Saturday, November 12, 2022

“အေးစက်စက်ညတွေကို တမင်ဖြတ်သန်းခြင်း”

“အေးစက်စက်ညတွေကို တမင်ဖြတ်သန်းခြင်း”




ပြတင်းတံခါးကို တင်းတင်းစေ့အောင်မပိတ်ဘဲ ခပ်ဟဟဖွင့်၊

အရေပြားကို ဓားသွားနဲ့ထိုးသလို စူးရှစေတဲ့ လေအေးအေးတွေ တိုးဝင်လာတာကို အမှုမဲ့အမှတ်မဲ့ထား၊

မကြာခင် လှဲအိပ်တော့မယ် အိပ်ရာထက်က စောင်တွေ ခေါင်းအုံးတွေ မနွေးထွေးတော့မှာကို လစ်လျူရှု၊

လေအေးစက်ကို မဖွင့်သော်လည်း အေးစက်နေတဲ့ ညတစ်ည ပြန်ရောက်လာမှာကို မှောင်ရီပျိုးချိန်ကတည်းက

စောင့်နေမိတဲ့ ကျွန်တော့်ရဲ့ ကိုယ်ခန္ဓာဟာ ပူလောင်နေတဲ့ စိတ်သောကကို မယှဉ်နိုင်ခဲ့ပါဘူး။


မိသားစု၊ မိတ်ဆွေအပေါင်းအသင်း၊ ချစ်ရခင်ရသောသူတွေ စုဆုံကြမယ့် ခရစ္စမတ်ရုံးပိတ်ရက်တွေ၊

ကိုယ်ချစ်သူ ခင်သူ မြတ်နိုးရသူတွေလာရင် သူတို့စားဖို့ သူတို့အတွက် လက်ဆောင်ပေးဖို့ ဝယ်ခြမ်းပြင်ဆင်ကြမယ့်အချိန်တွေ၊

ကိုယ့်အိမ်အတွင်း အပြင်သာမက အခန်းအတွင်းမှာပါ ခရစ္စမတ်ရနံ့သင်းထုံပြီး အမှတ်ရစေတဲ့ အပြင်အဆင်တွေ တန်ဆာဆင်ရမယ့်၊

Christmas Carol Songs တွေ ကိုယ့်အနီးအနားဝန်းကျင်မှာ ကြားရ နားဆင်ရမယ့် ညတွေ၊ 

အားလုံး အားလုံးကို အဆက်အသွယ်ပြု  အချိန်းအချက်လုပ်ကြရမယ့် ကာလမှာ ကျွန်တော်ဟာ ဘယ်သူ့ရဲ့ အဆက်အသွယ် ပြုလုပ်လာမှုကို စောင့်နေမိပါလိမ့်။


ပူနွေးစေခဲ့တဲ့ ရင်ခွင်တွေကို မျှော်လင့်နေသလား၊

တိမ်းမူးစေတဲ့ ပြောစကားတွေကို နားဆင်ချင်နေသလား၊

ချိုမြိန်စေမယ့် အစားအသောက်တွေကို အတူစားသုံးဖို့ ငတ်မွတ်နေသလား၊

အတူသွားလာ လည်ပတ်ခဲ့တဲ့ နေရာဒေသတွေရဲ့ အငွေ့အသက်ကို ပြန်ခိုလှုံချင်နေသလား၊

‘December မှာပြန်လာမယ်’ ဆိုတာကို အခုထိယုံကြည်နေဆဲ ကျွန်တော်ဟာ မရေရာတဲ့အတွေးတွေထဲ နစ်မြုပ်နေတာပဲနော်။


အခန်းတံခါးကို တင်းတင်းစေ့အောင် ပိတ်ရုံမက ကန့်လန့်ပါထိုးလိုက်တယ်၊

အခန်းထဲက မီးပွင့်တွေကို တစ်ပွင့်မကျန် အကုန်ပိတ်ပစ်လိုက်တယ်၊

ဖရိုဖရဲမဖြစ်သော်လည်း ပိုမိုသပ်ရပ်အောင် အိပ်ရာခင်းကို သေချာဆွဲဆန့်လိုက်တယ်၊

လေဝင်လေထွက်ကောင်းအောင် လေအေးစက်ကို နံပါတ်အပြောင်းအလဲတွေလုပ်ကာ လာဗင်ဒါရနံ့ Deodorant Bag အသစ်လေး တစ်ခုချိတ်လိုက်တယ်၊

ပြီးတော့ အိမ်အပြင်ကိုထွက် သော့သေချာပိတ်ရင်း မနီးမဝေးက ရေကန်အစပ်ရှိရာ ညအချိန်ကြီး လှမ်းမိခဲ့ပါရောလား။


ရေမှုန် နှင်းမှုန်တွေ စိုလူးအေးစက်နေတဲ့ မြက်ကမ္ဗလာပေါ်ကို အခင်းမပါပဲ လဲလျောင်း၊ 

လမထွက်လို့ ကြယ်လေးတွေသာ မှိတ်တုတ်မှိတ်တုတ် လင်းနေတဲ့ ကောင်းကင်ကြီးကို ငေးမော၊

ခါတိုင်း လေအေးတိုက်ရင် အအေးပတ်မှာစိုးရိမ်တဲ့ စိတ်ဟာ ညမွှေးပန်းရနံ့စွက်တဲ့ သန်းခေါင်ယံလေကို ရှူရှိုက်ရင်း အဝေးကိုပြေး၊

ဖျောက်ကနဲ ဖျောက်ကနဲ ပေါက်ကနဲ ပေါက်ကနဲ ကျလာတဲ့ နှင်းစက်တွေဟာ ကျွန်တော့် တကိုယ်လုံးပေါ် ခုန်စင်းနေတာများ

အေးစက်လှပါရော၊

ရုတ်ခြည်း စိတ်ထဲ ငြိမ်းအေးသွားကာ တအိအိ အိုက်ငိုက်လာတယ် အိပ်စက်ပစ်ရမလား ထပြန်ရမလား မသည်းကွဲဘူး။


ဟင့်အင်….မပြန်သေးဘူး၊

အင်း…..ပြန်မယ်ကွာ၊

Shhhh….အတော်အေးလာပြီ၊

ဟား….ဟား….ဟား….ဟား။


Alex Aung (12 November 2022)

No comments: