့အပြန်ရှိတယ်ဆိုတာ။ ကလေးဆိုတဲ့ နာမည်နဲ့မီးစိမ်းလေး ကတွဲလျှက်။

"ဟိုက်"

"အေး မင်းဘယ်ရောက်နေတာလဲ။ မနေ့ကတစ်နေ့လုံးလဲ တက်မလာဘူး။ ငါအိမ်မက် မက်တယ်ကွ။ သူငါ့ဆီ လိုက်လာတယ်လို့ ဟားဟား ရူးပါ့ကွာ"

ဘုရားရေ-- အဲ့ကလေးက အိမ်မက်မက်တယ်။ သူလိုက်လာတယ်လို့ အိမ်မက်မက်တယ်။ ကို ကတိပေးတယ်ကလေး။ မင်းဘယ်တော့မှ ကိုနဲ့ပတ်သက်ပြီး စိတ်မဆင်းရဲ စေရဘူး။

"အေး လုပ်ပါဦးကွ ဘာတွေဆက်မက်သေးလဲ"

"အေးကွ ညနေကျတော့သူနဲ့ငါနဲ့ တောင်ပေါ်ဘုရား(စူဌာမုနိ)မှာ တွေ့တယ်တဲ့ကွ။ တကယ်ဖြစ်ချင်လိုက်တာကွာ"

"အေးကွာ မင်းပြောသလိုပဲ အကြင်နာတကယ်စစ်ရင်တော့ မင်းပိုင်ဆိုင်ရမှာပါကွာ။ အဲ့လိုဆို ညနေ မင်း ဘုရားသွားမှာပေါ့"

"အေး သွားမှာပေါ့ကွ။ သူလာသည်ဖြစ်စေ မလာသည်ဖြစ်စေ ငါက ဘုရားမှာ ဆုတောင်းနေကျပဲ။ ညနေလဲသွားမှာ"

"အေးပါကွာ သူငယ်ချင်း မင်းတောင်းတဲ့ဆုနဲ့ ပြည့်ပါစေကွာ"

"အေးပါကွာ ကျေးဇူးပါပဲ"

ညနေဆိုတာကိုတွေးပြီး ကိုဒေးဗစ်တစ်ယောက် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေတာ သေချာပါသည်။ ဒီတစ်ခါ ကလေးကို ဆုံးရှုံးလို့မဖြစ်။ သူမခံစားနိုင်။ ကလေးရယ် ကိုယ်တို့တွေ့ရင် ရင်ထဲကစကားတွေ ပြောထွက်ပါစေကွာ။

တောင်ကြီးမြို့ရဲ့ ညနေ နေဝင်ချိန်ရဲ့ အလှဟာ အလွမ်းအခံရှိသူများအတွက် ပိုမိုလွမ်းဆွေး စရာကောင်းတာကို ကိုဒေးဗစ် အသေအချာ သိနေပြီလေ။ ကလေး မင်းဘယ်လိုနေပြီး ဘာတွေခံစားနေရလဲ ကိုသိပါပြီကွာ။ အဲဒီ အလွမ်းအဆွေးတွေအားလုံး ဒီနေ့ကို အဆုံးသတ်မယ် ကလေး။ ပြီးရင် မင်းဘဝ အရာရာ လှပနေစေရမယ်လို့ ကိုယ်ကတိပေးတယ်။ တစ်ခုတော့ရှိတယ် ကလေးရယ် ကိုယ်တို့တွေ့တဲ့ အချိန်မှာ အရာရာကို မင်းပွင့်လင်းစေချင်ပါတယ်။ ကိုယ့်အချစ်တွေကို မင်းမြင်စေချင်ပါတယ်။ ပါးစပ်ကတော့ အကြင်နာတကယ်စစ်ရင် အသွားနဲ့အပြန်ရှိမှာဆိုတဲ့ သီချင်းလေးကို ညည်းနေမိတာတော့ ကျိမ်းသေပဲလေ။

ကိုဒေးဗစ် ကားကို ဟိုတယ်မှာပဲ ထားခဲ့ပြီး ဆိုင်ကယ်ကယ်ရီဖြင့် တောင်ပေါ်ဘုရားသို့ ညနေ ၃ နာရီ လောက်ကတည်းက ရောက်နေခဲ့သည်။ သူဘယ်ချိန်လာမှာလဲ။ ဘယ်ဘက်ကနေ တက်လာမှာလဲ ဆိုတဲ့အတွေးနဲ့ ဘုရားပေါ်မှာ ကျီးကန်းတောင်မှောက် လျှောက်ကြည့်နေမိသည်။ ကလေးနဲ့တွေ့ရင် ဘယ်ကစပြောရမလဲ ဘယ်လိုစနှုတ်ဆက်ရမလဲ။ မျက်နှာကိုရော ဘယ်လိုအမူအရာနဲ့ နေရမလဲ။ အာ- မတွေးတတ်တော့ဘူးကွာ။ ဘာပဲပြောပြော ကလေးလာမှပဲ အခြေအနေအရ ဆက်သွားရမှာပဲ။ နေကတောင်ပေါ်မြို့မို့ထင်တယ် အမှောင်စောသည်။ ညနေ ၅ နာရီကျော်လောက်အထိ ကလေးပေါ်မလာ။ လာခဲ့ပါကလေးရယ် ကိုစောင့်နေပါတယ်။ ကလေးလာပါစေလို့ ဘုရားကိုဦးချ ဆုတောင်းတာကလဲ ဘယ်နှစ်ကြိမ်မှန်းမသိ တော်တော်များနေပြီ။

"အကို"

ကိုဒေးဗစ် နောက်နားလေးဆီကနေ တိုးတိုးလေးခေါ်လိုက်တဲ့ အသံပါ။ တစ်ကိုယ်လုံးမှာရှိသမျှ သွေးကြောတွေ ဖျဉ်းကနဲနေအောင် ဖြစ်သွားပြီး ကိုဒေးဗစ် နောက်ကိုလှည့်ကြည့်လိုက်မိသည်။ ကလေး အဲဒီကလေး ကိုဒေးဗစ်ကို ပြုံးပြုံးကြီးကြည့်နေတဲ့ ကလေး။ အဲဒီကလေးနဲ့တွေ့ရင် စကားတွေ ရွှန်းရွှန်းဝေအောင် ပြောမယ်လို့ အားခဲလာတဲ့ ကိုဒေးဗစ် ဘာမှမပြောနိုင်အောင် ဖြစ်နေမိသည်။

"မိုးငယ်"

"အကို တောင်ကြီးကို အလည်လား"

"မဟုတ်ဘူးညီ ကိုယ်လူတစ်ယောက်ကို လာဖမ်းတာ"

"ဘယ်လို ဖြစ်လို့လဲ အကို"

ကိုဒေးဗစ် ညင်သာစွာပြုံးလိုက်ပြီး

"ဟုတ်တယ်ညီ။ ကိစ္စတစ်ခုကို သေချာမစုံစမ်းပဲ ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်ပြီး ထွက်ပြေးသွားတဲ့ ကိုယ့်ဆီက ဝန်ထမ်းတစ်ယောက်ကို လိုက်ဖမ်းတာပါ။ ခုတွေ့နေပြီဗျ"

"ကျွန်တော် နားမလည်တော့ဘူး အကို။ ကျွန်တော့်ကို ရှင်းအောင်ပြောပါအကိုရယ်"

"ကိုယ် မိုးငယ်ဆီ လိုက်တာတာပါ"

"ဗျာ"

"ဟုတ်တယ် ညီ။ ကိုယ် မင်းဆီလိုက်လာတာ။ ကိုယ်မင်းကို ရန်ကုန်မှာ ပြောမထွက်ခဲ့တဲ့ စကားတွေကို ပြောပြမလို့ လိုက်လာတာ မိုးငယ်"

"ဗျာ"

ဒီတစ်ခါ ဘာစကားတစ်ခွန်းမှ မပြောနိုင်ပဲ ဆွံ့အနေခဲ့တာက ကိုဒေးဗစ် မဟုတ်တော့ပဲ မိုးငယ်ဖြစ်နေပါပြီ။ သူထင်မှတ်မထားတဲ့ စကားတွေကို ထင်မှတ်မထားတဲ့ လူဆီကနေ ဆက်တိုက်ကြားနေရတဲ့အတွက် အဲဒီကလေးရင်ထဲမှာ ဗြောင်းဆန်နေမှာပဲလေ။ ကိုယ့်အလှည့်တုန်းက ပြောချင်တာတွေပြောပြီး လုပ်ချင်တာတွေ လုပ်သွားတဲ့ အဲဒီကလေး သူ့အလှည့်ကြတော့ မျက်နှာငယ်လေးနဲ့ပါလား။

"ကိုယ် ရန်ကုန်မှာတုန်းက လူကြီးတစ်ယောက်အနေနဲ့ ထိန်းသိမ်းသင့်တာတွေရှိလို့ ပြောမထွက်ခဲ့တဲ့ စကားတွေရှိပါတယ်။ မိုးငယ်... ကိုယ်မိုးငယ်ကို ချစ်တယ်။ မိုးငယ်သဘောထား ဘယ်လိုရှိနေမလဲဆိုတာလဲ ကိုယ်ရိပ်မိပါတယ်။ မိုးငယ်ရော ကိုယ့်ကိုယ် ချစ်တယ် မဟုတ်လားဟင်"

"ဟင့်အင်း အစ်ကို။ ကျွန်တော်မပြောနိုင်ဘူး။ တကယ်ချစ်နေခဲ့တယ် ဆိုရင်တောင် ကျွန်တော် မပြောနိုင်ဘူး။ ကျွန်တော်တို့လို လူနှစ်ယောက် ချစ်ကြတယ်ဆိုတာလဲ ဘယ်နည်းနဲ့မှ လူတွေ လက်ခံပေးကြမှာ မဟုတ်ဘူးအကို။ ပြီးတော့ လိင်တူချင်း ချစ်နေကြတဲ့ ရောဂါလို့ သမုတ်မှာကိုလဲ လက်မခံနိုင်ဘူးအကို။ မဖြစ်နိုင်တာတွေ မပြောပါနဲ့အကို"

"ဘာလို့ မဖြစ်နိုင်ရမှာလဲ မိုးငယ်၊ မိုးငယ်နဲ့ကိုယ်နဲ့ ချစ်ကြတာ ဘယ်သူတွေကို ထိခိုက်လဲ။ ဘယ်သူတွေကို အကျိုးယုတ်စေလဲ။ ပတ်ဝန်းကျင်က ဝိုင်းပြီးပြောရအောင် မိုးငယ်ရော ကိုယ်ရော နှစ်ယောက်စလုံးက အမူအယာတွေ စရိုက်တွေ ပျက်နေလောက်အောင် နေကြထိုင်ကြမှာမှ မဟုတ်တာ။ ပြီးတော့ မှတ်ထားပေးမိုးငယ်။ လိင်တူချင်းချစ်ကြတယ်ဆိုတာ ရောဂါမဟုတ်ဘူး၊ လိင်တူချစ်သူတွေကို မုန်းနေတာကမှ ရောဂါပါ။ ကိုယ်တောင်းပန်ပါတယ်ကွာ။ ကိုယ့်ဆီကနေ နောက်တစ်ခေါက် ထွက်မပြေးပါနဲ့တော့ကွာ နော်"

"ထားပါတော့ဗျာ။ အကိုနဲ့ကျွန်တော် အတူနေခြင်း မနေခြင်းဟာ ကျွန်တော်တို့ နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ချစ်ခြင်း မချစ်ခြင်းနဲ့ ဘာမှမပတ်သက်ပါဘူး။ ကျွန်တော်တို့ တူတူမနေလဲ အဝေးကနေ ချစ်နေလို့ ရတာပဲအကို။ ကျွန်တော် ပတ်ဝန်းကျင်ကို ကြောက်တယ်အကို။ ကျွန်တော် အဲဒီလို မစွန့်စားရဲဘူးအကို"

"ကို ရှိတယ်လေ မိုးငယ်။ ကိုယ့်ကိုယ် မယုံဘူးလား။ ပြီးတော့ ဘယ်လောက်ပဲ ချစ်တယ်ပြောပြော မိုးငယ် ကိုယ့်ဘေးမှာ ရှိမနေဘူးဆိုတဲ့ ခံစားချက်ကို ထပ်မခံစားနိုင်တော့ဘူး မိုးငယ်။ တောင်းပန်ပါတယ် မိုးငယ်။ ကိုနဲ့ ပြန်လိုက်ခဲ့ပေးပါကွာ"

"ဟင့်အင်း အကို၊ မဖြစ်နိုင်တာကြီးကို ကျွန်တော် လက်မခံနိုင်ဘူး"

"မဖြစ်နိုင်တာလို့ ဘာဖြစ်လို့ ထင်ရတာလဲ မိုးငယ်။ ကိုယ့်ကို ယုံကြည်စမ်းပါကွာ။ ပတ်ဝန်းကျင်က သမုတ်တယ်၊ သတ်မှတ်တယ်ဆိုတာ ကိုယ်တို့ အမူအကျင့်တွေနဲ့ပဲဆိုင်တယ် မိုးငယ်။ ကိုယ်တို့မှ မဟုတ်ဘူး။ ပုံမှန် အိမ်ထောင်မျိုးတွေလည်း အနေအထိုင်မတတ်ရင် သစ္စာမရှိကြပဲ ဖောက်ပြန်ကြတယ်ဆိုလဲ ပတ်ဝန်းကျင်မှာ ပြောကြမှာပဲ။ အဲဒီတော့ ပတ်ဝန်းကျင်က လက်ခံပေးလာအောင် လုပ်ရမှာ ကိုယ်တို့အလုပ်ပဲ။ ကိုယ်တို့နှစ်ယောက် သစ္စာရှိရှိနဲ့ တစ်ယောက်အပေါ်တစ်ယောက် ချစ်နေမယ်ဆိုရင် ပတ်ဝန်းကျင်ဆိုတာ ဘာမှဂရုစိုက်နေစရာ မလိုတော့ဘူး မိုးငယ်"

"ဘာပဲပြောပြော ကျွန်တော်ကြောက်တယ်အကို"

"ကိုယ့်ကိုယ် ယုံကြည်ပေးပါ မိုးငယ်ရယ် နော်"

"ထားပါတော့ဗျာ အကိုဘယ်နေ့ပြန်မလဲ။ ဘာနဲ့ လာတာလဲ။ ကားနဲ့လား လေယာဉ်နဲ့လား"

"စကားမလွှဲနဲ့ မိုးငယ်"

"ကိုယ်ပြောနေတာကို ပြန်ဖြေဦး"

"အကို မပြန်ခင်တော့ ကျွန်တော် တစ်ခုခု အဖြေပေးမှာပါအကို။ ဒါပေမယ့် ကျွန်တော် တစ်ခုသိချင်တယ်အကို။ ကျွန်တော် ဒီမှာရှိမှန်း အကို ဘယ်လိုသိလဲဟင်"

"စိတ်မဆိုးနဲ့နော် မိုးငယ်။ ညီနဲ့ အွန်လိုင်းမှာ ကိုယ့်အကြောင်း ပြောဖြစ်နေတဲ့ တစ်ယောက်ဆီကပါ"

"အာ သူက ဘယ်သူလဲအကို။ ဘယ်သူမှ ပြန်မပြောပါနဲ့လို့ မှာထားရက်နဲ့ကွာ"

"သူ ဘယ်သူ့ကိုမှ ပြန်မပြောပါဘူးကွာ။ အဲဒီလူက ကိုပဲလေ ညီ"

"ဗျာ-- ဒါဆို ကျွန်တော်ရင်ထဲမှာ ဘာတွေရှိလဲဆိုတာ အကို အကုန်သိပြီးနှင့်ပြီပေါ့။ အကိုရယ် ဟုတ်ပါတယ်။ ကျွန်တော့်အကို့ကို အရမ်းချစ်ခဲ့တာပါ။ ကျွန်တော့်ကို အကိုအပါအဝင် လူတွေအားလုံးက ဝိုင်းပြောကြမှာစိုးလို့ ကျွန်တော်ထွက်ပြေးလာခဲ့တာပါဗျာ။ အကို့ကို ကျွန်တော် ချစ်ပါတယ်။ အရမ်းကို ချစ်ပါတယ်ဗျာ"

"ကိုလဲ မိုးငယ်ကို အရမ်းချစ်ပါတယ်။ အခုမှ မဟုတ်ပါဘူးကွာ။ မိုးငယ်ကို ပထမဆုံး စတွေ့တဲ့ နေ့ကတည်းကပါ မိုးငယ်ရယ်"

"အကို ဘယ်နေ့ပြန်မလဲ။ အကိုမပြန်ခင် ကျွန်တော် အကို့ကို လာတွေ့ပါဦးမယ်။ အကိုဘယ်မှာ တည်းလဲ"

"ကိုယ် သံလွင်ဟိုတယ်မှာပဲညီ။ အခြားဘာမှ မတွေးစေချင်ဘူး မိုးငယ်။ ကိုယ်နဲ့ လိုက်ခဲ့ပါနော်"

"ကျွန်တော် စဉ်းစားပါဦးမယ် အကိုရယ်။ ကျွန်တော် ဖြစ်လာမယ် ကိစ္စတွေကို ကျွန်တော်ရင်ဆိုင်ရဲလား မရဲဘူးလားဆိုတာ စဉ်းစားပါရစေ အကို။ ကဲ အခုတော့ ပြန်ကြရအောင် အကို။ မိုးချုပ်နေပြီ"

"ကောင်းပြီလေ။ ကိုယ် လိုက်ပို့ပေးမယ်။ ဘယ်မှာနေလဲ မိုးငယ်"

"ရတယ်အကို။ မပို့နဲ့တော့။ ကျွန်တော် ဒီနားမှာပဲနေတာ အကို မိုးချုပ်နေလိမ့်မယ်"

"မနက်ဖြန် ဘယ်အချိန် တွေ့မလဲညီ"

"ကျွန်တော် ဖုန်းဆက်လိုက်ပါ့မယ်အကို။ အကို့ နံပါတ် ကျွန်တော်သိပါတယ်"

"အိုကေ အိုကေ ကိုယ်သွားမယ်။ မနက်ဖြန် တွေ့မယ်နော်"

ကိုဒေးဗစ် အဲဒီကလေးကို နှုတ်ဆက်ပြီး ဟိုတယ်ရှိရာသို့ ပြန်လာခဲ့သည်။ ရင်ထဲမှာတော့ အတွေးပေါင်းများစွာဖြင့် အိပ်မပျော်နိုင်ခဲ့ပါ။ မနက်ဖြန်မှာ အဲဒီကလေးက ဘယ်လိုဆုံးဖြတ်မလဲ ဆိုတာကို ကိုဒေးဗစ် မသိနိုင်။ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ရှေ့ဆက်ရမယ် အချိန်မှာ ကြုံတွေ့ရမယ် ပြဿနာတွေ အများကြီးပဲ ရှိတာကိုလဲ ကိုဒေးဗစ်သိရက်နဲ့ အရှေ့တိုးလိုက်မိပြီဖြစ်သည်။ ရှေ့ဆက် ဘာဖြစ်မယ်ဆိုတာ အဲဒီကလေးရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်သည်။ ဘာပဲဖြစ်ဖြစ် အဲဒီကလေးကို ပိုင်ဆိုင်ရမယ်ဆိုရင် တန်ပါတယ်လို့ပဲတွေးပြီး ညတစ်ညကို စိုးရိမ်ကြီးစွာနဲ့ ကုန်ဆုံးစေခဲ့တာ ကိုဒေးဗစ်ပါ။

နောက်တစ်နေ့ မနက်ရောက်တော့ ညနေဆိုတာကို စောင့်ရပြန်သည်။ အဲဒီကလေးရှိရာ အင်တာနက်ဆိုင်ကို ရှာဖွေပြီး လိုက်သွားနိုင်သော်လည်း သူ့ကို အေးအေးဆေးဆေး စဉ်းစားစေချင်သည်။ ကလေးအနေနဲ့ အကောင်းဆုံးတော့ စဉ်းစားနိုင်မှာပါလို့ပဲတွေးပြီး နေ့လည်ဘက် အေးအေးဆေးဆေးနားကာ ညနေလေးနာရီလောက်မှာ တောင်ပေါ်ဘုရားပေါ်သို့ ထွက်လာခဲ့မိသည်။ မနေ့ကတွေ့တဲ့ လှေကား အတက်နားလေးမှာပဲ ထိုင်ရင်းနဲ့ စောင့်နေမိသည်။ မရရအောင် ခေါ်သွားမယ်လို့တွေးပြီး ရှေ့ဆက်ရမယ့် ဘဝအတွက် ကြိုပြီးရင်ခုန်နေမိသည်။ လူတွေအားလုံး လက်ခံလာအောင် တည်တည်ငြိမ်ငြိမ်နဲ့ သာယာတဲ့ ဘဝတစ်ခုဖြစ်အောင် တည်ဆောင်မည်ဆိုတဲ့ အတွေးတွေနဲ့ တောင်ကြီးမြို့ရဲ့ ညနေခင်းဟာ ပြီးပြည့်စုံလို့ နေပါသည်။

ညခုနှစ်နာရီ ကျော်တဲ့အထိ ပေါ်မလာတဲ့ အဲဒီကလေးကို၊ ကိုဒေးဗစ် ရင်ထဲမှာ ပူပင်မှုတွေအပြည့်နဲ့ သူလာမယ် လမ်းဘက်ကို မျှော်ရတာလဲ မောလှပါပြီ။ လာပါတော့ ကလေးရယ်။ ကိုယ့်ဘဝအတွက် မျှော်လင့်ချက်တွေကို ထပ်ပြီးဝေးအောင်တော့ မလုပ်ပါနဲ့တော့ကွာ။ ဘုရားရင်ပြင်ပေါ်မှာ လူတွေ တော်တော်ရှင်းသွားသည်အထိ ပေါ်မလာတဲ့ အဲ့ကလေးကို ကိုဒေးဗစ် နားမလည်နိုင်တော့ပါ။ ပတ်ဝန်းကျင်ကို ကြောက်တာလား။ ကိုယ့်ကိုယ် မယုံတာလား ကလေးရယ်။ လေးကန်တဲ့ ခြေလှမ်းတွေနဲ့ ဟိုတယ်ကိုပြန်ရောက်တဲ့ အချိန်မှာ ည ဆယ်နာရီ ကျော်နေပါပြီ။ မနက်ကျရင်တော့ အင်တာနက်ဆိုင်တွေမှာ လိုက်ရှာကြည့်ဦးမယ်ဆိုတဲ့ အတွေးနဲ့ အိပ်စက်ရင်း ည တစ်ညကို ထပ်ပြီးတော့ ကုန်ဆုံးရပြန်ပြီပေါ့ ကလေးရာ။

ပုန်းချင်တဲ့လူဟာ ရေမြေဆုံးအောင် ပုန်းမယ်ဆိုတာ သိလျက်နဲ့ ရှိများရှိနေမလားဆိုတဲ့ အတွေးနဲ့ အင်တာနက်ဆိုင်တွေကို နှံ့အောင်လိုက်မေးကြည့် မိပါသည်။ ညနေစောင်းမှ ရောက်သွားတဲ့ ဆိုင်တစ်ဆိုင်မှာတော့ ကလေးအကြောင်း သိခဲ့ရပါသည်။

ကိုမိုးငယ်ဆိုတာ ဒီဆိုင်မှာ အလုပ်လုပ်ခဲ့ကြောင်း ဒါပေမယ့် မနေ့ မနက်အစောကြီးက ထပြန်သွားကြောင်း၊ အလုပ်ပါ တစ်ခါတည်း ထွက်သွားကြောင်း သိခဲ့ရပြီး ကိုဒေးဗစ် ဟိုတယ်သို့ ပြန်လာခဲ့သည်။ ဘာတွေကို စိုးရွံ့ပြီး ကိုယ့်ကို ရှောင်ပြေးနေရတာလဲ ကလေးရယ်။

ဒါပေမယ့် ဒီတစ်ခါတော့ ကလေးကို ထပ်ပြီးတော့ အဆုံးရှံးမခံနိုင်တော့ဘူး။ ကိုယ်မရ ရအောင် ရှာမယ်ကလေး။ ကိုယ်ဘဝကို ထပ်ပြီး အဓိပ္ပါယ် မမဲ့ချင်တော့ဘူး ကလေး။

မနက်အစောကြီး နိုးနေခဲ့သော ကိုဒေးဗစ် မှောင်နေသဖြင့် နေထွက်တာကို ခဏစောင့်ပြီး ချက်ချင်းပင် ကလောကို ဆင်းလာခဲ့သည်။ ကြိုတင်တွေးထားသလိုပဲ သူအိမ်မှာလဲ မရှိပါ။ သူ့အိမ်ကို နီးစပ်ရာ မေးကြည့်ပေးပါဆိုတော့လဲ အားလုံးက မသိဘူးချည်း ငြင်းနေကြသည်။ ဒီအတိုင်းဆို လက်လျှော့ရမလို ဖြစ်နေပြီ ကလေးရယ်။

ကိုဒေးဗစ်မှာ ဘာမှစဉ်းစားမနေတော့ပဲ ကားကို ရန်ကုန်အထိ တောက်လျှောက်မောင်းချ လာခဲ့သည်။ ဘာပဲပြောပြောကွာ မိုးငယ်ကို မပိုင်ဆိုင်ရပေမယ့် ကိုယ် မိုးငယ်ဆီက အချစ်တော့ ရခဲ့ပြီးပြီလေ။ နှစ်ယောက်တစ်ဘဝ တည်ဆောင်ချင်တာကတော့ မဖြစ်နိုင်တော့ဘူးပေါ့ကွာ။

ရန်ကုန်ပြန်ရောက်တော့လဲ ခွင့်ရက်က ကျန်သေးသဖြင့် ရုံးမသွားသေးပဲ အိမ်မှာပဲ အတွေးတွေနဲ့ နောင်တတွေ ရနေမိသည်။ သူ အလုပ်ထွက်မယ် ဆိုကတည်းက ပေးမထွက်ပဲ မရရအောင်တားပြီး ကလေးကို ကြိုးစားမည်ဆိုရင် ဖြစ်နိုင်ကောင်းပါရဲ့ ဆိုတဲ့အတွေးမျိုးတွေနဲ့ နောင်တတွေ ရနေမိသည်။ ညနေကျရင်တော့ ကလေးနေခဲ့တဲ့ လှည်းတန်းက အဆောင်ဘက်မှာ သွားစုံစမ်းဦးမယ်။ ရန်ကုန်က သူငယ်ချင်းတွေဆီကိုလဲ ပြန်လာချင် လာနိုင်တယ်လေ။

အန်တီရေ ဒီအဆောင်မှာနေသွားတဲ့ မိုးငယ် ဆိုတာလေ မှတ်မိလားမသိဘူး။ သူ့ သူငယ်ချင်း တစ်ယောက်ယောက်နဲ့ တွေ့လို့ရမလားဟင်"

"မိုးငယ် သူငယ်ချင်းတွေတော့ ခုမရှိသေးဘူးသား။ အလုပ်ကနေ ပြန်မရောက်ကြသေးဘူး။ မိုးငယ်တော့ ရှိတယ်လေ ခေါ်ပေးရမလား"

"ဗျာ သူရှိတယ် ဟုတ်လား။ တွေ့ပါရစေ အန်တီ။ ခဏလောက် ခေါ်ပေးပါလားဟင်"

"ကျွန်တော် ရှိပါတယ်အကို။ အကို့ကားကိုတွေ့လို့ ဆင်းလာတာ။ အပြင်သွားရအောင် ကန်ဘောင်ဖြစ်ဖြစ်"

အပေါ်ထပ်မှ ဆင်းလာသော မိုးငယ်။ ပါတီညမှာ သီချင်းဆိုတုန်းက ဝတ်တဲ့ ဂျင်းဘောင်းဘီအပြဲနဲ့ အပေါ်က တီရှပ်လေးဝတ်ပြီး ဆင်းလာတဲ့ မိုးငယ် ရင်ထဲမှာ တီးတိုးဆိုမိသည်။ ကိုယ့်ကို ထပ်ပြီးတော့ မထားခဲ့ပါနဲ့တော့ ကလေးရယ်။

"သွားရအောင်လေ မိုးငယ်"

အဆောင်ရှင် အန်တီကြီးကို နှုတ်ဆက်ပြီး အဲဒီကလေးနဲ့ နှစ်ယောက်သား ကန်ဘောင်ဘက်ကို ထွက်လာခဲ့သည်။ ရင်ဘက်ထဲမှာတော့ စကားလုံးတွေ အပြည့်နဲ့ပေါ့။

"မိုးငယ်ကို ကြိုပြီးတောင်းပန်ပါရစေ။ ဒီတစ်ခါ ကိုယ့်ကို ထပ်ပြီးတော့ ထားမသွားပါနဲ့တော့ကွာ။ ကိုယ်တကယ် မခံစားနိုင်လို့ပါ"

"ကျွန်တော်က ပြန်တောင်းပန်ရမှာပါ အကို ကျွန်တော့်ကို ချစ်ပါတယ် ဆိုတဲ့စကားကို တည်ပေးပါလို့။ ကျွန်တော်လည်း အကိုမရှိရင် မနေနိုင်တော့လို့ ပြန်လိုက်လာတာပါ အကို။ ကျွန်တော် အကို့ကို အရမ်းချစ်တယ်ဗျာ"

ပြောနေရင်း ဆိုနေရင်းနဲ့ မျက်ရည်တွေကျလာပြီး ကားပါကင်ဝင်းထဲမှာပဲ တစ်ယောက်ကိုတစ်ယောက် တင်းကျပ်စွာ ဖက်ထားလိုက်မိသည်။ အခုအခြေအနေက တစ်ယောက်ကိုတစ်ယောက် ဘာစကားမှ ပြောဖို့ကိုမလိုအောင် ပြီးပြည့်စုံ လွန်းလှသည်။ အားလုံးက လက်ခံနိုင်အောင် ကြိုးစားပြီး နေပြဖို့ပဲ လိုတော့သည်။

အင်းလျားကန်ဘောင်က ညနေခင်းသည် အဓိပ္ပါယ်များစွာ ရှိခဲ့ဖူးပါသည်။ အဲဒီလို အဓိပ္ပါယ်များစွာ ပြည့်စုံဖူးခဲ့တဲ့ အင်းလျားကန်ဘောင်လေးဟာ ကိုဒေးဗစ်နဲ့ မိုးငယ်တို့ရဲ့ ချစ်ခြင်းတွေပါ ထပ်ပြီး ပေါင်းဖြည့်လိုက်တဲ့ အချိန်မှာတော့ ဟိုးအဝေးက ကန်တင်း စားသောက်ဆိုင်လေးတွေကနေ လွင့်ပျံလာခဲ့တဲ့ ဆုန်းသင်းပါရ်ရဲ့ သီချင်းသံလေး "အကြင်နာ တကယ်စစ်ရင် အသွားနဲ့အပြန်ရှိမှာ" တဲ့။

စက်ရာ

၁၀၊ နိုဝင်ဘာလ၊ ၂၀၁၁ ခုနှစ်။

http://www.coloursrainbow.com/articles/2010-09-20-04-28-13/604-2011-11-10-06-00-26.html

2 comments:

harry casey said...

Hey Alex, I would like to say thanks a lot for your love story. That story gave me pleasure and sad because it was happened to me in my past time. I hope, I am looking forward to read more love stories from you.

Kind Regards,
Harry

Hein Htut Zann said...

beautiful ending.