Saturday, November 19, 2011

Transgender တွေအကြောင်း သိကောင်းစရာများ

Transgender ဆိုတာ ဘယ်သူတွေကို ခေါ်တာလဲ။

Transgender ဆိုတဲ့ အင်္ဂလိပ်ဝေါ်ဟာရစကားလုံးက ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲဝတ်ဆင်နေထိုင်တဲ့ သူတွေကို ပြောတာဖြစ်ပါတယ်။ ကျနော်တို့ မြန်မာလိုပြောရရင်တော့ ဥပမာ- ယောက်ျားလေးဆိုရင် မွေးလာတုန်းကတော့ ယောက်ျားလိင်အင်္ဂါနဲ့ပါပဲ။ ဒါပေမယ့်လို့ သူ့ရဲ့ တကယ့်သဘာဝ လိင်စိတ်ခံယူမှု အစစ်အမှန်ကတော့ မိန်းကလေးလိုပဲခံယူတယ်၊ မိန်းကလေးလိုပဲ ၀တ်စားနေထိုင် ပြုမှုချင်တဲ့သူပေါ့။ မိန်းကလေးဆိုလည်း ထိုနည်းလည်းကောင်းပါပဲ မွေးလာတုန်းကတော့ မိန်းမလိင်အင်္ဂါနဲ့ပါ ဒါပေမယ့် လိင်စိတ်ခံယူမှုကတော့ လုံးဝသဘာဝအတိုင်း ယောက်ျားလေးလိုပဲ နေထိုင်ပြုမှုဝတ်စားဆင်ရင် ချင်သူတွေပါ။

Transgender တွေကို ကျနော်တို့မြန်မာ့လူမှုအသိုင်းအ၀ိုင်းရဲ့ အရပ်စကားနဲ့ ပြောရမယ်ဆိုရင်တော့ အပွင့်မ၊ ဂျီမတွေနဲ့ ယောက်ျားလျာလေးတွေကို ပြောချင်တာပါ။ အနှစ်ချုပ်ပြောရမယ်ဆိုရင် ဆန့်ကျင်ဖက်လိင်လို ၀တ်စားဆင်ရင်နေထိုင်တဲ့သူတွေအားလုံးကို ခြုံငုံပြီးတော့မှ အင်္ဂလိပ်လို Transgender လို့ သုံးနှုန်းလိုက်တာ ဖြစ်ပါတယ်။

မှတ်ချက် ။ ။ Transgender တိုင်းဟာ လိင်တူချင်းစိတ်ဝင်စားတဲ့သူတွေ မဟုတ်ပါဘူး။ တချို့ အမျိုးသားတွေ၊ အမျိုးသမီးတွေ ဆန့်ကျင်ဖက်လိင်လို ၀တ်စားဆင်ယင်နေထိုင်ပေမယ့်လို့ ယောက်ျားချင်း၊ မိန်းမချင်း စိတ်မ၀င်စားတဲ့သူတွေ အများအပြာရှိပါတယ်။


Cross Dresser ဆိုတာကရောဘယ်သူတွေလဲ။

Cross Dresser ဆိုတာကလည်း ဆန့်ကျင်ဖက်လိင်လို ၀တ်စားဆင်ယင်နေထိုင်တဲ့သူတွေကို ဆိုလိုတာဖြစ်ပါတယ်။ အထက်ကပြောခဲ့သလိုပဲ Cross Dresser တိုင်းက လိင်တူစိတ်ဝင်စားတဲ့သူတွေ မဟုတ်ပါဘူး။

Drag Queen ဆိုတဲ့သူတွေကရော ဘယ်သူတွေလဲ။

Drag Queen ဆိုတာကလည်း ဆန့်ကျင်ဖက်လိင်လို ၀တ်စားဆင်ယင်နေထိုင်တဲ့သူတွေကို ဆိုတာပဲဖြစ်ပါတယ်။ ဒါပေမယ်လို့ များသောအားဖြင့် Drag Queen ဆိုတဲ့စကားလုံးက ယောက်ျားလေးကနေ မိန်းကလေးတယောက်လို ၀တ်စားဆင်ယင်နေထိုင်တဲ့ သူတွေကိုသာ ခိုင်းနှိုင်းခေါ်ဆိုထားတဲ့ စကားလုံးပါ။ အထူးသဖြင့် Drag Queen ဆိုတဲ့ စကားလုံးကို စင်မြင့်ဖျော်ဖြေပွဲတွေမှာ ဖျော်ဖြေတင်ဆက်လေ့ရှိတဲ့ အပွင့်မတွေ၊ ကချေသည်၊ ကားဗရက်ရှိုးတွေထဲကလို အကမယ်တွေကို ခေါ်ဆိုတာများပါတယ်။

မြန်မာပြည်မှာဆိုရင်တော့ တေးဆို၊ တေးသရုပ်ဖော် အနုပညာစွမ်းရည်ကို အသုံးပြုပြီး ရှောက်သီးဆေးပြားရောင်းတဲ့ အပွင့်မတွေကိုလည်း ခေါ်လို့ရမယ်ထင်ပါတယ်။ သတိထားစရာတချက်က Drag Queen တိုင်းသည်လည်း လိင်တူချစ်သူမဟုတ်ပါ။ အချို့သော အမျိုးသားတွေဟာ လိင်တူချစ်သူ မဟုတ်ပေမယ့် Drag Queen လိုဝတ်စားဆင်ယင်ပြီး ဖျော်ဖြေတင်ဆက်မှုအတတ်ပညာကို ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ်တခုအနေနဲ့ ရွေးချယ်ပြီး ရုန်းကန်လှုပ်ရှားနေတဲ့သူတွေလည်း ရှိပါတယ်။

Transgender တွေကို ဘာကြောင့်ခွဲခြားဆက်ဆံကြတာလဲ။ အဓိကအကြောင်းအရင်းကဘာလဲ။

ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲဝတ်ဆင်နေထိုင်တဲ့ သူတွေကို ခွဲခြားဖိနှိပ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်ကြဖို့ရန်အတွက် တွန်းအားပေးနေတဲ့ အဓိကအကြောင်းအရင်းကတော့ လူမှုအသိုင်းအ၀ိုင်းတွေက ယုံကြည်လက်ခံထားတဲ့ "လူ့လောကမှာ မိန်းမနဲ့ ယောက်ျားဆိုတဲ့ လိင်နှစ်မျိုးပဲရှိတယ်" ဆိုတဲ့ အတွေးအခေါ်ကနေ စတင်တာဖြစ်တယ်လို့ ဆိုရမှာပါ။ ကလေးတယောက်မွေးလာပြီဆိုရင်ပဲ သူ့ရဲ့လိင်အင်္ဂါကိုကြည့်ပြီးတော့ ချက်ချင်းဆိုသလို လူမှုအသိုင်းအ၀ိုင်းက သတ်မှတ်ထားတဲ့ ယောက်ျား၊ မိန်းမဆိုတဲ့ ပုံစံခွက်ထဲကို သွတ်သွင်းလိုက်ကြတာဖြစ်ပါတယ်။

အဲဒီအချိန်ကစပြီး လူတွေဟာ ကိုယ်ရဲ့ဆန္ဒပါသည်ဖြစ်စေ မပါသည်ဖြစ်စေ လူမှုအသိုင်းအ၀ိုင်းက သတ်မှတ်ထားတဲ့ ယောက်ျား၊ မိန်းမဆိုတဲ့ စံနှုန်းသတ်မှတ်ချက်တွေနဲ့ကိုက်ညီအောင် ကိုယ်ရဲ့အတွေးအခေါ်၊ အပြုအမူ၊ ၀တ်စားဆင်ယဉ်မှု၊ နေထိုင်သွားလာမှု စသဖြင့် အစစအရာရာအားလုံးကို လူ့အသိုင်းအ၀ိုင်းနဲ့ အံဝင်ဂွင်ကျဖြစ်အောင်ဆိုပြီး ကြိုးစားအသက်ရှင်ကြရတော့တာပါ။

အဲဒီပုံစံခွက်တွေထဲကမှ အဆိုးဝါးဆုံးသော ပညတ်ချက်တွေကတော့၊ ဘယ်လိုလူမျိုးကိုပဲ ချစ်သင့်တယ်၊ ဘယ်လိုလူမျိုးနဲ့မှ အတူလက်ထပ်ထိမ်းမြား ပေါင်းသင်းနေထိုင်သင့်တယ်၊ ဘယ်လိုလူမျိုးတွေနဲ့မှ ချစ်တင်းနှောသင့်တယ်ဆိုပြီး သတ်မှတ်ချက်ပေးလိုက်တာပါပဲ။ ဒီသတ်မှတ်ချက်တွေဟာ နှစ်တွေကြာလာတော့ သဘာဝတရားတခုလို ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီသတ်မှတ်ချက်တွေဟာ အချိန်တိုင်း၊ နေရာတိုင်း၊ လူတိုင်းအတွက် အမြဲတစေမှန်ကန်နိုင်တဲ့အရာတွေတော့ ဖြစ်မနေပါဘူး။

အမှန်တကယ်မှာတော့ လောကကြီးမှာ မိန်းမနဲ့ ယောက်ျားဆိုတဲ့ လိင်စိတ်ခံယူမှုနှစ်မျိုးပဲရှိတယ်ဆိုတဲ့ လက်ခံယုံကြည်ချက်နဲ့ ယောက်ျား၊ မိန်းမအတွက် လူမှုအသိုင်းအ၀ိုင်းကနေ လက်ခံယုံကြည် သတ်မှတ်ထားတဲ့ အတွေးအခေါ်စံနှုန်းစံထားတွေဟာ လုံးဝသက်သက်စင်အောင်ကို လွဲမှားနေတဲ့ အတွေးအခေါ်ယုံကြည်မှုတရပ် ဖြစ်နေပါတယ်။

အဲဒီမှားယွင်းတဲ့ အတွေးအခေါ်ယုံကြည်မှုကပဲ ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲဝတ်ဆင်နေထိုင်တဲ့ သူတွေအပေါ် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အရသော်လည်းကောင်း၊ နည်းမျိုးစုံသော ခွဲခြားဖိနှိပ် ညှင်ပန်းနှိပ်စက် သတ်ဖြတ်မှုတွေ ဖြစ်ပေါ်လာစေဖို့ရန်အတွက် အဓိကတွန်းအားတခု ဖြစ်လာစေခဲ့တာဖြစ်ပါတယ်။

Transgender Day of Remembrance (TDoR) တီဒေါးဆိုတာဘာလဲ။

ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲဝတ်ဆင်နေထိုင်သူများ (Transgender) အတွက် အမှတ်တရနေ့ (တီဒေါး) ဆိုတာ ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲဝတ်ဆင်နေထိုင်သူတွေကို မုန်းတီးတဲ့သူတွေရဲ့ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခြင်းကိုခံခဲ့ရတဲ့ ကမ္ဘာတလွှားက Transgender တွေကို အောက်မေ့သတိရတဲ့ နေ့ရက်တရက်ဖြစ်ပါတယ်။ အမှတ်တရနေ့ဖြစ်တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့ရောက်တိုင်း ကမ္ဘာတလွှားမှာရှိတဲ့ လိင်တူချင်းချစ်သူတွေနဲ့ လူ့အခွင့်အရေးလေးစားလိုက်နာသူတွေက အောက်မေ့သတိရတဲ့ အထိမ်းအမှတ်အနေနဲ့ နှစ်စဉ်နှစ်တိုင်းကျင်းပကြတာ ဖြစ်ပါတယ်။ ဒီလိုကျင်းပလာခဲ့ကြတာ ဒီနှစ်နဲ့ဆို ၁၃ နှစ်တိုင်တိုင် ပြည့်ခဲ့ပြီးဖြစ်ပါတယ်။

ဘာကြောင့် နိုဝင်ဘာ ၂၀ ရက်ကို တီဒေါးနေ့အဖြစ် သတ်မှတ်ရတာလဲ။

လူ့သမိုင်းတလျောက်မှာ ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲဝတ်ဆင်နေထိုင်သူတွေကို ကွတ်မြက်သတ်ဖြတ်လာခဲ့ကြတဲ့ အဖြစ်အပျက်တွေ အများအပြာရှိခဲ့ကြပါတယ်။ ဒါပေမယ့် ဒီလိုလူမျိုးတွေကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်တွေကိုတော့ လူမှုပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက သဘာဝတရားအတိုင်း ဖြစ်သင့်တဲ့ကိစ္စရပ်တခုလိုပဲ လစ်လျူရှုခဲ့ကြပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၁၉၉၈ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ အမေရိကန်နိုင်ငံ မက်ဆက်ချူးဆက်ပြည်နယ်၊ သြောစတန်မြို့က ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲဝတ်ဆင်နေထိုင်သူ ရီတာ ဟက်စတာ (Rita Hester) ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတဲ့ အချိန်ကနေစပြီးတော့ အမေရိကန်နိုင်ငံမှာရှိတဲ့ လိင်တူချင်းချစ်သူများ အခွင့်အရေးအတွက် လှုပ်ရှားဆောင်ရွက်နေသူတွေက ဒီလိုအဖြစ်အပျက်တွေ အနာဂတ်မှာ ဆက်မဖြစ်ဖို့ရန်အတွက် ရည်ရွယ်ပြီး နိုဝင်ဘာ ၂၀ ရက်နေ့ရောက်တိုင်း ဖယောင်တိုင်မီးထွန်းပြီး ဆန္ဒပြုကြရာကနေ ဒီအမှတ်တရနေ့ ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ အခုအခါမှာတော့ နှစ်စဉ်နှစ်တိုင်း ကမ္ဘာတ၀ှမ်းမှာရှိတဲ့ နိုင်ငံပေါင်း ၈၀ ကျော်မှာ ဒီအထိမ်းအမှတ်နေ့ကို အမှတ်တရ ကျင်းပပြုလုပ်လျက် ရှိနေကြပြီဖြစ်ပါတယ်။

Transgender တွေဘယ်လိုညှင်းဆဲနှိပ်စက် သတ်ဖြတ်ခံခဲ့ကြရပါသလဲ။

ဆန့်ကျင်ဖက်လိင်လို ၀တ်စားဆင်ယင်နေထိုင်တဲ့သူတွေဟာ တခြားသာမန်လူတွေ သတ်ဖြတ်ခံရတာထက် ဆိုးရွားတဲ့ နည်းလမ်းမျိုးပေါင်းစုံနဲ့ အသတ်ခံခဲ့ကြရတာဖြစ်ပါတယ်။ အဲဒီနည်းလမ်းတွေကတော့ နောက်ကျောကနေ ဓါးနဲ့အကြိမ်ကြိမ်ထိုးခံရခြင်း၊ လည်လှီးခံရခြင်း၊ မုဒိမ်းကျင့်ခံရခြင်း၊ စံပြအနေနဲ့ ကြိုးဆွဲချသတ်ဖြတ်ခံရခြင်း၊ ရည်ရွယ်ချက်ရှိရှိ ကားနဲ့တိုက်သတ်ခံရခြင်း၊ လိင်အင်္ဂါဖြတ်တောက်ခံရခြင်း၊ ကာလီဘိုင်ကဲ့သို့သော လက်နက်များဖြင့် အပြစ်သတ်ခံရခြင်း၊ သေနတ်ဖြင့် အကြိမ်ကြိမ်ပစ်သတ်ခံရခြင်း၊ ဘေ့စ်ဘော လက်ကိုင်တုတ်ဖြင့် အကြိမ်ကြိမ် ရိုက်နှက်သတ်ဖြတ်ခံရခြင်း၊ ကားနဲ့ဒရွတ်တိုက်ဆွဲ၍သတ်ဖြတ်ခံရခြင်း၊ မီးရှို့သတ်ဖြတ်ခံရခြင်း အစရှိတဲ့နည်းလမ်းတွေဟာ ဆန့်ကျင်ဖက်လိင်လို ၀တ်စားနေထိုင်တဲ့သူတွေ ဒီကနေ့ တွေ့ကြုံခံစားနေရတဲ့ အန္တရာယ်တွေထဲက အနည်းအကျဉ်းမျှသာ ဖြစ်ပါတယ်။

ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲဝတ်ဆင်နေထိုင်တဲ့အတွက် အသတ်ဖြတ်ခံခဲ့ရတဲ့ လူတွေရဲ့စာရင်းကို ဒီအင်တာနက် စာမျက်နှာမှာ လေ့လာဖတ်ရှုနိုင်ပါတယ်။

http://www.rememberingourdead.org/about/core.html

Transgender တွေနဲ့ပတ်သက်လို့ ဒီကနေ့ကမ္ဘာမှာရော ဘယ်လိုတွေ ဆက်ဖြစ်နေသေးလဲ။

"Transrespect versus Transphobia Worldwide" အဖွဲ့က ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲဝတ်ဆင်နေထိုင်သူတွေနဲ့ ပတ်သက်လို့ ၄င်းတို့ရဲ့ သုတေသနပြုလုပ်ခဲ့တဲ့ ထုတ်ပြန်ကြေညာချက်တခုကို ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီကြေညာချက်မှာ ဖော်ပြသွားတာကတော့ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ကနေစပြီး ၂၀၁၁ စက်တင်ဘာလအထိ ပြုလုပ်ခဲ့တဲ့ သုတေတန လေ့လာချက်အရ လေးနှစ်တာကာလအတွင်း ကမ္ဘာတလွှားမှာ ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲနေထိုင်တဲ့သူတွေ ဖြစ်တဲ့အတွက်ကြောင့် သတ်ခံလိုက်ရတဲ့အမှု စုစုပေါင်း ၆၈၁ မှု ရှိခဲ့တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲဒီထက်ပိုပြီး ၀မ်းနည်းစရာကောင်းတာကတော့ ၂၀၁၁ ခုနှစ်မှာဆိုရင် ပထမကိုးလအတွင်းမှာတင် အသတ်ခံခဲ့ရတဲ့ Transgender အရေအတွက် စုစုပေါင်း ၁၁၆ မှု ရှိခဲ့တယ်လို့ TvT အဖွဲ့က ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။

TDoR နေ့ကို ဘယ်လိုကျင်းပကြလဲ။

နိုင်ငံတကာမှာ TDoR နေ့ရောက်ရင် သေဆုံးသွားခဲ့တဲ့ ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲဝတ်ဆင်နေထိုင်တဲ့ သူတွေကို အောက်မေ့သတိရတဲ့အနေနဲ့ ဖယောင်းတိုင်ဆီမီးထွန်းညှိပြီး အသိအမှတ်ပြု ကျင်းပလေ့ရှိကြတာ ဖြစ်ပါတယ်။

"လူသားတိုင်း တူညီတဲ့ လူ့ဂုဏ်သိက္ခာနဲ့ အခွင့်အရေး ရှိတယ်ဆိုတာကို လက်ခံရင် ဒီနေ့ရက်ရောက်တိုင်း ဖယောင်းတိုင်ဆီမီးထွန်းညှိပြီး ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွဲကြပါစို့"

သက်တံ့အယ်ဒီတာအဖွဲ့။ နိုဝင်ဘာလ ၁၉ ရက်နေ့၊ ၂၀၁၁ ခုနှစ်။

Credit: http://www.coloursrainbow.com/articles/2010-09-20-04-29-31/609-transgender--.html

No comments: